ပန်းချီတင်အောင်မြင့် (သို့မဟုတ်) နောက်ဆုံးသစ်ရွက်ကိုကာကွယ်ရင်းကြွေကျသွားပြီလား

Spread the love
  •  

***************************************
အမေရိကန်စာရေးဆရာ အိုဟန်နရီက ၁၉၀၇ ခုနှစ်မှာ “နောက်ဆုံးသစ်ရွက်” ဆိုတဲ့ ဝတ္ထုတိုရေးခဲ့ တယ်။ ကမ္ဘာကျော်ပါတယ်။ ကျနော်တို့လဲအထက်တန်းမှာသင်ခဲ့ရတယ်။ အမေရိကန်ပြည်ထောင် စုမှာ နမိုးနီးယားကပ်ရောဂါဖြစ်နေတဲ့အချိန်၊ နယူးယောက်မြို့ ဂရင်းဝစ်ခ်ျရပ်ကွက်က ပန်းချီဆရာ မလေးနဲ့ ပန်းချီဆရာတယောက်ကိုအခြေပြုရေးထားတာပါ။ အဲဒီရပ်ကွက်ထဲကို ပန်းချီဆရာမလေး တယောက်ပြောင်းလာတယ်။ မကြာခင်မှာ သူလဲ နမိုးနီးယားရောဂါရပြီး အိပ်ရာပေါ်လဲနေတယ်။ ဘေးခန်းမှာက ဘဝရဲ့အကောင်းဆုံးပန်းချီတချပ်ဆွဲဖို့စိတ်ပြင်းပြနေတဲ့ ပန်းချီဆရာအိုတယောက်ရှိ တယ်။ နမိုးနီးယားဖြစ်နေတဲ့ ပန်းချီဆရာမလေးက သူ့ရဲ့ အိပ်ခန်းပြတင်းပေါက်ကနေ မြင်ရတဲ့ သစ်ပင်မှာ အရွက်တွေကြွေနေတာကြည့်ရင်း၊ အဲဒီအပင်ပေါ်ကနောက်ဆုံးသစ်ရွက်ကြွေတဲ့ အချိန်မှာ သူလဲသေဆုံးလိမ့်မယ်လို့ စိတ္တဇဖြစ်နေတယ်။ ဒါကို ဘေးခန်းက ပန်းချီဆရာကြီးက သိသွားပြီး၊ ပန်းချီဆရာမလေးကြည့်နေတဲ့ အပင်ဘေးက နံရံမှာ သစ်ရွက်တရွက်ပုံကို ညဖက်တိတ်တိတ်လေး ဆွဲသွားခဲ့ပါတယ်။ နောက်ဆုံးတော့ အဲဒီပန်းချီဆရာကြီးမှာသာ ပန်းချီဆွဲရင်းမိုးမိလို့ နမိုးနီးယားရပြီး သေသွားခဲ့တယ်။ နောက်ဆုံး သစ်ရွက်ကြွေမလားလို့ကြည့်ရင်း သေမယ့်ရက်စောင့်နေတဲ့ ပန်းချီ ဆရာမလေးက ၊ပန်းချီဆရာအိုကြီးဆွဲထားတဲ့သစ်ရွက်ကို တကယ့်သစ်ရွက်အထင်နဲ့နေ့တိုင်း ကြည့်ရင်းကနေ အသက်ရှင်သွားတယ်။ အဲဒီသစ်ရွက်ပုံဟာ ပန်းချီဆရာကြီးရဲ့ ဘဝမှာအကောင်းဆုံး အနုပညာလက်ရာဖြစ်သွားပါတယ်တဲ့။
ကိုတင်အောင်မြင့်။ သူကထူးခြားတဲ့လူတယောက်ပါ။ သူ့ကို ၁၉၉၉ ခုနှစ်က မြင်းခြံထောင်မှာ စပြီး သိခဲ့တာ။ သူက ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား။ ၁၉၉၆ နဲ့ ၁၉၉၈ က စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုတွေမှာပါခဲ့ပြီး ထောင်ချခံရလို့ ရောက်လာတာ။ တကယ်တော့ သူက ပန်းချီဆရာ၊ အနုပညာရှင်။ အဲဒီတုန်းက ကျနော်တို့ နိုင်ငံရေးအကျဉ်းသား တွေကို မြင်းခြံ ထောင်မှာ အဖိနှိပ်ဆုံးအချိန်ပါ။ တခန်းနဲ့တခန်းစကားပြောရဖို့နေနေသာသာ၊ တခန်းကိုရေချိုးထုတ် ရင် တခြားအခန်းကလူတွေအားလုံး အခန်းထဲကနေအပြင်ကိုမမြင်ရအာင် နောက်လှည့်ထိုင်နေရတာ။ ဒါပေမဲ့ ICRC ကြက်ခြေနီအဖွဲ့ ထောင်ထဲဝင်ကူခွင့်ရတဲ့အချိန်ရောက်တော့ ကျနော်တို့နိုင်ငံရေး အကျဉ်းသားတွေ စကားပြောလို့ရလာတယ်။ အဲဒီတော့ ကိုတင်အောင်မြင့် အကြောင်းကိုလဲသိခွင့်ရ ခဲ့တယ်။ သူက အလယ်တန်းကျောင်းသားဘဝထဲက ဆရာဝင်းဖေမြင့်တို့ ဆရာသြတို့ဆီမှာလဲ ပန်းချီလေ့လာခဲ့တယ်လို့ ပြောပြတယ်။သူ့ပန်းချီတွေက တကယ်လက်ရာမြောက်ပါတယ်။
အဲဒီကာလမြင်းခြံထောင်ကို ပြန်စဉ်းစားရင် သိပ်ချစ်စရာကောင်းတဲ့ သူတွေနဲ့ တွေ့ခဲရလို့ လွမ်းစရာ သိပ်ကောင်းတယ်လို့လဲ ပြောရမှာပဲ။
အဲဒီတုန်းက မြင်းခြံထောင်မှာ ပန်းချီတင်အောင်မြင့်ရှိတယ်။ အခု မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းရှိတယ်။ ကဗျာဆရာ ဇော်လူစိမ်းရှိတယ်။ ဟိန္ဒူအသင်းမှာ လူကြီးဖြစ်တဲ့ ကိုရာဂူနေမြင့် ရှိတယ်။ သူတို့က အမှုတွဲတွေ။ နောက်ပြီး ကိုရဲကျော်စွာရှိတယ်။ သူလဲ ၁၉၈၈ ထဲကနေပါပြီး မကြာ ခဏထောင်ချခံရတဲ့ ကျောင်းသား၊ နောက် ကိုသွင်လင်းအောင်။သူကအခု အန်ဂျီအိုတဖွဲ့ ထောင်ထား တယ်။ ပြီးတော့ ရန်ကုန် တက္ကသိုလ်မှာ ၁၉၈၈ မတိုင်ခင် ဆရာဖြစ်ခဲ့တဲ့ ဖီလော်ဆော်ဖီ က ဆရာကိုဌေးလွင် (စာရေးဆရာထွန်းဇော်ဌေး) ရှိတယ်။ သူက အခုဒီဗီဘီမှာ။ နောက်ပြီး ဒီဗီဘီမှာပဲ ဗီဒီယိုအက်ဒစ်တင်းအလုပ်လုပ်နေတဲ့ ကိုမြတ်ထွန်းရှိတယ်။ စသဖြင့် ခုဆိုရင် အနုပညာ၊ မီဒီယာ လောကတွေမှာ ဒီလူတွေရှိနေတယ်။ ပြီးတော့ အခုလွှတ်တော်ထဲမှာဆိုရင် စမ်းချောင်းအမတ် ကိုဘိုဘိုဦး၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်။ NDF ဦးခင်မောင်ဆွေ၊ ၁၉၉၀ ကော့သောင်းအမတ် ဦးလှမင်း၊ စသဖြင့်။ လက်ဝဲအင်အားစုတွေ ထဲဆိုရင် ဦးချစ်ဆောင်ဦး၊ ဘိုကလေးက ရှေ့နေ ကိုမောင်မောင် (ကွယ်လွန်)။ မဆလခေတ်မှာ ဗိုလ်ချုပ်အယ်လ်ခွန်ဖန်ကို ကချင်ပြည်နယ်မှာ လုပ်ကြံလိုက်တဲ့ အဖွဲ့က ကိုဇော်စိုင်း။ လူ့ဘောင်သစ် ကဆိုရင် ကိုသက်ထွန်း၊ ကိုတင်သန်းဦး။ တခြားလူငယ်တွေထဲကဆိုရင် ကိုအောင်မျိုးကျော် (အခု အေအေပီပီ)၊ ကိုဆက်အောင်နိုင် (ကွယ်လွန်)။ အခု ဒေါ်အောင်ဆန်းစုကြည်သွားတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်နေတဲ့ ကိုဘိုဘို။ ကျနော့်အမှုတွဲ ဦးတင်ထွန်း၊ ကိုကျော်သိုက်၊ ထွန်းထွန်း။ အေဘီအက်စ်ဒီ အက်ရဲဘောင် အောင်စွမ်။ ပြီးတော့ ဘိုကလေးတိုက်ပွဲကနေဖမ်းထားတဲ့ ကရင်အမျိုးသားတွေအပြင်၊ KNU ကခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖဒိုမန်းရင်စိန်။ စသဖြင့်။
ပြောမယ်ဆို ကျနော်တို့ကို ထားတဲ့ သီးသန့်တိုက်မှာ တဘက်ကို ၂၅ ခန်းနဲ့ စုစုပေါင်း အခန်း ၅၀ ရှိတယ်။ တခန်းမှာ ၁ ယောက်တည်းနေရတာရှိသလို၊ ၃ ယောက်နေရတာ ရှိတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ကျော်တော့အနည်းဆုံးရှိတယ်။ အဲဒီထဲကမှ ကိုယ်နဲ့ဝါသနာ တူတဲ့သူအချင်းချင်းပိုပြီး ဆက်ဆံဖြစ် စကားပြောဖြစ်တဲ့အကျင့် ကျနော့်မှာရှိတော့ ကိုတင်အောင်မြင့် နဲ့က မကြာခဏစကားပြောဖြစ်တယ်။ တယောက်နဲ့တယောက်ချက်ချင်းခင်သွားကြတယ်။ ဆရာ ကိုဌေးလွင်ကလဲ စာကြည့်တိုက်ကြီးလိုပဲ။ သူ့ခေါင်းထဲမှာ စာအုပ်တွေအများကြီးရှိတော့ စာဖတ်ခွင့် မရတဲ့ကျနော်တို့အတွက် ဆရာကိုဌေးလွင်ကလဲ တကယ့်နတ်သုဒ္ဒါကြီးပါပဲ။
ကိုတင်အောင်မြင့်က ကျနော်ပန်းချီဝါသနာပါတယ်ဆိုတော့ အလင်းအမှောင်ခြောက်ဆင့်နဲ့ ထုသဘော ကိုပြောပြတယ်။ ဒါနဲ့ကျနော်လဲ တိုက်ခန်းထဲက သမံတလင်းပေါ်မှာ အုတ်နီခဲလေးနဲ့ ဘောလုံးတွေ ဆွဲဖြစ်တယ်။ ဆွဲပြီးတော့ ဆရာကိုဌေးလွင်ကနောက်တယ်။ မင်းဘော်လုံးတွေငါနင်းမိပြီး ချော်လဲ တော့မယ်တဲ့။ ကျနော့်မာစတာပိစ်တွေကို သူကအရင်ဆုံးမြည်းစမ်းရတာမို့လို့ ကံကောင်းတဲ့ အထဲ ဆရာကိုဌေးလွင်လဲပါတယ်။ (ဤကားစကားချပ်)။
နောက်တော့ ကျနော်က ရန်ကုန်သီးသန့်ထောင်တုန်းကလုပ်လက်စရှိဖူးတဲ့ ပိတ်စအဖြူပေါ်မှာ သိုးမွှေး ချည်ရောင်စုံနဲ့ပန်းချီဆွဲတာ ပြန်စလုပ်တယ်။ အဲဒီပန်းချီအတွက် ကောက်ကြောင်းကို ကိုတင်အောင် မြင့်၊ ကိုဇော်လူစိမ်းကဆွဲပေးတယ်။ သူပထမဆုံးဆွဲပေးတဲ့ကောက်ကြောင်းက အစိမ်းရောင်မြက်ခင်း ပေါ်မှာ အဖြူ ရောင်ဗျိုင်းတကောင်တည်းလျှောက်သွားနေတဲ့ပုံ။ ကောင်းကင်အရောင်ကို အပြာနဲ့ အနီထည့် ထား တယ်။ ဘယ်ကစိတ်ကူးလဲလို့မေးကြည့်တော့ သူအလယ်တန်းဘဝမှာ ကျောင်းသွား ရင် ရန်ကုန် တက္ကသိုလ်ရှေ့ကဖြတ်သွားရတော့ သမဂ္ဂမြက်ခင်းပြင်ကိုအမြဲတွေ့ရတယ်၊ အဲဒီမှာဗျိုင်း လေးတွေလဲ တွေ့ရတယ်၊ အဲဒီကနေရတဲ့စိတ်ကူးပါတယ်။
နောက်သူက ဓါတ်ခဲအဟောင်းထဲက ခဲချောင်းနဲ့ ပန်းချီဆွဲတယ်။ အဲဒီလိုနဲ့ ကျနော်က ၂၀၀၀ ခုနှစ်မှာ လွတ်ရက်စေ့ပြီးလွတ်တော့ သူတို့က ကျန်ခဲ့ကြတယ်။ ဒါပေမဲ့ ကိုတင်အောင်မြင့်ရော ကျန်တဲ့သူတွေ ပါ ကျနော့်မှတ်ဉာဏ်ထဲမှာ သံမှိုစွဲသွားပြီ။ ဒီလူတွေနဲ့ပတ်သက်ရင် အမြဲစုံစမ်းနေတယ်။ နောက်တော့ ကိုတင်အောင်မြင့်လဲ ထောင်ကလွတ်လာပြီး သူကြိုက်တဲ့ပန်းချီကိုပဲ စိုက်လိုက်မတ်တတ်ဆွဲနေတာ သိရတယ်။ အွန်လိုင်းကနေလဲ အဆက်အသွယ်ပြန်ရတယ်။ သူပန်းချီပြပွဲတွေလုပ်ဖြစ်တာလဲတွေ့ရ တယ်။ ဒါပေမဲ့ကျနော်တို့စိတ်မကောင်းတာက သူ့မှာ စိတ်နဲ့ပတ်သက်လို့ရထားတဲ့ဒဏ်ရာမပျောက်တဲ့ အခြေအနေပဲ။ ကျနော်တို့ထောင်ထွက်တွေမှာ လူတိုင်းလို စိတ်ဒဏ်ရာတွေရှိကြပါတယ်။ နည်းတာနဲ့ များတာကွာမယ်။ ကိုယ့်ဟာကိုယ်ကုနိုင်တဲ့သူနဲ့ မကုနိုင်တဲ့သူ ဆိုတာကွာမယ်။ ကျနော်နဲ့အမှုတွဲ ကိုကျော်သိုက်ဆိုလဲ စိတ်ဒဏ်ရာကြီးလို့ နောက်ဆုံး ၂၀၀၅ ခုနှစ်မှာဆုံးသွားတယ်။ ကိုတင်အောင်မြင့် ကလဲ ထောင်တွင်းဒဏ်ရာတွေမကပဲ အနုပညာရှင်တယောက်ရဲ့စိတ်လဲရှိ၊ အပြင်မှာ တွေ့ရတဲ့ အဆီ အငေါ်မတည့်မှုတွေကလဲ သူ့ကိုဖိစီးနေတာလှမ်းတွေ့ရတယ်။ သူစိတ်ပါတဲ့အခါ လှမ်းဆက်ရင် စကား တွေပြောဖြစ်တယ်။
မနှစ်ကတော့ သူအမှိုက်တွေလိုက်ကြုံးနေတယ်တဲ့။ လူတွေ ပစ်ချင်တိုင်းပစ်ထားလို့ ပတ်ဝန်းကျင်ထိ ခိုက်နေတဲ့အမှိုက်တွေ။ ကိုတင်အောင်မြင့်ဟာ တကယ့်အနုပညာရှင်စိတ်အပြည့်နဲ့သူဆိုတာ မြင့်ရပါ တယ်။ သူရေးတဲ့ပန်းချီတွေမှာ အရောင်တွေက နီးစွေးရဲပြက်တာတွေ့ရသလို၊ လိုင်းတွေကလဲ အားကောင်းမောင်းသန်တာတွေ့ရတယ်။ ပန်းချီဆရာတွေ ပန်းချီကောင်းပေမယ့် စားဝတ်နေရေး အဆင်မပြေတာတွေအပေါ်မှာလဲ သူခံစားနေရတာတွေ့ရတယ်။
ဒီနှစ်အစော ပိုင်းမှာတော့ သူ ပန်းချီကိုတသက်လုံးမဆွဲတော့ဘူး၊ သူ့ဆီကဆေးတွေလိုချင်တဲ့ သူလာယူပါဆိုပြီး ဖေ့ဆ်ဘွတ်မှာ တင်ထားတာတွေ့တယ်။ သူ့စိတ်အထွတ်အထိပ်ရောက်နေပြီဆိုတာ ခန့်မှန်းမိတယ်။

အဲတော့သူက အမေရိကန်စာရေးဆရာအိုဟန်နရီရဲ့ နောက်ဆုံးသစ်ရွက်ဝတ္ထုတိုထဲက ပန်းချီဆရာကြီး လို၊ အသက်ကယ်သစ်ရွက်ဆွဲဖို့ကြိုးစားခဲ့တဲ့ မြန်မာပြည်က ပန်းချီဆရာဖြစ်နေတာတွေ့ရတယ်။ လူတွေမှာ စနစ်ဆိုးကြောင့်ခံနေရတဲ့ ရောဂါကနေ သက်သာလွတ်မြောက်ဖို့ သူကြိုးစားရင်း သူ့မှာ ရောဂါရနေခဲ့တယ်။
အဲဒီလိုကြိုးစားရင်း နောက်ဆုံးသစ်ရွက်ဆွဲခဲ့တဲ့ ပန်းချီဆရာလို၊ ကိုတင်အောင်မြင့်ဟာ ဒီနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြွေလွင့်သွားပြီတဲ့။ ကိုဆွေဝင်းက မြန်မာနောင်းမှာ သူ့အကြောင်း သတင်းဆောင်းပါးရေးလိုက်သလို၊ ကဗျာဆရာဇော်လူစိမ်းက သူ့အခြေအနေတင် ထားတာတွေ့ လိုက်တယ်။ ကျနော် – “ဟာ” ဆိုတဲ့ တလုံးကလွဲလို့ ဘာပြောရမှန်းမသိ၊ ဘယ်သူနဲ့ရင်ဖွင့်ရမှန်း မသိလို့ ဒီအကြောင်းတွေရေးလိုက်ပါတယ်။
ကိုတင်အောင်မြင့်ရေ – ခင်ဗျားပန်းချီတွေက တန်ဖိုးသိတဲ့လူ့အဖွဲ့အစည်းမှာဆိုရင် မာစတာပိစ်ပါဗျာ။
လင်းနွေးအိမ်
အောက်တိုဘာလ ၁၄ ရက် ၂၀၂၀။
———————–

ပန်းချီတင်အောင်မြင့် (သို့မဟုတ်) နောက်ဆုံးသစ်ရွက်ကိုကာကွယ်ရင်းကြွေကျသွားပြီလား
***************************************
အမေရိကန်စာရေးဆရာ အိုဟန်နရီက ၁၉၀၇ ခုနှစ်မှာ “နောက်ဆုံးသစ်ရွက်” ဆိုတဲ့ ဝတ္ထုတိုရေးခဲ့ တယ်။ ကမ္ဘာကျော်ပါတယ်။ ကျနော်တို့လဲအထက်တန်းမှာသင်ခဲ့ရတယ်။ အမေရိကန်ပြည်ထောင် စုမှာ နမိုးနီးယားကပ်ရောဂါဖြစ်နေတဲ့အချိန်၊ နယူးယောက်မြို့ ဂရင်းဝစ်ချ်ရပ်ကွက်က ပန်းချီဆရာ မလေးနဲ့ ပန်းချီဆရာတယောက်ကိုအခြေပြုရေးထားတာပါ။ အဲဒီရပ်ကွက်ထဲကို ပန်းချီဆရာမလေး တယောက်ပြောင်းလာတယ်။ မကြာခင်မှာ သူလဲ နမိုးနီးယားရောဂါရပြီး အိပ်ရာပေါ်လဲနေတယ်။ ဘေးခန်းမှာက ဘဝရဲ့အကောင်းဆုံးပန်းချီတချပ်ဆွဲဖို့စိတ်ပြင်းပြနေတဲ့ ပန်းချီဆရာအိုတယောက်ရှိ တယ်။ နမိုးနီးယားဖြစ်နေတဲ့ ပန်းချီဆရာမလေးက သူ့ရဲ့ အိပ်ခန်းပြတင်းပေါက်ကနေ မြင်ရတဲ့ သစ်ပင်မှာ အရွက်တွေကြွေနေတာကြည့်ရင်း၊ အဲဒီအပင်ပေါ်ကနောက်ဆုံးသစ်ရွက်ကြွေတဲ့ အချိန်မှာ သူလဲသေဆုံးလိမ့်မယ်လို့ စိတ္တဇဖြစ်နေတယ်။ ဒါကို ဘေးခန်းက ပန်းချီဆရာကြီးက သိသွားပြီး၊ ပန်းချီဆရာမလေးကြည့်နေတဲ့ အပင်ဘေးက နံရံမှာ သစ်ရွက်တရွက်ပုံကို ညဖက်တိတ်တိတ်လေး ဆွဲသွားခဲ့ပါတယ်။ နောက်ဆုံးတော့ အဲဒီပန်းချီဆရာကြီးမှာသာ ပန်းချီဆွဲရင်းမိုးမိလို့ နမိုးနီးယားရပြီး သေသွားခဲ့တယ်။ နောက်ဆုံး သစ်ရွက်ကြွေမလားလို့ကြည့်ရင်း သေမယ့်ရက်စောင့်နေတဲ့ ပန်းချီ ဆရာမလေးက ၊ပန်းချီဆရာအိုကြီးဆွဲထားတဲ့သစ်ရွက်ကို တကယ့်သစ်ရွက်အထင်နဲ့နေ့တိုင်း ကြည့်ရင်းကနေ အသက်ရှင်သွားတယ်။ အဲဒီသစ်ရွက်ပုံဟာ ပန်းချီဆရာကြီးရဲ့ ဘဝမှာအကောင်းဆုံး အနုပညာလက်ရာဖြစ်သွားပါတယ်တဲ့။
ကိုတင်အောင်မြင့်။ သူကထူးခြားတဲ့လူတယောက်ပါ။ သူ့ကို ၁၉၉၉ ခုနှစ်က မြင်းခြံထောင်မှာ စပြီး သိခဲ့တာ။ သူက ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား။ ၁၉၉၆ နဲ့ ၁၉၉၈ က စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုတွေမှာပါခဲ့ပြီး ထောင်ချခံရလို့ ရောက်လာတာ။ တကယ်တော့ သူက ပန်းချီဆရာ၊ အနုပညာရှင်။ အဲဒီတုန်းက ကျနော်တို့ နိုင်ငံရေးအကျဉ်းသား တွေကို မြင်းခြံ ထောင်မှာ အဖိနှိပ်ဆုံးအချိန်ပါ။ တခန်းနဲ့တခန်းစကားပြောရဖို့နေနေသာသာ၊ တခန်းကိုရေချိုးထုတ် ရင် တခြားအခန်းကလူတွေအားလုံး အခန်းထဲကနေအပြင်ကိုမမြင်ရအာင် နောက်လှည့်ထိုင်နေရတာ။ ဒါပေမဲ့ ICRC ကြက်ခြေနီအဖွဲ့ ထောင်ထဲဝင်ကူခွင့်ရတဲ့အချိန်ရောက်တော့ ကျနော်တို့နိုင်ငံရေး အကျဉ်းသားတွေ စကားပြောလို့ရလာတယ်။ အဲဒီတော့ ကိုတင်အောင်မြင့် အကြောင်းကိုလဲသိခွင့်ရ ခဲ့တယ်။ သူက အလယ်တန်းကျောင်းသားဘဝထဲက ဆရာဝင်းဖေမြင့်တို့ ဆရာသြတို့ဆီမှာလဲ ပန်းချီလေ့လာခဲ့တယ်လို့ ပြောပြတယ်။သူ့ပန်းချီတွေက တကယ်လက်ရာမြောက်ပါတယ်။
အဲဒီကာလမြင်းခြံထောင်ကို ပြန်စဉ်းစားရင် သိပ်ချစ်စရာကောင်းတဲ့ သူတွေနဲ့ တွေ့ခဲရလို့ လွမ်းစရာ သိပ်ကောင်းတယ်လို့လဲ ပြောရမှာပဲ။
အဲဒီတုန်းက မြင်းခြံထောင်မှာ ပန်းချီတင်အောင်မြင့်ရှိတယ်။ အခု မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းရှိတယ်။ ကဗျာဆရာ ဇော်လူစိမ်းရှိတယ်။ ဟိန္ဒူအသင်းမှာ လူကြီးဖြစ်တဲ့ ကိုရာဂူနေမြင့် ရှိတယ်။ သူတို့က အမှုတွဲတွေ။ နောက်ပြီး ကိုရဲကျော်စွာရှိတယ်။ သူလဲ ၁၉၈၈ ထဲကနေပါပြီး မကြာ ခဏထောင်ချခံရတဲ့ ကျောင်းသား၊ နောက် ကိုသွင်လင်းအောင်။သူကအခု အန်ဂျီအိုတဖွဲ့ ထောင်ထား တယ်။ ပြီးတော့ ရန်ကုန် တက္ကသိုလ်မှာ ၁၉၈၈ မတိုင်ခင် ဆရာဖြစ်ခဲ့တဲ့ ဖီလော်ဆော်ဖီ က ဆရာကိုဌေးလွင် (စာရေးဆရာထွန်းဇော်ဌေး) ရှိတယ်။ သူက အခုဒီဗီဘီမှာ။ နောက်ပြီး ဒီဗီဘီမှာပဲ ဗီဒီယိုအက်ဒစ်တင်းအလုပ်လုပ်နေတဲ့ ကိုမြတ်ထွန်းရှိတယ်။ စသဖြင့် ခုဆိုရင် အနုပညာ၊ မီဒီယာ လောကတွေမှာ ဒီလူတွေရှိနေတယ်။ ပြီးတော့ အခုလွှတ်တော်ထဲမှာဆိုရင် စမ်းချောင်းအမတ် ကိုဘိုဘိုဦး၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်။ NDF ဦးခင်မောင်ဆွေ၊ ၁၉၉၀ ကော့သောင်းအမတ် ဦးလှမင်း၊ စသဖြင့်။ လက်ဝဲအင်အားစုတွေ ထဲဆိုရင် ဦးချစ်ဆောင်ဦး၊ ဘိုကလေးက ရှေ့နေ ကိုမောင်မောင် (ကွယ်လွန်)။ မဆလခေတ်မှာ ဗိုလ်ချုပ်အယ်လ်ခွန်ဖန်ကို ကချင်ပြည်နယ်မှာ လုပ်ကြံလိုက်တဲ့ အဖွဲ့က ကိုဇော်စိုင်း။ လူ့ဘောင်သစ် ကဆိုရင် ကိုသက်ထွန်း၊ ကိုတင်သန်းဦး။ တခြားလူငယ်တွေထဲကဆိုရင် ကိုအောင်မျိုးကျော် (အခု အေအေပီပီ)၊ ကိုဆက်အောင်နိုင် (ကွယ်လွန်)။ အခု ဒေါ်အောင်ဆန်းစုကြည်သွားတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်နေတဲ့ ကိုဘိုဘို။ ကျနော့်အမှုတွဲ ဦးတင်ထွန်း၊ ကိုကျော်သိုက်၊ ထွန်းထွန်း။ အေဘီအက်စ်ဒီ အက်ရဲဘောင် အောင်စွမ်။ ပြီးတော့ ဘိုကလေးတိုက်ပွဲကနေဖမ်းထားတဲ့ ကရင်အမျိုးသားတွေအပြင်၊ KNU ကခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖဒိုမန်းရင်စိန်။ စသဖြင့်။
ပြောမယ်ဆို ကျနော်တို့ကို ထားတဲ့ သီးသန့်တိုက်မှာ တဘက်ကို ၂၅ ခန်းနဲ့ စုစုပေါင်း အခန်း ၅၀ ရှိတယ်။ တခန်းမှာ ၁ ယောက်တည်းနေရတာရှိသလို၊ ၃ ယောက်နေရတာ ရှိတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ကျော်တော့အနည်းဆုံးရှိတယ်။ အဲဒီထဲကမှ ကိုယ်နဲ့ဝါသနာ တူတဲ့သူအချင်းချင်းပိုပြီး ဆက်ဆံဖြစ် စကားပြောဖြစ်တဲ့အကျင့် ကျနော့်မှာရှိတော့ ကိုတင်အောင်မြင့် နဲ့က မကြာခဏစကားပြောဖြစ်တယ်။ တယောက်နဲ့တယောက်ချက်ချင်းခင်သွားကြတယ်။ ဆရာ ကိုဌေးလွင်ကလဲ စာကြည့်တိုက်ကြီးလိုပဲ။ သူ့ခေါင်းထဲမှာ စာအုပ်တွေအများကြီးရှိတော့ စာဖတ်ခွင့် မရတဲ့ကျနော်တို့အတွက် ဆရာကိုဌေးလွင်ကလဲ တကယ့်နတ်သုဒ္ဒါကြီးပါပဲ။
ကိုတင်အောင်မြင့်က ကျနော်ပန်းချီဝါသနာပါတယ်ဆိုတော့ အလင်းအမှောင်ခြောက်ဆင့်နဲ့ ထုသဘော ကိုပြောပြတယ်။ ဒါနဲ့ကျနော်လဲ တိုက်ခန်းထဲက သမံတလင်းပေါ်မှာ အုတ်နီခဲလေးနဲ့ ဘောလုံးတွေ ဆွဲဖြစ်တယ်။ ဆွဲပြီးတော့ ဆရာကိုဌေးလွင်ကနောက်တယ်။ မင်းဘော်လုံးတွေငါနင်းမိပြီး ချော်လဲ တော့မယ်တဲ့။ ကျနော့်မာစတာပိစ်တွေကို သူကအရင်ဆုံးမြည်းစမ်းရတာမို့လို့ ကံကောင်းတဲ့ အထဲ ဆရာကိုဌေးလွင်လဲပါတယ်။ (ဤကားစကားချပ်)။
နောက်တော့ ကျနော်က ရန်ကုန်သီးသန့်ထောင်တုန်းကလုပ်လက်စရှိဖူးတဲ့ ပိတ်စအဖြူပေါ်မှာ သိုးမွှေး ချည်ရောင်စုံနဲ့ပန်းချီဆွဲတာ ပြန်စလုပ်တယ်။ အဲဒီပန်းချီအတွက် ကောက်ကြောင်းကို ကိုတင်အောင် မြင့်၊ ကိုဇော်လူစိမ်းကဆွဲပေးတယ်။ သူပထမဆုံးဆွဲပေးတဲ့ကောက်ကြောင်းက အစိမ်းရောင်မြက်ခင်း ပေါ်မှာ အဖြူ ရောင်ဗျိုင်းတကောင်တည်းလျှောက်သွားနေတဲ့ပုံ။ ကောင်းကင်အရောင်ကို အပြာနဲ့ အနီထည့် ထား တယ်။ ဘယ်ကစိတ်ကူးလဲလို့မေးကြည့်တော့ သူအလယ်တန်းဘဝမှာ ကျောင်းသွား ရင် ရန်ကုန် တက္ကသိုလ်ရှေ့ကဖြတ်သွားရတော့ သမဂ္ဂမြက်ခင်းပြင်ကိုအမြဲတွေ့ရတယ်၊ အဲဒီမှာဗျိုင်း လေးတွေလဲ တွေ့ရတယ်၊ အဲဒီကနေရတဲ့စိတ်ကူးပါတယ်။
နောက်သူက ဓါတ်ခဲအဟောင်းထဲက ခဲချောင်းနဲ့ ပန်းချီဆွဲတယ်။ အဲဒီလိုနဲ့ ကျနော်က ၂၀၀၀ ခုနှစ်မှာ လွတ်ရက်စေ့ပြီးလွတ်တော့ သူတို့က ကျန်ခဲ့ကြတယ်။ ဒါပေမဲ့ ကိုတင်အောင်မြင့်ရော ကျန်တဲ့သူတွေ ပါ ကျနော့်မှတ်ဉာဏ်ထဲမှာ သံမှိုစွဲသွားပြီ။ ဒီလူတွေနဲ့ပတ်သက်ရင် အမြဲစုံစမ်းနေတယ်။ နောက်တော့ ကိုတင်အောင်မြင့်လဲ ထောင်ကလွတ်လာပြီး သူကြိုက်တဲ့ပန်းချီကိုပဲ စိုက်လိုက်မတ်တတ်ဆွဲနေတာ သိရတယ်။ အွန်လိုင်းကနေလဲ အဆက်အသွယ်ပြန်ရတယ်။ သူပန်းချီပြပွဲတွေလုပ်ဖြစ်တာလဲတွေ့ရ တယ်။ ဒါပေမဲ့ကျနော်တို့စိတ်မကောင်းတာက သူ့မှာ စိတ်နဲ့ပတ်သက်လို့ရထားတဲ့ဒဏ်ရာမပျောက်တဲ့ အခြေအနေပဲ။ ကျနော်တို့ထောင်ထွက်တွေမှာ လူတိုင်းလို စိတ်ဒဏ်ရာတွေရှိကြပါတယ်။ နည်းတာနဲ့ များတာကွာမယ်။ ကိုယ့်ဟာကိုယ်ကုနိုင်တဲ့သူနဲ့ မကုနိုင်တဲ့သူ ဆိုတာကွာမယ်။ ကျနော်နဲ့အမှုတွဲ ကိုကျော်သိုက်ဆိုလဲ စိတ်ဒဏ်ရာကြီးလို့ နောက်ဆုံး ၂၀၀၅ ခုနှစ်မှာဆုံးသွားတယ်။ ကိုတင်အောင်မြင့် ကလဲ ထောင်တွင်းဒဏ်ရာတွေမကပဲ အနုပညာရှင်တယောက်ရဲ့စိတ်လဲရှိ၊ အပြင်မှာ တွေ့ရတဲ့ အဆီ အငေါ်မတည့်မှုတွေကလဲ သူ့ကိုဖိစီးနေတာလှမ်းတွေ့ရတယ်။ သူစိတ်ပါတဲ့အခါ လှမ်းဆက်ရင် စကား တွေပြောဖြစ်တယ်။
မနှစ်ကတော့ သူအမှိုက်တွေလိုက်ကြုံးနေတယ်တဲ့။ လူတွေ ပစ်ချင်တိုင်းပစ်ထားလို့ ပတ်ဝန်းကျင်ထိ ခိုက်နေတဲ့အမှိုက်တွေ။ ကိုတင်အောင်မြင့်ဟာ တကယ့်အနုပညာရှင်စိတ်အပြည့်နဲ့သူဆိုတာ မြင့်ရပါ တယ်။ သူရေးတဲ့ပန်းချီတွေမှာ အရောင်တွေက နီးစွေးရဲပြက်တာတွေ့ရသလို၊ လိုင်းတွေကလဲ အားကောင်းမောင်းသန်တာတွေ့ရတယ်။ ပန်းချီဆရာတွေ ပန်းချီကောင်းပေမယ့် စားဝတ်နေရေး အဆင်မပြေတာတွေအပေါ်မှာလဲ သူခံစားနေရတာတွေ့ရတယ်။
ဒီနှစ်အစော ပိုင်းမှာတော့ သူ ပန်းချီကိုတသက်လုံးမဆွဲတော့ဘူး၊ သူ့ဆီကဆေးတွေလိုချင်တဲ့ သူလာယူပါဆိုပြီး ဖေ့ဆ်ဘွတ်မှာ တင်ထားတာတွေ့တယ်။ သူ့စိတ်အထွတ်အထိပ်ရောက်နေပြီဆိုတာ ခန့်မှန်းမိတယ်။

အဲတော့သူက အမေရိကန်စာရေးဆရာအိုဟန်နရီရဲ့ နောက်ဆုံးသစ်ရွက်ဝတ္ထုတိုထဲက ပန်းချီဆရာကြီး လို၊ အသက်ကယ်သစ်ရွက်ဆွဲဖို့ကြိုးစားခဲ့တဲ့ မြန်မာပြည်က ပန်းချီဆရာဖြစ်နေတာတွေ့ရတယ်။ လူတွေမှာ စနစ်ဆိုးကြောင့်ခံနေရတဲ့ ရောဂါကနေ သက်သာလွတ်မြောက်ဖို့ သူကြိုးစားရင်း သူ့မှာ ရောဂါရနေခဲ့တယ်။
အဲဒီလိုကြိုးစားရင်း နောက်ဆုံးသစ်ရွက်ဆွဲခဲ့တဲ့ ပန်းချီဆရာလို၊ ကိုတင်အောင်မြင့်ဟာ ဒီနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြွေလွင့်သွားပြီတဲ့။ ကိုဆွေဝင်းက မြန်မာနောင်းမှာ သူ့အကြောင်း သတင်းဆောင်းပါးရေးလိုက်သလို၊ ကဗျာဆရာဇော်လူစိမ်းက သူ့အခြေအနေတင် ထားတာတွေ့ လိုက်တယ်။ ကျနော် – “ဟာ” ဆိုတဲ့ တလုံးကလွဲလို့ ဘာပြောရမှန်းမသိ၊ ဘယ်သူနဲ့ရင်ဖွင့်ရမှန်း မသိလို့ ဒီအကြောင်းတွေရေးလိုက်ပါတယ်။
ကိုတင်အောင်မြင့်ရေ – ခင်ဗျားပန်းချီတွေက တန်ဖိုးသိတဲ့လူ့အဖွဲ့အစည်းမှာဆိုရင် မာစတာပိစ်ပါဗျာ။
လင်းနွေးအိမ်
အောက်တိုဘာလ ၁၄ ရက် ၂၀၂၀။

သူ့ပန်းချီတွေကို ဒီမှာကြည့်နိုင်ပါတယ်

https://www.facebook.com/TrojanTAM

Spread the love
  •  
  •  
  •  
  •  
  •  
  •