( ပြည်မြို့အဝင်က ပျူရုပ်တုများနဲ့ ) နေရာ အထားအသို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

( ပြည်မြို့အဝင်က ပျူရုပ်တုများနဲ့ ) နေရာ အထားအသို

 

ဒီ ပျူကြေးရုပ်၅ရုပ်က ပျူခေတ် ယဥ်ကျေးမှုအနုပညာ အဆင့်အတန်း ဘယ်လောက်မြင့်မား နေပြီ ဆိုတာကို ဖေါ်ပြပေးတဲ့ အကောင်းဆုံးသော အထောက်အထားဖြစ်ပါတယ်။

ဒီအရုပ်ကလေးတွေကို ၁၉၆၇ခုနှစ်မှာ ဘုရားမာစေတီအနီး တူးဖော်မှု ကုန်းအမှတ် (၈) ကတူးဖော်ရရှိခဲ့တာဖြစ်ပါတယ် ။

တွေ့ရှိပုံက အမြင့် ၁၁လက်မ ရှိတဲ့ ကြေးခေါင်းလောင်း အတွင်းက ရရှိခဲ့တာဖြစ်ပါတယ်၊ ပျူကြေးရုပ်လေးတွေရဲ့အရွယ်အစားက အမြင့် ၄လက်မခွဲစီရှိကြပြီး ပလွေမှုတ်နေဟန်၊ ဗုံတီးနေဟန်၊ ခွက်ခွင်းတီးနေဟန်၊ ပျော့ပျော့ပျောင်းပျောင်းနွဲ့နှောင်းစွာကနေဟန်နဲ့ ပုကွကွခါးကုန်းကုန်းအမူအရာနဲ့ သူ့ရဲ့ကျောကုန်းပေါ်မှာ အထုပ်လေး တစ်ထုပ်တင်လို့ ပြောင်နေတဲ့ လူရွှင်တော်ဟန် တို့ပဲဖြစ်ပါတယ်။

တူးဖော်ရရှိပြီး ပြတိုက်မှာပြသထားခဲ့ရာက ၁၉၆၇ခုနှစ် မတ်လ ၆ရက်နေ့မှာ လူရွှင်တော်အရုပ်ကလေးကလွဲပြီး ကျန်အရုပ်များကို ခိုးယူခြင်းခံခဲ့ရပါတယ်။

ဒီခိုးယူခံခဲ့ရတဲ့အရုပ်ကလေးတွေဟာ နိုင်ငံခြားတိုင်းပြည်များသို့အဆင့်ဆင့်ရောက်ရှိသွားခဲ့ပြီး ဤအရုပ်များကို ဝယ်ယူခဲ့တဲ့ အမေရိကန်သန်းကြွယ်သူဌေးကြီးက မြန်မာနိုင်ငံရှေးဟောင်း သုတေသနဌာနသို့ ၁၉၈၃ခုနှစ် နိုဝင်ဘာ၁၈ရက်နေ့မှာ မြန်မာပညာရှင်များ နှင့် အစိုးရရဲ့ကြိုးစားအားထုတ်မှုကြောင့်ပြန်လည် ရရှိခဲ့ပါတယ်။

 

ဒီကခြေသည်ကြေးရုပ်ကလေးတွေရဲ့ ယဥ်ကျေး မှုတန်ဖိုးဟာ အင်မတန်မှကြီးမားလှပါတယ်။ ဒီအရုပ်ကလေးတွေမှာ ပါတဲ့ တူရိယာပစ္စည်းလေးတွေကို လေ့လာပြီး ပျူခေတ်မှာ ဂီတ တူရိယာတွေကို ကောင်းကောင်းတီထွင်နိုင်နေကြပြီဆိုတာ အထင်အရှားပါပဲ။ ဒါ့ပြင် ဒီပါရှိတဲ့ တူရိယာတွေကိုအခြေခံလို့ ပျူခေတ်က ဂီတသံစဥ်များကိုလည်း ပြန်လည် ဖော်ထုတ်ခဲ့နိုင်လို့ အနုပညာဂီတဖက်မှာ အတော်လေးအကျိုးများလှပါတယ်။

ဒါကြောင့်ဒီအရုပ်ကလေးတွေဟာ တိုင်းပြည်အတွက် အလွန်အရေးပါရှိပြီး ဒီအရုပ်ကလေးတွေရရှိတဲ့ သရေခေတ္တရာ၊ပြည်ဒေသ ဟာလည်း အင်မတန်မှ ဂုဏ်မြင့်စရာ ဂုဏ်ယူစရာပါ။

ယခု ဒီအရုပ်ကလေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်မြို့ရဲ့အထွက် အောင်လံမြိုနဲ့ ပေါက်ခေါင်းမြို့ကိုသွားတဲ့ လမ်းဆုံ အရပ်အခေါ် တာဂွ၊ ကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းလည်းကျရောက်နေတဲ့နေရာမှာ ပုံစံတူစိုက်ထူထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီအရုပ်ကလေးတွေကို ပုံစံအကြီးထုလုပ်ထားတာ အင်မတန်မှ လက်ရာမြောက်လှပြီး ထုဆစ်ပေးတဲ့ သူကိုလည်း အင်မတန်ချီးကျူးမိပါတယ်။ မူလ ပျူရုပ်သေးသေးလေးတွေနဲ့ တစ်ပုံစံထဲ တူအောင် ထုလုပ်နိုင်ပြီး လက်ရာမှာလည်း အင်မတန်သေသပ်လှပါတယ် ။ဒီအရုပ်ကလေးတွေရဲ့ အောက်မှာ ပလ္လင်ခုံ အရှည်ကိုခံထားပြီး အရုပ်ကလေးတွေရဲ့ ခြေရင်းမှာ ပျူခေတ်အသုံးပြုခဲ့တဲ့ ပုတီးစေ့ရောင်စုံနဲ့ အနားကို ပါတ်ထားတာ အင်မတန်ကျက်သရေရှိလှပါတယ်။ ဒီအထိ အတော်လေး အစဥ်ပြေပေမယ့် အောက်ခံပလ္လင်ခုံရဲ့ နဘေး ပါတ်လည်မှာတော့ ပျူခေတ်အသုံးပြုခဲ့တဲ့ ပျူဒင်္ဂါးနဲ့ အချယ်အလှယ်ပြုလုပ်ထားပါတယ် ။ဒီနေရာမှာတော့ အနဲငယ်ထောက်ပြစရာလေးရှိနေပါတယ်။

ပျူခေတ်ဒင်္ဂါးများမှာပါဝင်တဲ့အမှတ်တံဆိပ်လက္ခဏာ များဟာ အင်မတန်မှ မွန်မြတ်လှပါတယ်။ ပျူခေတ်မှာ အထွတ်အမြတ်လည်းထားရှိခဲ့ကြောင်းလည်း အထောက်အထားများအရ တွေ့ရတယ် မြတ်စွာဘုရားရဲ့ စက်လက္ခဏာ တွေအနေနဲ့ ဘုရားခြေတော်ရာတွေမှာ အထင်အရှားအသုံးပြုခဲ့ကြပါတယ်။ သို့ပေမယ့် ပျူဒင်္ဂါးများကို လူအရုပ်တွေရဲ့အောက် ပလ္လင်ခုံနဘေးမှာ တန်ဆာဆင်ထားခြင်းဖြင့် အမှတ်တရ ဓါတ်ပုံလာရောက်ရိုက်ကူးကြမည့် အမျိုးသား အမျိုးသမီးတို့ရဲ့ ခြေထောက်၊ လုံချည်၊ထမီတို့နဲ့ တစ်တန်းထဲဖြစ်နေတာကို တွေ့ရှိရပါတယ် ။

ထုဆစ်သူဟာ လက်ရာအင်မတန်ကောင်းမွန်ပြီး ပညာရှိသတိဖြစ်ခဲဆိုသလို အပေါ်က သူရဲ့ လက်ရာပြောင်မြောက်မှုကို သမျှောမိပါတယ်။ ဒါကြောင့် ဒီပျူဒင်္ဂါးလေးတွေကို အမြင့်တစ်နေရာ ရွေ့လိုက်ရင် အင်မတန်မှ သင့်တော် ပါလိမ့်မယ်။ ပျူခေတ်ရဲ့အနုပညာဂုဏ်တောက်ပမှုဟာ ယနေ့ ပြည်မြို့ကြီးကို ပါ ထင်ဟပ် တင့်တယ်စေပါလိမ့်မယ်ဆိုတာ စေတနာရှေ့ထား ရေးသားလိုက်ပါတယ် ။

#kmw


Spread the love
  •  
  •  
  •  
  •  
  •  
  •