ပုဂ္ဂလိက ဓါတ်ခွဲခန်းများတွင် COVID 19စစ်ဆေးခွင့်ပြု ပြီး ပုဂ္ဂလိက ဆေးရုံများတွင်ကုသခွင့်ပြုလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၅)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် COVID-19 ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

တင်ပြဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် –

• မိမိတို့နိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်သည့်အပြင် သေဆုံးသူ အများစုသည် အသက်အရွယ်ကြီးသူအမျိုးသားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

• ထိုသို့ နာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံရနေမှုများကို တွေ့ရှိရပါကြောင်း၊

• သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့် ဖြစ်နိုင်ပါက သီးခြားအိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက် လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုပါကြောင်း၊

• ထိုသို့ အသိပေးနှိုးဆော်မှုများအပြင် အသွားအလာကန့်သတ်ရာနေရာ (quarantine site) များ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများထားရှိရာစင်တာများ၊ ဆေးရုံများနှင့် COVID-19 ကုသမှုဌာနများတွင် ရောက်ရှိနေသည့် မကူးစက်တတ်သောရောဂါအခံရှိသူများတွင် သောက်လက်စဆေးဝါးများ မပြတ်လပ်စေရေး အတွက် မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ၎င်းတို့အားလည်း အခြားရောဂါအခံမရှိသူများနှင့် ကွဲပြားရန်နှင့် မြင်သာစေရန် တစ်နည်းနည်းဖြင့် အမှတ်အသားပြုလုပ်ကာ ၎င်းတို့၏ရောဂါအခြေအနေကို အထူးစောင့်ကြပ်ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ မကူးစက်တတ်သောရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ အဆိုပါစင်တာများနှင့် ဆေးရုံများသို့ ဆေးဝါးများ ဖြန့်ဝေထားသည်ဆိုသော်လည်း ရောက်ရှိမှု ရှိ၊ မရှိနှင့် ရောက်ရှိပါကလည်း ၎င်းလူနာများ သောက်သုံးမှု ရှိ၊ မရှိ အခြေအနေကိုလည်း ဆန်းစစ်သုံးသပ်ကာ လိုအပ်သလို ဆက်လက် ဆောင်ရွက်စေလိုပါကြောင်း၊

• အခြားနိုင်ငံများတွင် COVID-19 နှင့် နာတာရှည်ရောဂါအခံတို့ ဆက်စပ်သေဆုံးမှု အခြေအနေများကိုလည်းကောင်း၊ ကုသမှုကုထုံးများကိုလည်းကောင်း လေ့လာဆန်းစစ် သုံးသပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာန၏ ဆေးရုံများနှင့် အသစ်ဖွင့်လှစ်ထားသော COVID-19 ကုသရေးဌာန (၁၅) ခုတွင် COVID-19 ကုသပေးနေခြင်းသာမက အခြားသော ရောဂါအမျိုးမျိုးအတွက် ကုသမှုလုပ်ငန်းများ လစ်ဟင်းမှု မရှိစေရေးအတွက် ဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုများနှင့် ပညာရှင်များက လိုအပ်သည်များအား ဆန်းစစ်သုံးသပ်၍ ကုသလျက်ရှိသည်မှာလည်း ကောင်းမွန်ပါကြောင်း၊

• COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှုလုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ကူညီဖြေရှင်းပေးကာ လိုအပ်သည်များကိုလည်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်မှာ အထူးကောင်းမွန်ပါကြောင်း၊

• ယခုအချိန်၌ အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများနှင့် ဆေးရုံသို့ ရောက်ရှိလာသူများ နည်းပါးလာစေရေးနှင့် ကူးစက်ပျံ့နှံ့မှုကျဆင်း စေရန်အတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများပင်ဖြစ်ပါသဖြင့် ဤကိစ္စအား ပိုမိုအားဖြည့် ဆောင်ရွက်စေလိုပါကြောင်း၊

• အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများ၊ ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများ၌ လူနာများအား ခုတင်နေရာချကာ စနစ်တကျထားရှိနိုင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နေ့စဉ်ဆွေးနွေးလုပ်ဆောင်နေသည့် အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊

• အဆိုပါနေရာများ၌ လူနာများဆိုင်ရာ သတင်းအချက်အလက်များကို ပြုစုရာတွင်လည်း လွယ်ကူလျင်မြန် ရိုးရှင်းသည့် ပုံစံများဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊

• ယင်းမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်သုံးသပ်လျက်ရှိပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါသဖြင့် ဆက်လက်၍ အသေးစိတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ယခုတင်ပြဆွေးနွေးရာတွင် လက်ရှိအခြေအနေအရပ်ရပ်အား ခြုံငုံသုံးသပ်မှုများနှင့် လိုအပ်ချက်များအား ရှင်းလင်းစွာဖြင့် တင်ပြကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက –

• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 လူနာများကုသမှုပေးနေသည့် ဆေးရုံနှင့် COVID-19 ကုသရေးဌာနများအလိုက် စောင့်ကြည့်လူနာခုတင်များ၊ COVID-19 လူနာခုတင်၊ အောက်ဆီဂျင်ပေးကုသမှုဆောင်ရွက်နိုင်သည့် လူနာခုတင်များ၊
အထူးကြပ်မတ်ကုသဆောင်များ အရေအတွက်၊ လက်ရှိ တက်ရောက်ကုသမှုခံယူနေသည့် အရေအတွက်နှင့် လူနာများကုသရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာတိုးသီရိအောင်က –

• ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု အခြေအနေများ၊ အသွားအလာကန့်သတ်ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က –

• ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ချက်များနှင့်

• ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိမှသာ အောင်မြင်မည် ဖြစ်သည်ကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက –

• ရပ်ကွက်များနှင့် ဈေးများ၌ ရပ်ကွက်တွင်နေထိုင်သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများက လည်းကောင်း အသံချဲ့စက်ငယ်များဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်း၊ အချင်းချင်း အသိပညာပေးနှိုးဆော်ခြင်း(peer education) ပုံစံဖြင့် ဆောင်ရွက်သွားရန် အကြံပြုချက်နှင့်
• ထိုသို့အသိပညာပေးရန် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာအချက် အလက်များကို လွယ်ကူရိုးရှင်းစေရေး မွမ်းမံပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က –

• အကျဉ်းထောင်နှင့် အချုပ်ထောင်အချို့တွင် COVID-19 ဖြစ်ပွားတွေ့ရှိမှု အခြေအနေနှင့် အကျဉ်း ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က –

• ဈေးများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများရှိ ကျန်းမာရေးဌာနများပါဝင်ဆောင်ရွက်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်သွားမည်ကိုလည်းကောင်း၊

အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက –

• ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ဆေးရုံများတွင် COVID-19 လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကိုလည်းကောင်း၊

ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က –

• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် –

• ယခုအချိန်၌ COVID-19 ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အဓိကဆောင်ရွက်ရမည့်အချက်မှာ မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းနည်းဗျူဟာများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင်မှုများဖြင့် အထူးအားဖြည့်ဆောင်ရွက်ရမည့် အချက်ဖြစ်ပါကြောင်း၊

• လက်ကိုင်အသံချဲ့စက်များအသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၌ ရပ်ကွက်သူ/သားများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ စက်ရုံ/ အလုပ်ရုံအလုပ်သမားများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်စေခြင်းဖြင့်လည်းကောင်း၊ မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများအား အချင်းချင်း ကျန်းမာရေးအသိပညာများမျှဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• COVID-19 ဖြစ်ပွားမှု မများပြားသေးသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့်လည်း မိမိတိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖြစ်တော့မည်ဟူသောပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတစေတနာရှင်များနှင့် ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများအား အလေးထားဆောင်ရွက်ထားစေလိုပါကြောင်း၊ လိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

MOHS


Spread the love
  •  
  •  
  •  
  •  
  •  
  •