ပင်လယ်ပြာနှင့် တံငါအို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပင်လယ်ပြာနှင့် တံငါအို။

 

ကမ္ဘာကျော် အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး နောက်ဆုံးရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပြီး တံငါသည်တစ်ယောက်ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ ဘဝကို ဖွဲ့နွဲ့ထားတာကို ဆရာမောင်ဆုရှင်က ဘာသာပြန်ခဲ့တဲ့ စာအုပ်ပါ။

ဝတ္ထုထဲမှာ တံငါအဖိုးအိုဟာ လှေငယ်တစင်းနဲ့ ပင်လယ်ထဲမှာ တကိုယ်တည်း ငါးဖမ်းလေ့ရှိတဲ့ တံငါသည်တစ်ယောက်ပါ။ရက်ပေါင်း ၈၄ ရက်မျှ ငါးဖမ်းထွက်ခဲ့ပေမယ့် ငါးတကောင်မှ မရခဲ့တဲ့သူပါ။

ပထမ ရက်၄၀ လူငယ်လေးတစ်ယောက် အဖေါ်ပါခဲ့ပေမယ့် အဖိုးကြီးက လှေဦးမစိုဘူးဆိုပြီး သူ့မိဘတွေက အဖိုးကြီးနဲ့ မလိုက်စေတော့ဘူး။
ဒါနဲ့ အဖိုးကြီး တယောက်တည်း လှေလေးတစင်းနဲ့ ပင်လယ်ထဲငါးဖမ်းထွက်ခဲ့တယ်။

အဖိုးကြီးဟာ ငါးကြီးတစ်ကောင်ကို မိခဲ့တယ်။ ငါးကြီးကို သူမြင်လိုက်ရတဲ့အချိန်မှာ ‌သူ့လှေထက်တောင် နှစ်ပေလောက်ပို‌ရှည်နေပါသေးသတဲ့။ ငါးကြီးကလည်း ခွန်အားကလည်းကြီး ဇွဲကလည်းသန်ဆိုတော့ မိနေပေမယ့်လည်း ရက်အတန်ကြာတဲ့အထိ အရှုံးမပေးပဲ သူ့လှေကိုပါ ရေနက်ပိုင်းထဲ ဆွဲခေါ်သွားခဲ့ပါတယ်။
နောက်ဆုံးမတော့ ရေပေါ်တက်လာတဲ့ငါးကြီးကို အဖိုးကြီးက အပြီးသတ် ဇီဝိန်ချွေနိုင်ခဲ့တယ်။ သူ့လှေကလေးထက်ကို ပိုရှည်ပိုကြီးနေတဲ့ ငါးကြီးကို လှေပေါ်မတင်နိုင်ပဲ ဘေးကပ်လျှက်တွဲချည်ပြီး ကမ်းခြေကိုပြန်ခဲ့တယ်။

ငါးကြီးဖမ်းမိထားတဲ့အချိန် ငါးကြီးအသား‌တွေကို လာဖဲ့စားနေတဲ့ ငါးမန်းတွေကို ခုခံတိုက်ခိုက်ရင်း ငါးထိုးတဲ့ မှိန်းတစ်ချောင်းလည်း ဆုံးရှုံးခဲ့ရသေးရဲ့။
အိမ်အပြန်ခရီးမှာ ‌သူ့လှေနဲ့ တွဲချည်နှောင်ထားတဲ့ ဖမ်းမိလာတဲ့ငါးကြီးကို ငါးမန်းတွေက ဝိုင်းကိုက်စားတာခံခဲ့ရပြီး အရိုးချည်းသာကျန်လေတော့တဲ့ ငါးကြီးနဲ့ပဲ ကမ်းကပ်ခဲ့ရတယ်။

နောက်ဆုံး ငါးအရိုးစုကြီးဟာ အသုံးမဝင်တဲ့ အမှိုက်သရိုက်အနေနဲ့ ပင်လယ်လှိုင်းနဲ့အတူ မျောပါပျောက်ကွယ်သွားမှာကတော့ အသေအခြာပါပဲ။
တံငါအဖိုးကြီး ပင်လယ်ရက်ရှည်ကာလ အဆုံးသတ်မှာ သူ့အတွက် ဘာတွေများ ရခဲ့ပါသလဲ။ သူ့အကျိုးအမြတ်အတွက် ရောင်းချစရာ အသားတွေ လုံးဝ မကျန်ရစ်တော့တဲ့ ဒီငါးအရိုးစုကြီးပဲလား။ ဒီ့ထက်ပိုပြီး ဘာတွေများရှိဦးမှာလဲ။

မြန်မာနိုင်ငံသားတွေဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတွေ ကြိုးစားနေကြတာ နောက်ဆုံးဘာတွေ ကျန်ရစ်ခဲ့မှာလဲ။
ငါတို့တတွေဟာ ရပ်တန့်နေတဲ့ အခက်အခဲကြီးကို ‌တွန်းရွေ့နိုင်ခဲ့တယ်၊ ပြောင်းလဲနိုင်ခဲ့တယ်၊ စွမ်းဆောင်နိုင်ခဲ့ကြတယ်၊ အနာဂါတ် မျိုးဆက်သစ်တွေအတွက် တာဝန်ကြေခဲ့ကြတယ်ဆိုတဲ့ ရင်ထဲက ကိုယ်စီဖြစ်လာမယ့် ပီတိနှစ်သက်ခြင်းတွေဟာ တံငါသည်အဖိုးအိုလိုပဲ လောကကြီးကိုသက်သေပြနိင်ပါလိမ့်မယ်။
ငါးအရိုးစုကြီးလို ပင်လယ်ရေစီးကြောင်းနဲ့ ပျောက်ကွယ်သွားမှာကတော့ အာဏာရှင်တွေရဲ့ ပလွှားဝင့်ကြွား နေခဲ့တဲ့ ကံကြမ္မာတွေသာ ဖြစ်ရလေမကွဲ့။

 

ပန်းချီ စံတိုး
၁၉၇၄ ခုနှစ်
စာပေဗိမာန်စာအုပ်တိုက်
အုပ်ရေ ၂၅၀၀၀
တန်ဖိုး ၂ကျပ် ၅၀ပြား


Spread the love
  •  
  •  
  •  
  •  
  •  
  •