ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅၆၇၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅၆၇၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅၆၇၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ ၂၂၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အတာဦး (ခ) ချက်ဖောင်း မောင်းနှင်လာသည့် FOTON အမျိုးအစားမော်တော်ယာဉ်နှင့် အဆိုပါမော်တော်ယာဉ်မှ ကြိုးဖြင့်ဆွဲလာ သည့် နေမင်ထွန်း(ခ)ကန်ချား ထိန်းသိမ်းလိုက်ပါလာသည့် HYUNDAI အမျိုးအစားမော်တော်ယာဉ်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် နေမင်းထွန်း(ခ)ကန်ချားမှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ၎င်းမော်တော်ယာဉ် ၂ စီးအား စစ်ဆေးရှာဖွေရာ HYUNDAI အမျိုးအစားမော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၉.၄၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၂၃၃ဝ အချိန် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁ဝ)၊ မြတ်လေးလမ်းတွင် စည်သူအောင် အားလည်းကောင်း၊ ၂၃၄၅ အချိန် အဆိုပါရပ်ကွက်တွင် သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော အားလည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၄၃ဝ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ရက်ကွက်ကြီး(၃)၊ ၆ လမ်းဆုံအနီးတွင် ကျော်မိုးနိုင်(ခ)အငယ်လေးအား ဖမ်းဆီးရမိခဲ့သဖြင့် အတာဦး(ခ)ချက်ဖောင်း ၃၂ နှစ်၊ စည်သူအောင် ၃၈ နှစ်၊ သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော ၄၂ နှစ်၊ ကျော်မိုးနိုင်(ခ)အငယ်လေး ၂၉ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

CCDAC


Spread the love
  •  
  •  
  •  
  •  
  •  
  •