ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရာမှာ လက်မှတ်ထိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်မှ နုတ်ထွက်သွားတဲ့ အတွက် လေးပုံတစ်ပုံ မပြည့်မီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ပြောကြား သည့် မိန့်ခွန်း

=================

ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်၊ ကယားပြည်နယ် လွှတ်တော် သက်တမ်းဟာ (၃၁.၁.၂၀၁၆)ရက်နေ့က စတင်ခဲ့ပြီး (၃၁.၁.၂၀၂၁)ရက်နေ့ဆိုရင် ပြီးဆုံးတော့မှာ ဖြစ်ပါ တယ်။ ယခုလို ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၈)ကြိမ်မြောက်၊ ပုံမှန် အစည်းအဝေးတွင်  ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် မိန့်ခွန်း ပြောကြားခွင့်ရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။


ကယားပြည်နယ်လွှတ်တော်အနေနဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ဥပဒေအသစ် (၅)ခု၊ ပြင်ဆင် ချက်(၂)ကို ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး ထုတ်ပြန်၍ အတည်ပြုဖော်ဆောင်နေပါတယ်။ ဒါကြောင့် လွှတ်တော်သက်တမ်း (၅)နှစ် တာကာလအတွင်းမှာ လွှတ်တော်ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့အတွက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့အတိုင်း ပြည်သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာတွေ ပိုမိုလုံခြုံဖို့အတွက် ဥပဒေပြုရေး မဏ္ဍိုင် ကနေ ပိုမို ခိုင်မာပြီး ကောင်းမွန်သည်ထက် ကောင်းမွန် အောင် ဝိုင်းဝန်းပူးပေါင်းဖော်ဆောင်ပေးခဲ့ ကြပါတယ်။

ပူးပေါင်းဖော်ဆောင်ပေးခဲ့ကြတဲ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊  လွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော် ရုံးမှ အရာထမ်း၊ အမှုထမ်းများအားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်။

အကောင်းဆုံးဆိုတဲ့ တိုးတက်မှု၊ အကောင်းဆုံးဆိုတဲ့ စနစ်မျိုးတွေကိုတော့ ကျွန်တော်တို့တစ်တွေ ဝိုင်းဝန်းလုပ် ဆောင်ကြရအုံးမယ်ဆိုတဲ့ အသိ၊ တာဝန်နဲ့ အခွင့် အရေး တွေကို မှန်မှန်ကန်ကန်၊ အမြင်ကျယ်ကျယ်နဲ့ ရပ်တည် ပုံဖော်ကြရပါအုံးမယ်။ ကျွန်တော်တို့ရဲ့ လွှတ်တော်ပုံရိပ် တစ်ခုဟာ မှန်ကန်တဲ့ အစပျိုးမှု၊ ပုံဖော်မှု၊ ရပ်တည်မှုမျိုးနဲ့ ကျွန်တော်တို့တစ်တွေ ရပ်တည်ပုံဖော်ပေးခဲ့တယ်။

အကောင်းဆုံး ကြိုးပမ်းပေးခဲ့ကြပါ တယ်။ အကောင်းဆုံး ကြိုးပမ်းဖော်ဆောင်မှုရလဒ်များကို ပြည်သူတွေအတွက် ရော၊ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက်ပါ ကောင်း မွန်တဲ့ သင်ခန်းစာ၊ ကောင်းမွန်တဲ့ သမိုင်း၊ ရလဒ်ကောင်း တွေနဲ့အမွေကောင်းတွေကို ပေးနိုင်ခဲ့တဲ့ပုံစံမျိုးဖြစ်အောင် ကျွန်တော် တို့ အဆုံးသတ်ကြရအောင်။ အကောင်းဆုံး ပြည်သူ့ကိုယ်စားလှယ်များဖြစ်အောင် ကျွန်တော်တို့ တစ်တွေ ဆက်လက်ကြိုးပမ်းနိုင်ကြပါစေလို့လည်း တိုက်တွန်းအားပေး လိုပါတယ်။ သွေးသစ်လောင်းဖို့ တစ်ခုအတွက်ဆိုရင်တော့ ကျွန်တော်တို့တစ်တွေ အချိန် တစ်ခု ထပ်ယူကြရပါအုံးမယ်။

စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု ကဏ္ဍတွေကို ကျွန်တော်တို့ရဲ့ အစိုးရအနေနဲ့ တတ်စွမ်း သလောက်၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ဝါယမစိုက်ထုတ် ကြိုးပမ်းခဲ့ကြ တာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲ နီးကပ်မှ ယခုကဲ့သို့ စွပ်စွဲပြစ်တင်သည့် ဖြစ်စဉ်မျိုး ပေါ်ပေါက်လာမှုဟာ ကျွန်တော်တို့ ပြည်နယ်အတွက် စိတ်မကောင်းစရာပါ။ ကျွန်တော်တို့တစ်တွေဟာ မညီ ညွတ်တဲ့၊ မမျှတတဲ့ လုပ်ရပ်မျိုးတွေကို လုပ်မိကြမယ်၊ ဥပဒေကို မှန်မှန်ကန်ကန် မကြည့်ကြဘူးဆိုရင် ပထမဆုံး ကတော့ ပြည်သူအတွက် ထိခိုက်မယ်၊ တိုင်းပြည်အတွက် ထိခိုက်မယ်၊ နောက်ဆုံးကိုယ့်လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက် နိုင်တယ်။ နောက်ပြီးကိုယ့်သိက္ခာ၊ ကိုယ့်အဖွဲ့ အစည်းရဲ့ ဂုဏ်သိက္ခာတွေကိုများစွာ ထိခိုက် နိုင်တယ် ဆိုတာ ကျွန်တော်တို့တစ်တွေ အသိတရား၊ သတိတရား များစွာနဲ့ သတိထား ကြရမှာပါ။

ကျွန်တော်တို့တစ်တွေဟာသာမန်လူတွေမဟုတ်ပါဘူး၊ ပြည်နယ်အကျိုးဆောင်ရွက် ကြမယ့် ပြည်သူ့ကိုယ်စား လှယ်များ ဖြစ်ကြပါတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့၊ တရားမျှ တမှု မရှိတဲ့ လုပ်ရပ်မျိုးကို ဂုဏ်သိက္ခာရှိစွာနဲ့ ရှောင်ကြဉ် ကြရမှာပါ။ မှန်ကန် မျှတတဲ့  ဥပဒေ မူဘောင်တွေကို လိုက်နာဖော်ဆောင်ကြရမှာပါ။

တစ်ဆက်တည်းအနေနဲ့ ပြည်နယ်အစိုးရကဏ္ဍကိုလည်း အကျဉ်းမျှ တင်ပြလိုပါ တယ်။ အစိုးရရဲ့ တာဝန်တွေအထဲ မှာမှ ပြည်သူတွေရဲ့ လူမှုစီးပွားအခန်းကဏ္ဍကို ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဖော်ဆောင်ပေးရမယ် ဆိုတဲ့ အချက်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပထဝီ ဝင် အနေအထားအရ တစ်ဖက်ပိတ်၊ ကုန်းတွင်းပိတ်  ကျွန်တော်တို့ရဲ့ ကယားပြည်နယ်ကြီးကို လမ်းကြောင်း တစ်ခု၊ တံခါးတစ်ပေါက် ဖွင့်ပေးနိုင်မှ တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကြီးဖြစ်အောင် ဖော်ဆောင် ပေးနိုင်မှ ကယားပြည်နယ် ဟာ ဖွံ့ဖြိုးတိုးတက်လာမှာပါ။

ဒီအချက်ကို ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လေးနှစ်ကျော်ကာလအတွင်း တစ်စိုက်မတ်မတ် ကြိုးပမ်း ဖော်ဆောင်ခဲ့ပါတယ်။ နှစ်နိုင်ငံ မူဝါဒတွေနဲ့အညီ ပြည် ထောင်စု/ ပြည်နယ်အဆင့်ဆင့် စနစ်တကျ ဝိုင်းဝန်း ကြိုးပမ်း ဖော်ဆောင်ခဲ့ကြပါတယ်။ ခရီးဆုံးပန်းတိုင် တစ်ခုအထိ မရောက်ရှိသေးပေသော်လည်း ယခုအချိန် အခါမှာဆို ယခင်တရားမဝင် ကုန်စည်ရောင်းဝယ်စီးဆင်း မှုမှ ယခုတရားဝင်ကုန်စည် ရောင်းဝယ် စီးဆင်းမှုဖြစ်နေ ပါပြီ။ ယခင်က အကြောက်တရားတွေ ကြီးစိုးမှုတွေရှိခဲ့ရာ မှ ယခုဆိုရင် လွတ်လပ်မှု၊ လုံခြုံမှုတွေနဲ့ မှန်မှန်ကန်ကန် ပေါင်းစပ်ပူးပေါင်းဖော်ဆောင်မှုတွေ ရနေပါပြီ။

ပြည်သူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ရရှိဖို့ တစ်ဖက်ပိတ် ကုန်းတွင်းပိတ် ကျွန်တော်တို့ရဲ့ ပြည်နယ် ကြီးကို ကျွန်တော်တို့ရဲ့ အစိုးရအနေနဲ့ မူဝါဒနှင့်အညီ တရားဝင် တံခါးကို ဖွင့်ပေးနိုင်ခဲ့ပါပြီ။ ပန်းတိုင်ရောက်ဖို့ ကတော့ နှစ်နိုင်ငံအစိုးရ G to G အဆင့်နဲ့ လည်း ညှိနှိုင်း ပြီးစီးပြီး MoU ရေးထိုးပြီးရင် ပန်းတိုင်ရောက်ပြီ ဆိုတာ ကိုလည်း ဒီကနေ့ လွှတ်တော်မှာ တင်ပြလိုပါ တယ်။

နောက်တစ်ချက်အနေနဲ့ကတော့ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးနဲ့ ရေရရှိရေး တို့ကိုလည်း အလေးထား ဖော်ဆောင်လျက်ရှိပါတယ်။ မြို့နယ် (၇)မြို့နယ်စလုံးရဲ့ မြို့တွင်း လမ်းမကြီးတွေကို နိုင်လွန်ကတ္တရာ AC လမ်း တွေ ခင်းပေးနိုင်ခဲ့ပါတယ်။ (၇)မြို့နယ်လုံး ဆက်သွယ် ရေး လမ်းတွေတော့ အားလုံးကောင်းနေပါပြီ။ ဒါကိုတော့ ကျွန်တော်တို့ ပြည်သူ တွေအားလုံး မျက်ဝါးထင်ထင် တွေ့မြင်နေကြပါပြီ။ လျှပ်စစ်မီးနဲ့ သောက်သုံးရေရရှိရေး အတွက်လည်း အလေးထားကာ ပိုမိုပြည့်စုံသည်ထက် ပြည့်စုံအောင် ဆက်လက်ကြိုးပမ်း သွားရမှာပါ။ ယနေ့ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းမှုဟာ ပြည်နယ်အတွက် ပြီးပြည့်စုံပြီလို့ သဘောထားမျိုးနဲ့ တင် ပြတာ မဟုတ်ပါဘူး။ ကျေးရွာချင်းဆက်လမ်း၊ ရွာတွင်း လမ်း၊ ရေ၊ မီးရရှိရေးသာမက ဆက်လက်လုပ်ဆောင် ပေးရမယ့် အခြေအနေတွေ လည်း များစွာကျန်ရှိနေပါ သေး တယ်ဆိုတာလည်း ဝန်ခံပါတယ်။ ဆက်လက်ပြီး လုပ်ဆောင်ပေးမယ့် အစီအမံ လျာထားချက်တွေလည်း ဖော်ဆောင်ဖို့ စီမံကြိုးပမ်းနေတယ် ဆိုတာကို ဒီကနေ့ လွှတ်တော်မှာ တင်ပြလိုပါတယ်။
“ကျွန်တော်တို့ရဲ့ကယားပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ ဝိုင်းလုပ် ကြရအုံးမယ်” ဆိုတဲ့ အသိ ကျွန်တော့်မှာ အမြဲရှိသလို လက်တွေ့ဖော်ဆောင်နိုင်ဖို့ လည်း အမြဲဝါယမစိုက်ထုတ် ကြိုးပမ်းလျက်ရှိတယ် ဆိုတာ ယနေ့လွှတ်တော်မှာ တင်ပြလိုပါတယ်။

ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်အားလုံးနဲ့ ပြည်သူတွေ တစ်ရပ်လုံးမှာလည်း အမှန်တကယ် ကြိုးပမ်းဖော်ဆောင် လိုတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုပြောင်းလဲဖော်ဆောင် ပေးကြပါ။ ပိုမိုကောင်းမွန်တဲ့ စနစ်ကြီး တစ်ခု ပေါ်ပေါက်လာအောင် ကျွန်တော်တို့တတွေေ ဝိုင်းလုပ်ကြရအုံးမယ်ဆိုတဲ့အသိမျိုးမဖြစ်မနေရှိနေပေးကြပါ။ ဒီမိုကရေစီအပင်ပေါက်လေး ပိုမိုရှင်သန်ခိုင်မြဲ ကြီးထွားဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိမျိုး ခံယူ ဖော်ဆောင်ပေးကြပါ။

ကျွန်တော်တို့တစ်တွေဟာ တာဝန်နဲ့အခွင့်အရေးအပေါ် မှာ မိမိ ကိုယ်တိုင်၊ ကိုယ့်မြို့နယ်၊ ကိုယ့်ပြည်နယ်၊ ကိုယ့် နိုင်ငံအတွက်ပါ မွန်မြတ်တဲ့ စိတ်ဓါတ်၊ ခံယူချက်များနဲ့ လိုက်နာဖော်ဆောင်ပေးကြပါ။ ကောင်းမွန်မှန်ကန်တဲ့ အခွင့်အရေးမျိုး မဆုံးရှုံးရလေအောင် တည်ဆဲမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပိုမို ကောင်းမွန်အောင် လိုက်နာပူးပေါင်းပြင်ဆင်ဖော်ဆောင် သွားကြပါလို့ တိုက်တွန်း လိုပါတယ်။

ဒီနေရာမှာ ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲ ပြစ်တင်ခြင်း အကြောင်းကို အလျဉ်းသင့်လို့ ထည့်သွင်း ပြောကြားလိုပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၃ (က) ပြဋ္ဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်ကြောင်း စွပ်စွဲပြစ်တင်ချက်ဖြင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြမှုပါ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကနေတစ်ဆင့် အရေးယူ ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ လေးပုံတစ်ပုံက လက် မှတ် ရေးထိုးပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြမှု ပါ။ ဒီနေရာမှာ လက်မှတ်ရေးထိုးထားတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်မှ နုတ်ထွက်သွားတဲ့ အတွက် လေးပုံတစ်ပုံ မပြည့်မီတာ ကိုလည်း တွေ့ရှိရပါတယ်။
စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ဦးသဲရယ်မှ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် အဖွဲ့ဝင်(၅)ဦးဖြင့် ဖွဲ့စည်း စစ်ဆေးခဲ့ ပါတယ်။ ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၁)ဦးတို့ ကိုယ်တိုင် စွပ်စွဲသူ များတွင် ပါဝင်နေတာကိုလည်း အားလုံးက သိပြီးသား ဖြစ်ပါတယ်။ ဒီကိစ္စမှာ စွပ်စွဲသူများ ကိုယ်တိုင် စစ်ဆေးသူ အဖြစ် ပါဝင်နေခြင်းဟာ တရားလိုက တရားသူကြီး သဖွယ် ဆောင်ရွက်နေတယ်လို့ အများပြည်သူအနေနဲ့ ထင်မြင်ယူဆဖွယ်ရာ ဖြစ်နိုင် ပါတယ်။

ဒါ့ကြောင့် ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးမှုဟာ မှန်ကန်မျှတဲ့ စစ်ဆေးမှု မျိုးတော့ ဖြစ်လာနိုင်ဖွယ်ရာ မရှိဘူးလို့ သုံးသပ် ထင်မြင်ဖွယ်ရာတွေ ဖြစ်နေပါတယ်။
ကျွန်တော်တို့ အနေနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာရဲ့ ဇစ်မြစ်တစ်ခုကို ရှာဖွေခဲ့ပါ တယ်။ အစိုးရတစ်ရပ်ဖြစ်တဲ့ အတွက် ဥပဒေချုပ်ရဲ့ ဥပဒေအကြံဉာဏ်ယူခဲ့ပါတယ်။ ယခု ကိစ္စဟာ ပြည်နယ်အစိုးရအဖွဲ့၊ တာဝန်ရှိသူများမှ လွှတ်တော်အစည်းအဝေးများမှာ အကြိမ်ကြိမ် ရှင်းလင်း ပြောကြားခဲ့ပြီးသား ကိစ္စလည်းဖြစ်ပါတယ်။

လွှတ်တော်အစည်း အဝေးမှာတင်မက သက်ဆိုင်ရာ ဌာနများမှလည်း အထောက်အထားခိုင်လုံစွာနဲ့ တင်ပြ ထားပြီးသားကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ရဲ့ လမ်းညွှန်ချက် အတိုင်းလည်း အလေးထားလိုက်နာ ဖော်ဆောင်ခဲ့ပြီးပါပြီ။

စွပ်စွဲပြစ်တင်တဲ့ အချက်နှစ်ချက်ကို ကြည့်မယ်ဆိုရင် တော့ ပထမ အချက်ကတော့ စက်ယန္တရားကိစ္စပါပဲ။ ယခင် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်ကတည်းက ဝယ်ထား တဲ့ကိစ္စပါ။ ဒေသဖွံ့ဖြိုးရေးအတွက် ရည်မှန်းတဲ့ ရည်ရွယ် ချက်ကောင်းတစ်ခုပါ။ ခရိုင်၊ မြို့နယ်ဒေသ ဖွံ့ဖြိုးရေး အတွက် ရည်မှန်းခဲ့တာပါ။ ဖော်ဆောင်အသုံးချမှုပေါ် မူတည်ပြီး အားနည်း၊ အားသာချက်များရှိခဲ့ပါလိမ့်မယ်။

အားနည်းချက်များကိုအချိန်မီ သိရှိပြီးရင် ချက်ချင်းပြင် နိုင်မှသာ ကောင်းမွန်မှန်ကန်တဲ့ အကျိုးတရားနဲ့ ရလဒ် တစ်ခုရနိုင်မှာ ဖြစ်ပါ တယ်။ ဒီလို ကောင်းမွန်မှန်ကန်တဲ့ ရလဒ်အကျိုးတရား တစ်ခုရရှိဖို့ကို ကျွန်တော်တို့ အစိုးရ တစ်ရပ်အနေနဲ့လည်း တည်ဆဲမူဝါဒ၊ နည်းလမ်းနဲ့အညီ ဖော်ဆောင်နိုင်ဖို့ အမြဲ ကြိုးပမ်းလျက်ရှိပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေတွေကို ပြည်နယ်ဒေသဖွံ့ဖြိုးရေး အတွက် ဘဏ္ဍာရေးမူဘောင်တွေနဲ့အညီသာ သုံးစွဲဖို့ အမြဲပြင်ဆင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဘဏ္ဍာငွေ သုံးစွဲမှုနဲ့ပတ်သက်ရင်တော့ မလွဲမှားရလေအောင် ပြည်နယ်စာရင်းစစ် ချုပ်ရဲ့ အကြံပြုချက်၊ သဘောတူညီ ချက်တွေ ရယူနိုင်ရေးအတွက် (၁၂.၄.၂၀၁၉) ရက်နေ့၊ ပြည်နယ်အစိုးရအဖွဲ့(Cabinet) အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၉) အထိ ဖိတ်ကြား၍ အစဉ်တစိုက်တက်ရောက် စေခဲ့သလို နောက်ပိုင်းတွင်လည်း လိုအပ်လျှင် လိုအပ် သလို ဖိတ်ကြား၍ တက်ရောက်စေခဲ့ပါတယ်ဆိုတာ ဒီကနေ့ လွှတ်တော်မှ သိရှိနိုင်ဖို့ တင်ပြလိုပါ တယ်။

စက်ယန္တရားနဲ့ပတ်သက်ပြီး စာရင်းစစ်ဆေးမှု ခံယူထား ပြီးဖြစ်တဲ့အပြင် စာရင်းစစ် အစီရင်ခံစာ ထွက်ရှိပြီးတဲ့ ကိစ္စဖြစ်ပါတယ်။ စာရင်းစစ်အစီရင်ခံစာပါ အကြံပြုချက် များ ပေါ်မှာလည်း ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလေးထား လိုက်နာ၍ ပြီးပြတ်အောင် ဆောင်ရွက်ပြီး တဲ့ ကိစ္စလည်းပါတယ်။

ထို့အပြင် ဒုတိယအကြိမ်၊ ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်၊ ပုံမှန် အစည်းအဝေးတွင် အတည်ပြု  ခဲ့သည့် “ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် ယာဉ်/ယန္တရား များ လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန်” အဆိုအပေါ်တွင် လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်အရ နိုင်ငံတော်သမ္မတ ရုံး၏(၁/၂၀၁၇)ညွှန်ကြားချက်နှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်၍ ရောင်းချရငွေအားလုံး ကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းအကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ပြီးပြတ်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားလိုပါသည်။

ဒုတိယအချက်အနေနဲ့ကတော့ မြို့မြေနှင့် ကျေးရွာမြေ စီမံခန့်ခွဲရေး ကိစ္စဆိုတာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ဇယား(၁)ထဲမှာပါတဲ့ကိစ္စပါ။ အစိုးရစီမံခန့်ခွဲ ပိုင်ခွင့် ဆိုတာ ပြည်နယ်အစိုးရအဖွဲ့ကို ဆိုလိုခြင်း မဟုတ် ဘဲ ပြည်ထောင်စုအစိုးရကို ဆိုလို ရည်ညွှန်းခြင်း ဖြစ်ပါ တယ် ဆိုတာကိုလည်း သတိပြုဖို့လိုမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ကိစ္စရပ်တစ်ခုဟာ ပြည်နယ်လွှတ်တော်က အဆို ပြုရမည့် ကိစ္စရပ်လား၊ ပြည်ထောင်စုလွှတ်တော်က အဆိုပြုရမည့် ကိစ္စရပ်လား ဆိုတာကိုလည်း ကွဲကွဲ ပြားပြား သိမြင်အောင်လုပ်ပြီး ပြည်နယ်၊ ပြည်သူများ အတွက် အဆို တို့၊ ဥပဒေတို့ကို မှန်မှန်ကန်ကန် ဆောင် ရွက် စေချင်ပါတယ်။

ယခုလို လွဲမှားတင်သွင်းခဲ့တဲ့ အဆိုတွင် ပါဝင်ခဲ့သည့် အချက်တွေနှင့် ပတ်သက်ပြီး လွှတ်တော်အစည်းအဝေး များမှာသာမက သက်ဆိုင်ရာဌာနများမှလည်း အထောက် အထား ခိုင်လုံစွာနဲ့ တင်ပြထားပြီး ဖြစ်ပါတယ်။ အုပ်ချုပ် ရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ရင်တော့ ပြည်ထောင်စု အစိုးရက ဖြေရှင်းပေးခြင်း၊ ဆုံးဖြတ်ပေးခြင်းကို ပြည်နယ် အစိုးရအနေနဲ့ လိုက်နာရပါမယ်။ အဆိုတွင် ပါဝင်ခဲ့သည့် ကယားဒေးကွင်းမြေနေရာအနီးရှိ မြေနေရာကို စီမံခန့်ခွဲ ခြင်း သည် မြို့မြေအတွင်းကျရောက်လျှက်ရှိပြီး ဇယား (၁) မှာပါတဲ့အတွက် ပြည်ထောင်စုမှ စီမံခန့်ခွဲရမှာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် ပြည်နယ် အစိုးရအနေနဲ့ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် ရရှိချိန်မှ စလို့လမ်းညွှန်ချက် အတိုင်း အလေးထားလိုက်နာဆောင်ရွက်ထားပြီး ဖြစ် ကြောင်းကိုလည်း ယနေ့လွှတ်တော်သို့ တက်ရောက် လာသူ အားလုံး သိရှိစေရေး ထပ်မံတင်ပြအပ်ပါတယ်။

ယခုလို ပြည်နယ်ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ကျွန်တော့ရဲ့ ပြောကြားချက်တွေဟာ စွပ်စွဲပြစ်တင်ချက် မှာ ပါဝင်တဲ့ စက်ယန္တရားကိစ္စ၊ မြေနေရာကိစ္စတို့နဲ့ ပတ် သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး၊ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ် စာရင်းစစ်ချုပ် ရုံးရဲ့ အကြံပြုချက်တွေအပေါ် အလေးထားလိုက်နာ ဖော် ဆောင်ပြီး ဖြစ်ပါ တယ်။ ဒါ့ကြောင့် ဒီကိစ္စပေါ်မှာအခြေခံ ပြီး စွပ်စွဲပြစ်တင်ခြင်းဟာ မှားလား၊ မှန်လားဆိုတဲ့ အဖြေ ကို ယနေ့ လွှတ်တော်မှာပဲ သမာသမတ်ရှိရှိ ဆုံးဖြတ်နိုင် ကြပါစေလို့ပဲ တိုက်တွန်း အပ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကိုကြည့်ပြီး ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်း ရဲ့ ဂုဏ်သိက္ခာက ပြည်နယ်အတွက် ဘယ် လောက် တန်ဖိုးရှိမလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မြင်တွေ့ ကြရမှာပါ။

ယခုတင်ပြမှုများကို ကြည့်ပြီး ကျွန်တော်တို့အားလုံး အနေနဲ့ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှန်နဲ့ အမှားကို အတိုင်းအတာတစ်ခုထိ သိရှိပြီးပြီ ဆိုတော့ တည်ဆဲ မူဝါဒများနဲ့အညီ တိတိကျကျ လိုက်နာ ဖော်ဆောင် ပေးကြပါ။  မှန်မှန်ကန်ကန် လိုက်နာ ပြီး အများပြည်သူအတွက်၊ နောင်လာ နောင်သားများ အတွက် ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးဟာ နည်းမှန်လမ်းမှန်နဲ့ဝိုင်းဝန်းကြိုးပမ်း ဖော် ဆောင်ပေးနေ ကြပါတယ်ဆိုတဲ့ အမွေကောင်း၊ ရလဒ် ကောင်းမျိုးကို သင်ခန်းစာကောင်းများအဖြစ်ထားခဲ့ ပေးနိုင်ကြပါစေ။

ပုဂ္ဂိုလ်ရေးဆန်တဲ့ တိုက်ခိုက်မှုမျိုး၊ နိုင်ထက်စီးနင်း ပြုမူဆောင်ရွက်တဲ့ ပြုမူမှုမျိုး တွေဟာ ကျွန်တော်တို့ ကယားပြည်နယ် လွှတ်တော်အတွင်းမှာ ကင်းဝေးပြီး ကယား ပြည်နယ်လွှတ်တော်အတွင်းမှာ၊ လွှတ်တော် သမိုင်း မရိုင်းရလေအောင် မှန်မှန်ကန်ကန် ဝိုင်းဝန်း ထိန်းသိမ်းနိုင်ကြပါစေ။ ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး အနေနဲ့ လွှတ်တော်ကိုယ်စား လှယ်များ လိုက်နာရမည့် ကျင့်ဝတ်များနဲ့အညီ လွှတ် တော် ရဲ့ဂုဏ်ကို ဖော်ဆောင်ပေးကြပါစေလို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •