ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အောင်မြင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အောင်မြင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နေပြည်တော်၊ သြဂုတ် ၁၉

ဖက်ဒရယ်ကို အခြေခံသည့် ပြည်နယ်များ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ပြည်နယ်များ အတွက် ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲခွင့် သဘောတူညီချက်ကို ၂၁-ရာစု ပင်လုံ သဘောတူစာချုပ် အပိုင်း (၃) တွင် ထည့်သွင်း ချုပ်ဆိုခြင်း မပြုနိုင်သေးသည့် အပေါ် အောင်မြင်အောင် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

“အဓိက ကျော်လွှားနိုင်ခဲ့တဲ့ ကိစ္စက ရှေ့မတိုး နောက်မဆုတ် အနေအထားနဲ့ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရတဲ့ ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တစ်ဆို့မှုတွေကို ကျမတို့ ကျော်လွှားနိုင်ခဲ့ပါပြီ။ ဆက်လက် ဆွေးနွေးရဦးမယ့် ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်နဲ့ ပတ်သက်လို့ မကြာခင်ကာလ အတွင်းမှာ ပြေလည် အောင်မြင်သွားလိမ့်မယ် လို့လည်း ကျမအနေနဲ့ အပြုသဘော ရှုမြင်ပါတယ်။ သဘောတူညီမှု ရရှိအောင်လည်း ကျမတို့ ဆက်လက်ပြီး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဩဂုတ် (၁၉) ရက်နေ့က နေပြည်တော် MICC (1) တွင် ကျင်းပသည့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေ းညီလာခံ- ( ၂၁ ) ရာစုပင်လုံ အစည်းအဝေးဖွင့်ပွဲ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဉက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၃) တွင် ထည့်သွင်း ချုပ်ဆိုမည့် အခြေခံမူ (၅) ချက်အနက် ယခု ကျန်ရှိခဲ့သည့် ပြည်နယ်များ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် ယခုလ (၁၂) ရက်နေ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ ကြသော်လည်း စာချုပ်တွင် မပါဝင်ဘဲ ဆက်လက် ဆွေးနွေးရန် ဆိုသည့် သဘောတူညီချက် အနေဖြင့် ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျန်ရှိခဲ့ခြင်းမှာ နှစ်ဖက်လုံးတွင် ရှိသည့် စိုးရိမ်မှုများကြောင့် ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံက သတိပေး ပြောကြားခဲ့သည်။

“ဒီလို ကျန်ခဲ့ရခြင်း အကြောင်းအရင်းကလည်း ပြည်နယ် အခြေခံဥပဒေနဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စကားရပ် အခေါ်အဝေါ် ညှိယူလို့ မရတဲ့အတွက်လို့ ဆိုနိုင်ပေမယ့်လည်း ဝေါဟာရတွေ အပေါ်မှာ အနက်အဓိပ္ပာယ် ကောက်ယူ ဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ တကယ်တော့ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှု တွေပါပဲ။ ဒီ စိုးရိမ်မှုတွေကို ဆက်ပြီး စိစစ် သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ ဆိုတာကို အတိုင်းသား မြင်နိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သံသယနှင့် စိုးရိမ်ပူပန်မှုများသည် နှစ်ပေါင်း (၇၀) ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများ၏ သက်ရောက်မှုများကြောင့်လည်း ဖြစ်နိုင်ပြီး တစ်ဖက်နှင့်တစ်ဖက် အလျော့အတင်း ညှိနှိုင်း တိုင်ပင်သည့် ယဉ်ကျေးမှုများ အားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း အတိုင်ပင်ခံက သတိပေး ပြောကြားခဲ့သည်။

ထို့ပြင် လက်နက်အားကိုးမှ ၊ အင်အားသုံးမှ ထိရောက်မည် ဆိုသည့် နိုင်ငံရေးဓလေ့ ဆိုးနှင့် ၎င်း ဓလေ့ဆိုးကို ဖန်တီးပေးလိုက်သည့် အရင်းခံ စိတ်ဓာတ်ကို အဆုံးသတ်အောင် စွမ်းဆောင်ပေးနိုင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်သူ အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေး ပြောကြားခဲ့သည်။

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ -ရာစုပင်လုံ အစည်းအဝေးကို နေပြည်တော် MICC ( 1 ) နှင့် MICC( 2 ) တို့တွင် ဩဂုတ်လ ၁၉ ရက် မှ ၂၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး နှစ်ဖက် သဘောတူထားသည့် အချက်များအား ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ( ၃ ) အဖြစ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •