ပြည်သူတွေနိုင်တယ် ( မျိုးသာထက် )

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူတွေနိုင်တယ်။

ညက လေလံပွဲကြည့်ရတာ တကယ်မိုက်တယ်။ လူခြောက်သောင်းကျော်လိုက်ဖ်ကြည့်နေတာ၊ အတော်များတဲ့လူစုပဲ။ အတိုင်ပင်ခံရုံးက ညွှန်ချုပ်ကိုတောင် ပြီးခါနီးတချက်ဝင်ကြည့်တာ တွေ့လိုက်သေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ဘယ်လောက်ချစ်ကြသလဲ၊ ထောက်ခံကြသလဲ၊ စိတ်ဝင်စားလဲ ဆိုတာကိုပြတာပဲ။

လက်ရေးမူပိုင်ရှင်ကလည်း ပထမ သူ့သမီးကို အမွေပေးမလို့တဲ့၊ နောက်တော့ အင်န်အယ်လ်ဒီအောင်နိုင်ရေးက ပိုအရေးကြီးတယ်လို့ ဆုံးဖြတ်ပြီး ဒီလိုလုပ်တာတဲ့။ မိုက်တယ်၊ ကြိုက်တယ်။

လေလံပွဲတင်ဆက်သူကလည်း ဈေးအမြင့်ဆုံးရအောင် ဈေးလိုက်လာအောင် ပညာစုံသုံးသွားတယ်၊ လှတယ်။ တကယ့်ဆရာပဲ။

ဝယ်သူကရော သူကလည်း မိသားစုနဲ့တိုင်ပင်ပြီး ချတာတဲ့၊ သူငယ်ချင်းတွေလည်း အတူကြည့်နေကြတယ်တဲ့။ သူက ဈေးတွေကို ခုန်ခုန်တက်ပေးတယ်။ သူပေးတယ်ဆိုတာ အင်န်အယ်လ်ဒီကို ရစေချင်လို့။ ပိုင်းပြတ်ပြီးလုပ်နေတာ သိသာတယ်၊ အဆရာထောင်မက ကြီးပွားပါစေလို့ ညကတည်းက ဆုတောင်းပေးခဲ့တယ်။

အသာဆုံးကတော့ တိုက်ရိုက်လိုက်ဖ် ကြည့်နေတဲ့ အင်န်အယ်လ်ဒီထောက်ခံသူပြည်သူတွေပဲ။ မသိရင် သူတို့ပိုက်ဆံနဲ့ သူတို့လေလံဝင်ဆွဲနေသလို။ လေလံအောင်သွားသူဟာ သူတို့ပဲ။ သူတို့က ဈေးမှန်နဲ့လည်း ရချင်တယ်၊ အင်န်အယ်လ်ဒီကိုလည်း ထိုက်ထိုက်တန်တန် ရစေချင်တယ်။

ဟိုဘက်ဒီဘက်လည်း သွေးတိုးစမ်းပြီး ခေါ်တယ်လိုက်တယ်။ ပြည်သူတွေဟာ လေလံဝင်ဆွဲနေကြတယ်လို့ ကျွန်တော်ခံစားရတယ်။

ဟိုလူ့ဘက် သူတို့လိုက်လိုက် ဒီလူ့ဘက်သူတို့လိုက်လိုက်၊ မသိရင် အဲဒီလူတွေရဲ့ စိတ်ဟာ သူတို့စိတ်ပဲ။ အဲဒီလူတွေရဲ့ ပိူက်ဆံဟာ သူတို့ပိုက်ဆံပဲ။

ဘယ်သူ့ကိုမှလည်း မနာစေချင်ဘူး၊ ရချင်သူကိုလည်း သူတို့ကိုယ်တိုင်ရမှာလို ရစေချင်တယ်။ မုဒိတာလို့ခေါ်မလား။

 

အင်န်အယ်လ်ဒီထောက်ခံသူတွေရဲ့ တသားတည်းစိတ်လို့ပြောရမှာလား။ ကိုယ့်စိတ်ထဲရှိတာကိုယ်လုပ်ပြီး အားလုံးစိတ်ဟာ အလိုလိုတူနေတာ။ တော်တော်လှတဲ့စိတ်တွေပဲ။

လေလံမှာ ၂၂၀၀ အထိ လိုက်ပေးခဲ့သူဟာ သူလိုချင်တယ်လို့ပြောတယ်။ သူက ၂၀၂၀ ဈေးနဲ့ဖြတ်ဖို့ သူ့ဖေ့စ်ဘုတ်မှာတောင် ရေးခဲ့ပြီးသားလို့ပြောတယ်။ တကယ်က ၂၂၀၀ အထိ သူလိုက်ပေးတယ်။

လေလံအောင်သူက ၂၄၀၀ အထိ ၂၀၀ ခုန်တက်ပစ်တော့ သူလိုက်ဖို့ စဉ်းစားသွားပုံရတယ်။ သူ့ရေစစ်မျဉ်းသားထားတဲ့ စည်းကိုတော်တော်ကျော်သွားခဲ့ပြီကိုး။

ဒါတောင် လေလံပွဲတင်ဆက်သူက ၂၄၀၀ ပေးသူကို ပေးကြောင်း၊ လေလံပွဲပြီးကြောင်း ကြေညာပြီးတော့မှ ဖုန်းသံမြည်လာသေးတယ်။ ဈေးထပ်မြှင့်ပေးမလို့လားတော့ မသိပါဘူး။

 

၂၄၀၀ မှာပဲ လေလံကို ဖြတ်လိုက်တယ်၊ လေလံပွဲတင်ဆက်သူက ပွဲကို ရပ်လိုက်တယ်။ သဒ္ဓါလို့ပေးတဲ့ပိုက်ဆံက ကောင်းတယ်။ အဲဒီပိုက်ဆံက တန်ဖိုးရှိတယ်၊ အသုံးခံတယ်။

လောဘနဲ့လိုက်ပေးတာ ဒေါသကြောင့်ပေးရတာက မကောင်းပါဘူး။ လေလံပွဲတင်ဆက်သူရယ် လေလံကပ်ပြုတ်သူရယ် ဖုန်းပြောကြသေးတယ်။

ပရိသတ်တွေကလည်း အားလုံးကြည့်နေကြတာပဲ၊ သိနေကြတာပဲ။ ပွဲက တော်တော်လှပါတယ်။ လေလံကပ်ပြုတ်သူဟာ တကယ့်စီးပွားရေးသမား ပီသတယ်။ ရတယ်၊ အေးဆေးပဲတဲ့။ သူ့လစ်မစ်သူသိတာကိုး။

ပြည်သူတွေဟာ နိုင်ငံရေးပါတဲ့ လေလံပွဲတပွဲကို မျက်ဝါးထင်ထင် တိုက်ရိုက်လိုက်ဖ် တွေ့လိုက်ရတယ်။

အဲဒီမှာ ချစ်ခြင်းမေတ္တာတွေပါတယ်၊ ကလေးတွေနဲ့ လူငယ်တွေရဲ့ အနာဂတ်တွေပါတယ်။ စီးပွားရေးသမားတွေရဲ့ ကြုံတောင့်ကြုံခဲ မျှတတဲ့ယှဉ်ပြိုင်မှုနဲ့ သမစိတ္တလို့ခေါ်တဲ့ မှန်ကန်တဲ့စိတ်ထားတွေပါတယ်။ ကြည့်သူတွေရဲ့ ကိုယ်နဲ့ယှဉ်တဲ့ ကိုယ်ချင်းစာတရားတွေပါတယ်။ ရကြပါစေ၊ ပျော်ကြပါစေဆိုတဲ့ ကောင်းမွန်တဲ့ မုဒိတာစိတ်တွေပါတယ်။

သူတို့ဟာ အင်န်အယ်လ်ဒီကို ရစေချင်တယ်၊ အောင်စေချင်တယ်၊ နိုင်စေချင်တယ်။ အင်န်အယ်လ်ဒီအောင်ပွဲဟာ သူတို့အောင်ပွဲလို့ ပြည်သူတွေက မှတ်ကြတယ်။

ညက ရသွားကြသူတွေဟာ လေလံအောင်သူနဲ့ အင်န်အယ်လ်ဒီလို့ သာမန်ပြောနိုင်ပေမယ့် တကယ်အောင်သွားရသွားတာက ပြည်သူတွေပါပဲ။ ပြည်သူတွေနိုင်တယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •