ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို New Normal ပုံစံဖြင့်ကျင်းပရန်စီစဉ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို
New Normal ပုံစံဖြင့်ကျင်းပရန် စီစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ကျင်းပရေးဗဟို ကော်မတီအစည်းအဝေးကို ဇွန် ၃၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေသည့်ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင် စီစဉ်မှုများကြောင့် First Wave ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့် အနေအထားရှိပါကြောင်း၊ မိမိတို့သတိထားရမည့်ကိစ္စမှာ လက်ရှိရပ်တည်ထားသည့် ထိန်းသိမ်းမှုကို ဆက်လက်ထိန်းသိမ်းရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အားလုံးကိုထိခိုက်စေခဲ့ပြီး မိမိတို့၏ ငြိမ်းချမ်းရေး လမ်းစဉ်ကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးခရီးစဉ်သည် လွယ်ကူသည့်ခရီးစဉ်မဟုတ် ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမတိုင်မီကပင် ငြိမ်းချမ်းရေးခရီးစဉ်၏ ရှေ့ဆက်သွားရမည့် နည်းလမ်း များကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAO များနှင့် အမြဲမပြတ် ဆွေးနွေးခဲ့ပါကြောင်း၊ အစောပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှုများ ကြန့်ကြာသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူနိုင်ပြီးနောက်တွင် တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခဲ့ပါက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးခရီးစဉ်သည် အရေးကြီးသည့်အတွက် ကိုဗစ်-၁၉ ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ဟု ခေါ်သည့် ပုံစံဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် နှစ်စဉ်အထွေထွေညီလာခံ ကျင်းပ ပါကြောင်း၊ ယခုနှစ် အထွေထွေညီလာခံကို ပုံစံသစ်ဖြင့် ကျင်းပရန် စီစဉ်ထားပါကြောင်း၊ အထွေထွေညီလာခံ၏ General Debate တွင် ပုံမှန်တက်ရောက်နေကျ နိုင်ငံအကြီး အကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ မတက်ရောက်ဘဲ Video Conferencing ဖြင့် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ယင်းအချက်ကိုကြည့်၍ မိမိတို့အနေဖြင့် (၂၁)ရာစုပင်လုံကို ကျင်းပသည့်အခါတွင် အကျဉ်းချုံးကိုသာ လုပ်နိုင်သည့် အခြေအနေရှိသည်ဟု သုံးသပ်ပါကြောင်း။
မိမိတို့ စဉ်းစားသုံးသပ်ရာတွင် ကိုယ်စားလှယ်များကို Social Distancing ဖြင့်ထား၍ ဆောင်ရွက်မည်ဆိုပါက မည်သည့်အရေအတွက်ဖြစ်နိုင်မည်ဆိုသည်ကို ကြည့်ပါ ကြောင်း၊ ထိုသို့သုံးသပ်ရာတွင် ယခင်က ကိုယ်စားလှယ် ၇၀၀ ခန့် တက်ရောက်ပါကြောင်း၊ ယခင် ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံခန့်ဖြင့် ကျင်းပရန် အဖြေထွက် ပါကြောင်း၊ ယင်းအဖြေပေါ်မူတည်၍ EAO များနှင့် ညှိနှိုင်းသည့်အခါတွင် EAO များကလည်း ငြိမ်းချမ်းရေး ညီလာခံသည် မဖြစ်မနေ ကျင်းပသင့်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ အခြေအနေပေါ်မူတည်၍ ပြုပြင်ပြောင်းလဲမှု လုပ်ထားသည့် ပုံစံသစ်ဖြင့် ဆောင်ရွက်ရန်ကိုလည်း သဘောတူပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ချက်ချင်းထွက်ပေါ်လာသည့် အခြေအနေမဟုတ်ဘဲ Working Plan အဖွဲ့တွင် ဆက်တိုက်ညှိနှိုင်းရသည်များ ရှိပါကြောင်း၊ ညှိနှိုင်းချက်များအပေါ်မူတည်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ဖိတ်ကြားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ခန်းမအတွင်း နေရာချထား ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် တို့က အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ဧည့်ခံကျွေးမွေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က လုံခြုံရေးလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်း ညှိနှိုင်းရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌက လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေး ကြသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ငြိမ်းချမ်းရေး ကိစ္စသည် အရေးကြီးသည့်အတွက် ကိုဗစ်-၁၉ ကာလတွင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူအားလုံး၏ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များ နှင့် လမ်းညွှန်ချက်များကို အပြည့်အဝကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင် မည်ဟု ယူဆပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •