ပြည်တော်ပြန် မြန်မာ ၂၂ ဦး ထိုင်းဘက်အခြမ်းမှ ထွက်ခွင့် မရ၍ မဲဆောက်တွင် ပိတ်မိနေ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် ပြည်တော်ပြန် မြန်မာ ၂၂ ဦး ထိုင်းဘက် အခြမ်းမှ ထွက်ခွင့် မပြု၍ မဲဆောက် နယ်စပ်ဂိတ် ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ပိတ်မိနေကြောင်း နေရပ် ပြန်လာသည့် မြန်မာလုပ်သားတစ်ဦး ဖြစ်သူ ကိုအောင်သက်ဦးက ပြောဆိုသည်။

“ထိုင်းဘက် အခြမ်းကတော့၊ မြန်မာဘက်အခြမ်းက တံတား အရာရှိတွေ လာပြော ပေါ့နော်။ အဲ့လူတွေကို ထိုင်းဖက်ကနေ ဝင်ခွင့်ပြုလိုက်ပါ ဆိုပြီးပြောမှ ပေးဝင်မယ်ဆိုပြီး မနက်က စစ်သားတစ်ယောက်က လာပြောသွားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများတွင် ထိုင်းနိုင်ငံ ဘန်ကောက်မှ ပြန်လည် ဝင်ရောက်လာသူများ ပါဝင် သကဲ့သို့ မဲဆောက်ဒေသ အတွင်း အလုပ်လုပ်ကိုင် နေသူများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာအစိုးရ အနေဖြင့် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်မည့် ပြည်တော်ပြန်များ အတွက် ကြိုဆိုလက်ခံရေး လုပ်ငန်းစဉ်များ၊ ကျန်းမာရေး စစ်ဆေးမှုနှင့် Quarantine စင်တာများ ကိုလည်း ကြိုတင် ပြင်ဆင်ထားရှိပြီး ဖြစ်သည်။

မေလ ၁ ရက်မှ စ၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာသည့် ပြည်တော်ပြန် ၁၅၈ ဦးထိ ရှိနေပြီး ယနေ့တွင်မူ ထိုင်းနိုင်ငံ ဘက်အခြမ်းမှ တာဝန်ရှိသူများက ဝင်ရောက်ခွင့် မပြုသေးကြောင်း မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

“ကျွန်တော်တို့ ဘက်ကို ခွင့်တောင်းစရာ မလိုပါဘူး။ သူတို့ ဘက်ကနေ ကျွန်တော်တို့ ဘက်ကို လွှတ်မယ်ဆိုပြီး သတင်းပို့တာနဲ့ ဒီကနေ Pass ပေးတာပါ။ ကျွန်တော်တို့က သူတို့ လာမပို့လို့တောင် ဒီမှာ ထိုင်စောင့် နေရတာလေ” ဟု ၎င်းက ပြောသည်။

“သူတို့ ထိုင်းဘက်ခြမ်းက လုံးဝ ပေးမသွားဘူး။ ပေးမသွားဘဲ မြန်မာဖက်ခြမ်းက တာဝန်ရှိသူ တစ် ယောက် လာပြောပေးရင် ဖွင့်ပေးမယ်ပေါ့ ဆိုပြီး မနက်တုန်းက မောင်းထုတ်တယ်။ အလုပ်ပြုတ်လာလို့ နေစရာ စားစရာလည်း မရှိဘူး။ ဟိုက အလုပ်ပြုတ်လာလို့ အလုပ်မရှိတဲ့ အချိန်မှာမှ ပိုက်ဆံတွေ ကလည်း အရမ်းတောင်းတယ်။ ဒီလကုန်ရင် ထွက်ဆိုတော့ ရှိတဲ့ ပိုက်ဆံလေး ဘတ် ၂၀၀၀ လောက် ရှိတာကို သူငယ်ချင်းတွေ လေးငါးယောက် ဝိုင်းစုပြီးတော့ ကားငှါးပြီး အရဲစွန့်ပြီး လာခဲ့တာပါ ” ဟု ကိုအောင်သက်ခိုင်က ပြောသည်။

လက်ရှိတွင် ထိုသို့ ပိတ်မိနေသည့် အလုပ်သမားများအား မြန်မာ အလုပ်သမားသံအရာရှိ ကိုယ်တိုင် လာရောက် ညှိနှိုင်း ပေးနေသော်လည်း ယခုချိန်ထိ ဝင်ရောက်ခွင့်ပြု၊ မပြု အကြောင်းပြန်လာခြင်း မရှိသေးကြောင်း မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

“သူတို့မှာ အထောက်အထားတွေ အကုန် ပြည့်စုံပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ မနက် မိုးလင်းကတည်းက ညှိုပေးနေတာ။ ထိုင်းဘက်ကနေ ပြန်ခွင့် ပြု၊ မပြု အခုချိန် ထိ အကြောင်းပြန်တာ မရှိသေးဘူး။ သူတို့ကတော့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့် တင်ထားတယ် လို့ပြော ပါတယ်။ ဒါပေမယ့် အခုထိ ဘာမှ အကြောင်းပြန်မလာ သေးပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် မဲဆောက်ဘက်တွင် ခွင့်ပြုချက် စောင့်ဆိုင်း နေရဆဲ ဖြစ်ပြီး၊ ညှိနှိုင်း၍ မရပါက ထိုင်း မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှ ဝင်ရောက်မည်ဟု အလုပ်သမားများက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာသူများတွင် အလုပ်ဖြုတ် ခံရခြင်း၊ ရပ်နား ခံရခြင်း၊ စက်ရုံ ပိတ်သိမ်းခြင်း များကြောင့် နေရပ် ပြန်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

“သူတို့ကတော့ မလွှတ်သေးဘူးလို့ ပြောတယ်။ ကျွန်မတို့ ကတော့ ဟိုလည်း ပြန်လို့ မရတော့ဘူးလေ။ နေစရာလည်း မရှိဘူး။ အခန်းကလည်း အပ်ပြီး သွားပြီ ဆိုတော့ အခု ဒီကနေ ပြန်ခွင့် မပေးရင်တော့ ဒီနားမှာပဲ စောင့်ပြီး အိပ်မယ်လို့ စိတ်ကူးထားတယ်” ဟု မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ မစောက ဆိုသည်။

ထိုင်းအစိုးရ အနေဖြင့် လက်ရှိ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက် ကာကွယ်ရေး စီမံခန့်ခွဲမှု ဗဟိုဌာနမှ ထိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် ညမထွက်ရ အမိန့်အား မေ ၃၁ ရက်အထိ ထပ်မံ သက်တမ်း တိုးမြှင့်ထားခြင်း ဖြစ်သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •