ပြည်လမ်း မြေအောက်လမ်းကူးလူသွားဥမင် ၈၅ ရာခိုင်နှုန်းခန့် ပြီးပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမာရွတ်မြို့နယ်၊ ပြည်လမ်း မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းမှ မြေအောက်လုပ်ငန်းများ (၈၅) ရာခိုင်နှုန်းခန့် ပြီးစီး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန်၊ နိုဝင်ဘာ (၁၅)

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်း အောက်တွင် တည်ဆောက်လျက်ရှိသော မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်း၌ ယခုအခါ မြေအောက်လုပ်ငန်းများ (၈၅) ရာခိုင် နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဥမင်တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။

နိုင်ငံတကာအဆင့်မီ ဈေးဆိုင်ခန်းများပါဝင်သော ပြည်လမ်းမ၊ မြေအောက် လမ်းကူး လူသွားဥမင် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ယခုအခါ Junction Square ဘက်ရှိ အတက် စက်လှေကား မုခ်ဦးတစ်ပေါက်မှာ ဆောက်လုပ်ဆဲဖြစ်၍ ကျန်အပိုင်းများမှာ အချောသပ်လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြေအောက်လမ်းကူး လူသွား ဥမင်ကို သံကူကွန်ကရစ်အမျိုးအစားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပင်မ ဥမင်အလျား (၄၂၇) ပေ (၂) လက်မ၊ ဥမင်အမြင့် (၁၁) ပေ၊ ဥမင်ခန်းဖွင့် အကျယ် ပေ (၄၀) ရှိသည်။ ဥမင်အတွင်း လူသွားလမ်း အကျယ်ကို (၁၉) ပေ၊ (၈) လက်မအထိ ထားရှိပေးမည်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ (၆၀၀၀) ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဥမင်အတွင်း အတက် အဆင်းပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်းသူများ အသုံးပြုရန် လူ (၈) ယောက်စီး ဓာတ်လှေကား နှစ်စင်းကို ထည့်သွင်းတည်ဆောက်ထားပြီး၊ ဖြတ်သန်းသွားလာသူများ အတက် အဆင်း အဆင်ပြေချောမွေ့စေရေးအတွက် ဥမင်လျောစောက်ကို (၃၀) ဒီဂရီ သတ်မှတ်ထားကြောင်း သိရသည်။ ဥမင်အတွင်း၌ (၁၀) ပေ ပတ်လည် ဆိုင်ခန်း(၁၅) ခန်းခန့်ကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။

အဆိုပါ ဥမင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး၊၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် လုပ်ငန်းများ အားလုံးပြီးဆုံးရန် ခန့်မှန်းထားကြောင်း သိရသည်။

#Myanmaalinn


Spread the love
  •  
  •  
  •  
  •  
  •  
  •