ပြည်သူတွေရဲ့စွမ်းအားနဲ့ covid အလွန်ကာလမှာ၊ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူတွေရဲ့စွမ်းအားနဲ့ covid အလွန်ကာလမှာ၊ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါတယ်
(ဒေါ်အောင်ဆန်းစုကြည်)

ဒီကနေ့ ဇွန်လ(၁)ရက်နေ့ဖြစ်ပါပြီ။ အချိန်ရဲ့သဘောသဘာဝကထူးဆန်းပါတယ်။ တစ်ဘက်ကကြည့်ရင် သတ္တဝါတွေ လုံးဝ ပိုင်တဲ့၊ နိုင်တဲ့အရာ မဟုတ်ပါဘူး။ သူ့ဘာသာသူ သွားနေတာပဲ။ ဘယ်သူ့ကိုမှလည်း လှည့်မကြည့်၊ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်။

နောက်တစ်ဘက်ကကြည့်ပြန်တော့ အချိန်ဟာ ကိုယ်ဖန်တီးတဲ့ အတိုင်း ဖြစ်နေသလိုပဲ။ မြန်နေလား၊ နှေးနေလား၊ ကိုယ့်ပေါ်မှာပဲတည်ပါတယ်။ တစ်နေ့ဟာ အလွန်ရှည်ကြာနေသလိုဖြစ်ပြီး၊ နှစ်တွေကတော့ တစ်ခဏချင်း ပျောက်သွားသလိုနေတာလည်းရှိပါတယ်။ ကြာလှပြီထင်တဲ့ကာလ၊ တကယ်ပြန်တွက်ကြည့်လိုက်တော့လဲ ဒီလောက်မကြာသေးပါလားလို့ တွေ့ရတာလည်းရှိပါတယ်။ အချိန်ကလှည့်ဖြားတာထက် ကိုယ့်စိတ်က လှည့်ဖြားနေတာပါပဲ။

Covid ကမ္ဘာကြီးထဲ ကျွန်မတို့တွေ ရောက်နေကြတာ ဘယ်လောက် ကြာသွားပြီလဲ။ တွက်လိုက်တော့(၅)လကျော် (၆)လလောက်ရှိပါတယ်။ ဒီလောက်ကြီးလဲ မကြာသေးပါဘူး။ ဒါပေမဲ့ ဒီကာလအတွင်းမှာ ကျွန်မတို့တွေဟာ မွေးကတည်းက အလေ့အကျင့်ဖြစ်နေတဲ့ အပြုအမူတွေကို ပြောင်းကြရတယ်။ တကယ့် စိန်ခေါ်မှုကြီးပါပဲ။

ဒီစိန်ခေါ်မှုကြီးကို ရင်ဆိုင်ကျော်လွှားနိုင်ရင် ယခုအတွက်သာမက၊ နောင်မျိုးဆက်တွေအတွက်ပါ အောင်မြင်မှုကြီးဖြစ်ပါလိမ့်မယ်။ စာရေးဆရာမကြီးတစ်ဦးက ပြောဖူးပါတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တွေဟာ ခေတ်အဆက်ဆက်မှာ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်ဖို့ အင်အားတွေ ဖြစ်စေပါတယ်။ ဒို့တွေဟာ အခက်အခဲကြီးတွေကို ကျော်လွှားနိုင်စွမ်း ရှိခဲ့တယ်၊ ခုလည်းကျော် လွှား နိုင်မှာပဲဆိုတဲ့ ယုံကြည်မှု စွမ်းအားပါ။

ပြည်သူတွေရဲ့စွမ်းအားနဲ့ covid အလွန်ကာလမှာ၊ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •