ပုဏ္ဏားကျွန်းမြို့တွင် အရာရှိတစ်ဦးနှင့် စစ်သည် တစ်ဦးတို့အား အမျိုးသား ၈ ဦးက ဓားဖြင့်ထိုးပြီး သံတုတ်များဖြင့် ရိုက်နှက်ကာ စစ်သည်အား ဖမ်းဆီးခေါ်ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပုဏ္ဏားကျွန်းမြို့တွင် အရာရှိတစ်ဦးနှင့် စစ်သည် တစ်ဦးတို့အား အမျိုးသား ၈ ဦးက ဓားဖြင့်ထိုးပြီး သံတုတ်များဖြင့် ရိုက်နှက်ကာ စစ်သည်အား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိ တစ်ဦးနှင့် စစ်သည် တစ်ဦးအား အမည်မသိ အမျိုးသား ၈ ဦးခန့်က ဓား၊ သံတုတ်များဖြင့် ဝိုင်းဝန်း ထိုးနှက် ရိုက်ပုတ်ပြီး စစ်သည်အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သိရှိရသည်။

“AA သောင်းကျန်းသူတွေရဲ အမာခံတွေက ဝိုင်းဝန်း ချုပ်နှောင်ပြီးတော့ ပထမဦးဆုံး ရိုက်နှက်တယ်၊ ပြီးတော့ နောက်ပြန် လက်ထိပ်ခတ်တယ်။ လက်ထိပ်ခတ်ပြီးတော့ ဓားနဲ့ ထိုးသွားတယ်လို့ သိရတယ်” ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး တို့သည် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ဈေးဝယ်ရန် မြို့သစ်ဈေးသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ် စီးနင်း၍ သွားရောက်ခဲ့ရာတွင် မြို့သစ်ဈေး အနီး အေးစေတီ လမ်းဆုံ၌ ဆိုင်ကယ် ရပ်နား၍ ဈေးဝယ်ရန် ပြင်ဆင်နေစဉ် အမည်မသိ အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပြီး တစ်ဦးမှ အရာရှိအား ဓားဖြင့်ထိုးရာ အရာရှိမှ ပြန်လည် ခုခံ၍ ပါလာသည့် ပစ္စတိုသေနတ်ဖြင့် ထုတ်ချိန်စဉ် နောက်ထပ်လူ ၇ ဦးခန့်မှ သံတုတ်များဖြင့် အရာရှိနှင့် စစ်သည်အား ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ အရပ်သားများ ဝိုင်းအုံလာသဖြင့် ခုခံရုန်းကန် နေသော အရာရှိထံမှ ပစ္စတိုသေနတ်ကို လုယူပြီး အရိုက်ခံရသဖြင့် လဲကျ မေ့မျောနေသော စစ်သည်အား ဖမ်းဆီး ခေါ်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် ထွက်ပြေး သွားခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ အရာရှိတွင် ဓားထိုးခံရခြင်း၊ သံတုတ်ဖြင့် ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းနှင့် တပ်ဆေးခန်းတွင် လိုအပ်သည့် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် AA အကြမ်းဖက် သောင်းကျန်းသူများ၊ ယင်းတို့နှင့် ဆက်စပ် ပတ်သက်သူများ ဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်း မြို့မရဲစခန်း၌ လုပ်ထုံး လုပ်နည်းနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် စစ်သည်အား ပြန်လည် ရရှိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •