ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်တို့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များကိစ္စဆွေးနွေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါနှင့် အထူးကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၂၇ သန်းကျော် မဲလာပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ကော်မရှင်၏ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မဲပေးမှုရာခိုင်နှုန်းသည် ၇၁ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် နိုင်ငံတကာ တွင် မဲပေးမှုရာခိုင်နှုန်းအလွန်ကောင်းမွန်သည့်အနေအထားတွင် ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ သည့် မင်ဘူးများသည် ကြာရှည်ခံသည့်အတွက် ဝမ်းသာပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာရာတွင် စနစ်တကျဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျမဲပေးခဲ့မှုနှင့် မဲရေတွက်ခြင်းအပိုင်းများတွင် စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့ ပါသည်။ ၎င်းနောက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

( သတင်းစဉ် )


Spread the love
  •  
  •  
  •  
  •  
  •  
  •