ပုဂံရှေးဟောင်းဒေသတွင်သာ တွေ့ရှိနိုင်သည့် ဒေသရင်း ငှက်မျိုးစိတ် ခုနစ်မျိုးအား ကာကွယ်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပုဂံရှေးဟောင်းဒေသတွင်သာ တွေ့ရှိနိုင်သည့် ဒေသရင်း
ငှက်မျိုးစိတ် ခုနစ်မျိုးအား ကာကွယ်ထား

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌သာ တွေ့ရှိရပြီး ပုဂံရှေးဟောင်းဒေသတွင် ပေါက်ဖွားရှင်သန်နေထိုင်လျက်ရှိသည့် မြန်မာ့ဒေသရင်း ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးအား ဖမ်းဆီးသတ်ဖြတ်မှုများ မရှိစေရန် အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောသည်။

အဆိုပါ ငှက်မျိုးစိတ် ခုနစ်မျိုးသည် မြန်မာနိုင်ငံရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌သာ တစ်စုတစ်ဝေးတည်း ပေါက်ဖွားရှင်သန် ကျက်စားလျက်ရှိသည့် မြန်မာ့ဒေသရင်း ရှားပါးငှက်မျိုးစိတ်များဖြစ်ပြီး လက်ရှိကာလတွင် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေကြသဖြင့် သက်ဆိုင်ရာဌာနများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ သတိပေးဆောင်ရွက်ခြင်းများနှင့် အသိ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ပုဂံဒေသကို ခရီးသွားဝင်ရောက်မှု နည်းပါးနေတဲ့အတွက် သားငှက် တိရစ္ဆာန်တွေ လာရောက်ကျက်စားမှု များပြားလာတယ်။ ဒီလို အချိန်မှာ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်လာတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနက ဧပြီ လကုန်လောက်ကစပြီး ပုဂံရှေးဟောင်းဒေသမှာ ငှက်တွေကို လိုက်ပြီးပစ်ခတ် သတ်ဖြတ်တဲ့အဖွဲ့တွေကို ပူးပေါင်း အဖွဲ့နဲ့ လှည့်ကင်းလှည့်ပြီး ငှက်တွေကို မသတ်ဖြတ်ဖို့ ပညာပေးစည်းရုံးမှု တွေလုပ်တယ်။ အသိပညာပေး ဆိုင်းဘုတ်တွေကို စိုက်ထူပြီး သတိပေးမှုတွေ လုပ်နေတယ်။ ဒါကြောင့် လက်ရှိ အချိန်မှာတော့ ဒီလိုသတ်ဖြတ်မှုတွေ နည်းပါးသွားပါပြီ”ဟု ၎င်းက ပြောသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ တွေ့နိုင်သည့် ဒေသရင်း ငှက်မျိုးစိတ် ကိုးမျိုးရှိပြီး ၎င်းတို့အနက် ခုနစ်မျိုးသည် ပုဂံ- ညောင်ဦးဒေသတွင် တွေ့ရပြီး ကျန်မျိုးစိတ် နှစ်မျိုးသည် နတ်မတောင်ဒေသတွင် တွေ့ရှိရကြောင်းနှင့် ပုဂံဒေသရှိ ရှားပါး ငှက်မျိုးစိတ် ခုနစ်မျိုးအား ပြည်တွင်း ပြည်ပမှ ငှက်ဝါသနာရှင်များ၊ တန်ဖိုးထားလာရောက် လေ့လာနေကြသည့်အတွက် ၎င်းငှက်များအား ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုလုပ်ရန် ပုဂံမြို့ဟောင်းနှင့် မြို့တွင်းနေရာအနှံ့အပြားတွင် အသိပညာပေးဆိုင်းဘုတ်များနှင့် ဗီနိုင်းများ စိုက်ထူချိတ်ဆွဲကာ အသိပေးထားကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးထက်ထွန်းအောင်က ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေတွင် ရှင်သန်နေထိုင်ကြသည့် မြန်မာ့ဒေသရင်း ဌာနေဖွား ရှားပါးငှက်မျိုး စိတ် ခုနစ်မျိုးမှာ မြန်မာဘီလုံးငှက်၊ စွေ့ငှက်၊ ချိုးလင်းပြာငှက်၊ ငှက် မင်းသားဝမ်းဖြူ၊ ဘွတ်ချွဲငှက်၊ နဖား ကြူးမြီးဝိုင်းငှက်နှင့် ငှက်လက်မ မြီးရှည် စသည့် ငှက်မျိုးစိတ်တို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – တေဇာထွန်း
အောင်ဖြိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •