ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား သံတမန်အဆက်အသွယ် ထူထောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်း

(၁၁-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း တို့နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန် အဆက်အသွယ် ထူထောင်ကြသည်။

မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား သံတမန်အဆက် အသွယ်ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာ ယူအေအီး အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Lana Zaki Nusseibeh တို့သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ ယူအေအီး အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား သံတမန် အဆက်အသွယ် ထူထောင်ရန်ကိစ္စကို ၁၇-၇-၂၀၁၂ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထပုံမှန်အစည်းအဝေးမှ သဘောတူညီခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)သည် မြန်မာနိုင်ငံ၏ (၁၂၅) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သံတမန်အဆက်အသွယ် ထူထောင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •