ပေမမီ ဒေါက်မမီ အာဏာသိမ်း အဖွဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပေမမီ ဒေါက်မမီ အာဏာသိမ်း အဖွဲ့
******************************

နိုင်ငံအတွင်းရှိ ပြည်သူများက စစ်ကျွန်ဘဝ နောက်တကြိမ် ကျရောက်ရတော့မည်လောဟု စိုးရိမ်စိတ်များ မြင့်တက်လာနေချိန်တွင် အာဏာသိမ်း အဖွဲ့ကလည်း “တပ်မတော်နေ့” ဆိုသည်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း ကမ္ဘာအား ထုတ်ဖေါ်ပြသနိုင်ရန် အကြမ်းဖက်မှုများ တိုးမြှင့်ပြုလုပ်လာ‌နေပြီး တဖက်ကလည်း တော်လှန်ရေးသည် ထိုနေ့တွင် စမည် ဆိုကာ ဆိုက်ဝါးများ ထုတ်လွှင့်လာခဲ့သည်။

နိုင်ငံတကာ မှ ဖိအားပေးလာမှုများ နှင့် ၎င်းတို့၏ ကုမ္ပဏီများအား ပိတ်ဆို့ ဒဏ်ခတ်လာနေမှုများ ကြောင့် စစ်တပ်သည် ၎င်းတို့၏အာဏာသိမ်း လုပ်ရပ်သည် မည်သို့မျှ အကျိုးရှိဖို့ ဖြစ်မလာဘဲ တိုင်းပြည်သာ ဖရိုဖရဲ ဖြစ်စေခဲ့သည်ကို သဘောပေါက်လာကြပြီ ဖြစ်သည်။ ကမ္ဘာတဝှမ်းတွင် ရောက်ရှိနေကြသော ၎င်းတို့ သားသမီး များသည်လည်း မျက်နှာ မဖေါ်ရဲအောင် ဖြစ်လာနေကြသည်။ ထိုသို့သော အနေအထားတွင် ပင် မင်းအောင်လှိုင်၏ ခိုင်းရာ ကို လုပ်ပေးနေကြရသည်။ မင်းအောင်လှိုင်၏ သားသမီးများက တော့ သန်းကြွယ်သူဌေးကြီး များ အဖြစ် ပြည်တွင်း တွင် လုံလုံခြုံခြုံ နေထိုင်လျက် ရှိနေကြသည်။ မလုံမခြုံ ဖြစ်နေကြရစည်က ၎င်းတို့၏ သားသမီးများပင် တည်း၊ မင်းအောင်လှိုင်သည် မိုက်ရူးရဲ ပီပီ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်၊ အနည်းငယ် အလျော့ပေးလိုက်ပါက အားနည်းလာပြီဟု ယူဆခံရမည်ကိုသာ တွက်ဆနေကြဆဲ ဖြစ်သည်။ အခြေအနေများက ၎င်းအတွက် မည်သို့မျှ နောက်ဆုတ်ပေး၍ မရ ဖြစ်လာအောင် ဖန်တီးနေခဲ့ကြသည်။ နောက်ဆုတ်၍ ရအောင် ဖန်တီးနိုင်သူများ အတွက် နောက်မကျသေးပေ။

အမေရိကန်၏ အထင်ကရ Foreign Policy Magazine Magazine ကြီး မှ ရေးသားခဲ့ရာတွင် ထိုင်း စစ်တပ်၏ ၂၀၁၄ အာဏာသိမ်း မှု နှင့် အင်စတီကျုးရှင်း ဒီမိုကရေစီ ကို ထူထောင်ရန် ကြိုးစားခဲ့သော်လည်း ထိုင်းလို ဖြစ်မလာပဲ ယခုထိ လူအများအပြားကို သတ်ပြီး အသက်ဆက်နေရသည်။ ထို့အတွက် နိုင်ငံတကာ၏ အသိအမှတ်ပြု ခံရခြင်းကို လက်လွှတ်ပေးခဲ့ရသည်။ CDM လှုပ်ရှားမှုသည်လည်း ၎င်းတို့ထက်ပင် ပို၍ နိုင်ငံတကာ၏ တလေးတစား အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည် ဟု ဖေါ်ပြထားသည်။

ပြဿနာကို စေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ကုလ၊ တရုတ် ၊ အာဆီယံ နိုင်ငံများနှင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ တသမတ်တည်း တောင်းဆိုနေခြင်းကို စစ်အစိုးရမှ တနင်္ဂနွေနေ့က CRPH အား မတရား သင်း အဖြစ် ကြေညာလိုက်ခြင်းဖြင့် ပယ်ချလိုက်ပြီ ဖြစ်သည်။

အာဏာသိမ်း ခေါင်းဆောင်များ အဖို့ အတူတကွ ရပ်တည်သွားမည်၊ ကြိုးစင်တက်ရလည်း အတူတူဟု သဘောထားလာကြသည်။ အလယ်အလတ် အဆင့် အရာရှိများမှ ခွဲထွက်လာမည့် အရေးကိုသာ မျှော်လင့်၍ ရပေသည်။ ထိုအနေအထားမှာ လူအုပ်ကြီးအား ရာချီထောင်ချီ သေရန် ပစ်ခတ်ရန် အမိန့်ပေးလာသည့်အခါ သဲသဲကွဲကွဲ ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့အတွက်လည်း စစ်ခေါင်းဆောင်များက ထိုသို့ အမိန့်မပေးဘဲ ဟိုစပ်စပ် ဒီစပ်စပ် ပစ်ခတ်ကာ အကြောက်တရား ဖန်တီးသည့် နည်းကို အသုံးချလာကြ၍ ယခုအခါ ၁၃ နှစ်အရွယ် ကလေးငယ်ကိုပင် ပြစ်သတ်ခဲ့ရသည်အထိ ဖြစ်လာနေပေပြီ။

ဆက်လက်ပြီး လူထုကို ပစ်ခတ်သတ်ဖြတ်နေသော်ငြားလည်း ဆန့်ကျင်တွန်းလှန်နေမှုများ က ဆက်လက် မြင့်တက်လာနေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကို ဆက်လက်ထောက်ခံမှု ရှိနေသည် ဆိုသည်အား စိတ်ကူးယဉ်ခွင့်ပင် မပေးနိုင်အောင် ထင်ရှားလာနေပြီ ဖြစ်သည်။ လူထုကိုလည်း ရှေ့လျှောက် အကြမ်းဖက် နည်းလမ်းဖြင့်သာ အုပ်ချုပ်သွားရတော့မည်။ ပြည်သူများ ဖက်ကလည်း မိမိတို့အား အညှာတာမဲ့စွာ သတ်ဖြတ်နေသူများက အုပ်ချုပ်လာမည့် အရေးကို မည်သို့မျှ လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ဟု ခံယူ လာကြပြီ ဖြစ်သည်။

ထို့အတွက် လူထုကြီး အနေဖြင့် ယခု တိုက်ပွဲ ကျရှုံးသွားပါက လူအများ ရှေ့လျှောက် ကြမ္မာဆိုးများနှင့်သာ ရင်ဆိုင်ရဖို့ ရှိနေသည်။ ဒလန် များကို အသုံးချ၍ လက်စားချေ ဖမ်းဆီး သတ်ဖြတ်မှုများက ဆက်တိုက်ဆိုသလို ဖြစ်လာပေတော့မည်။ ရပ်ကွက်ထဲရှိ ဒလန်များကို မျက်နှာချို သွေးရတော့မည့် ကိန်း ဆိုက်လာပေတော့မည်။

CDM လှုပ်ရှားမှုကြီး ကိုလည်း အပြီးဖြိုဖျက် နိုင်ရန် တရားစွဲမည်ဆိုကာ ခြိမ်းခြောက်လာကြသည်။ CDM မှ လမ်းခွဲလာသူများအား နောက်ပိုင်းတွင် နည်းမျိုးစုံဖြင့် ပညာပြကာ အလုပ်မှ ထုတ်ပြစ်မည်သာ ဖြစ်သည်။ ၎င်းတို့ကို ဆန့်ကျင်ထားသူများဟု ယူဆပြီး ဖြစ်၍ မည်သို့မျှ ယုံကြည်တော့မည် မဟုတ်၊ ၈၈ အရေးအခင်း အပြီး ၃၃ ချက်ဖြင့် အရေးယူခဲ့သည့် သာဓက များက ရှိပြီး ဖြစ်သည်။

စစ်တပ်၏ ဆိုက်ဝါးထက် ပို၍ ကြောက်ဖို့ ကောင်းသည်မှာ ဂျင်လီး ဟု အမည်ပေးခံလာရသည့် အုပ်စုပင် ဖြစ်သည်။ သူတို့သည် ဂျင်ဇီးလေးများ အသက်နှင့် ရင်းကာ ပိတ်ဆို့ ဆန္ဒပြခဲ့သည်များကို သေနတ်နှင့် ချိန်ပြီး အတင်းခေါ် ကာ ဖယ်ရှားခိုင်း ခံလာရချိန်မှစ၍ ပေါ်ပေါက်လာသည့် လူတန်းစား ဖြစ်သည်။ သူတို့ကို ကြာပွတ်အစား သေနတ် နှင့် တေ့ကာ ချိန်ရွယ် ခိုင်းစေသူများအပေါ် အပြစ်မမြင်၊ အတားအဆီး လုပ်ရကောင်းလားဟု ဆိုကာ ဂျင်ဇီးလေးများအပေါ် ငြူစူလာကြသည်။ ဒလန်များကို မျက်နှာချို သွေးကြရတော့မည့် အဖြစ်ကို မစဉ်းစား။

လောလောဆယ် အထိနာဆုံး ဖြစ်လာမည်က ကုလ လုံခြုံရေး ကောင်စီမှ လက်နက် ရောင်းချမှု ပိတ်ပင်လာမည့် အရေးပင် ဖြစ်သည်။ တရုတ် နှင့် ရုရှား တို့၏ ဗီတိုကို မျှော်လင့်နိုင်စရာ ရှိသော်လည်း ဆက်လက်ပြီး အကြမ်းဖက် သတ်ဖြတ်နေပါလျှင် အဆိုပါ နိုင်ငံများလည်း ဘေးကျပ်နံကျပ် ဖြစ်လာမည်သာ၊ ဤသည်ကို မြောက်ကိုရီယားကလည်း ဥပမာ ပြထားခဲ့ပြီး ဖြစ်သည်။

ပြည်သူများက မော်တော်ယာဉ်များ လမ်းဆုံလမ်းခွများကို ဖြတ်သန်းမောင်းနှင်ပြီး ဟွန်းများ တီး၍ ဆန္ဒပြခဲ့ကြပြန်ပြီး ကားထဲတွင် လိုက်ပါလာသူများကလည်း လက်သုံးချောင်း ထောင် ၍ အလေးပြု ကြခဲ့ကြသည်။

နိုင်ငံတဝှမ်းတွင် ဟားခါးမှသည် ကော့သောင်အထိ စစ်အာဏာသိမ်းမှုကို ပြည်သူများက နည်းမျိုးစုံဖြင့် ကြံ့ကြံ့ခံ ခုခံလျှက် ရှိနေကြသည်။ ပြည်တွင်း ပြည်ပမှ လည်း အရေးတော်ပုံကြီးကို ငွေအားလူအား ဖြင့် သောင်းသောင်းဖျဖျ အားပေးလျက် ရှိနေပြီ ဖြစ်သည်။

မန္တလေးတွင် အာဏာသိမ်း တပ်များက ဆက်လက် အကြမ်းဖက် လျှက်ရှိရာ ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ အိမ်ယာဝင်း အတွင်း သို့ လက်နက်ကိုင် အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး ပြည်သူဖက်မှ သုံးဦး ကျဆုံးသွားကြောင်းနှင့် အောင်ပင်လယ်၊ ပြည်ကြီးတံခွန် နှင့် ချမ်းအေးသာစံတို့တွင် အာဏာသိမ်း တပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ကျဆုံးသွားသည်ဟု သိရသည်။

တနင်္လာနေ့ နေလည် ခန့်က လားရှိုး အမှတ် (၄) ရပ်ကွက်ရှိ ရဲဝန်ထမ်းများ နေထိုင်သည့် “ရဲရိပ်သာ” ကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု မြန်မာ နောင်း သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာ နိုင်ငံတွင် အခြေအနေများ ဆိုးသည်ထက် ဆိုးဝါးလာနေသဖြင့် အာဆီယံ မှ သံတမန်ရေး ထိုးစစ် စတင်နိုင်ရန် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးသည် အင်ဒိုနီးရှား နှင့် မလေးရှားတို့မှ တောင်းဆိုထားသည့် မြန်မာ အရေးအပေါ် အဆင့်မြင့် ဆွေးနွေးပွဲ စတင်နိုင်ရန် ဥက္ကဌ ဖြစ်သည့် ဘရူနိုင်း နိုင်ငံသို့ တနင်္လာနေ့တွင် ရောက်ရှိလာခဲ့သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သော ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ကြီးမှ အာဏာသိမ်း အဖွဲ့ဝင် ၁၁ ဦးအား ပိတ်ဆို့ ဒဏ်ခတ်ရေး များ စတင် ပြုလုပ်လာပြီး တိုးတက်မှု မရှိက ၎င်းတို့နှင့် ဆက်နွယ်နေသော စီးပွားရေး လုပ်ငန်းများပါ ထည့်သွင်းသွားမည်ဟု ဆိုသည်။

ပြင်သစ်မှ မြန်မာ အာဏာသိမ်း အဖွဲ့ကို အစိုးရဟု အသိအမှတ်ပြုမည် မဟုတ်ဘဲ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမည်ဟု ပြင်သစ် နိုင်ငံခြားကုန်သွယ်ရေး ဝန်ကြီး ဖရန်ခ် ရိုက်စ်တာ က ပါလီမန် တွင် မတ်လ ၁၇ ရက်နေ့က ပြောကြားသွားကြောင်း ရန်ကုန်ရှိ ပြင်သစ်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြင်သစ် လျပ်စစ်ဓါတ်အားပေး ကုမ္ပဏီ EDF မှ ရှမ်းပြည်နယ် အတွင်းရှိ ရွှေလီ အမှတ် (၃) ရေအားလျပ်စစ် စီမံကိန်း အကောင်အထည် ဖေါ်နေမှုအားလည်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

အမေရိကန် အစိုးရမှ နောက်ထပ် အာဏာသိမ်း အဖွဲ့၏ လက်ပါးစေ နှစ်ဦးကို ပြစ်ဒဏ်ခတ်မည့် စာရင်းထဲ ထည့်သွင်းလိုက်ပြန်သည်၊ အဆိုပါ နှစ်ဦးက ပြည်ထဲရေး ဒုဝန်ကြီး နှင့် ရဲချုပ် တာဝန်ယူထားသူ သန်းလှိုင် နှင့် အထူးစစ်ဆင်ရေး ဗျုရို တပ်မမှုး အောင်စိုး တို့ ဖြစ်သည်။ အောင်စိုးသည် မင်းအောင်လှိုင်အား တိုက်ရိုက် အစီရင်ခံရသူ ဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ ထောက်ပြခဲ့သည်၊ ထို့အပြင် တပ်မ ၃၃ နှင့် ၇၇ အားလည်း လူသတ်မှု ကျုးလွန်သော အဖွဲ့အစည်းများ အဖြစ် စာရင်းသွင်းလိုက်ပြီ ဖြစ်၍ ကမ္ဘာတွင် နာမည်ဆိုး ဖြင့် ကျော်ကြားသွားပြီး ဖျက်သိမ်းခံရဖို့ ရှိနေပေသည်။ ဤသည်ကို ကြည့်က အမေရိကန်တို့သည် မည်သူက ဘယ်လို ပါဝင်ပတ်သက်နေသည်ကို အကုန်အစင် သိထားပြီး ဖြစ်သည်မှာ ထင်ရှားနေသည်။

ထိုသို့ အနေအထားများ ကို မမှုသည့် သဘောဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဆိုသူ အောင်နိုင်ဦးက နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံနေကျ အာရှနိုင်ငံများ အနေဖြင့် ယခင်အတိုင်း ဆက်လက် လုပ်ကိုင်သွားမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြောလာခဲ့သည်။

၎င်းတို့အာဏာ တည်မြဲရေး အတွက် တိုင်းပြည်နှင့် လူမျိုးကို စတေးရန် အဆင်သင့် ရှိနေသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Credit – Unknown


Spread the love
  •  
  •  
  •  
  •  
  •  
  •