ပြည်သူများနှင့် ဆက်ဆံသည့်အခါ အာဏာပြသည့်အသွင်ပုံစံမျိုးကို ရှောင်ကြဉ်ကြရန် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မှာကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Stay at home ကာလတွင် ဥပဒေအတိုင်း ဆောင်ရွက်ကာ မိဘပြည်သူများနှင့် ပြောဆိုဆက်ဆံသည့်အခါတွင် ယဉ်ကျေးမှုရှိစွာဆက်ဆံ၍ အာဏာပြသည့်အသွင်ပုံစံမျိုးကို ရှောင်ကြဉ်ကြရန် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လမ်းညွှန်မှာကြား

မန္တလေးခရိုင် Stay at home ကာလတွင် စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ကြသူများအနေဖြင့် နည်းမှန်လမ်းမှန်ဖြင့် ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ကာ မိဘပြည်သူများနှင့် ပြောဆိုဆက်ဆံသည့်အခါတွင် ယဉ်ကျေးမှုရှိစွာဆက်ဆံ၍ အာဏာပြသည့်အသွင်ပုံစံမျိုးကို ရှောင်ကြဉ်ကြမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လမ်းညွှန်မှာကြားသည်။

ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက Zoom Meeting ဖြင့် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏လုပ်ငန်းညှိနှိုင်း အစည်း အဝေးအတွင် ဝန်ကြီးချုပ်က ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ၊ ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။

“ကာကွယ်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်၊ ပြည်သူလူထုကို ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာ ကွယ်ရေးလုပ်ငန်းလုပ်ဖို့က အစိုးရတာဝန်ဖြစ်ပါတယ်၊ ကျန်းမာရေးဌာန တစ်ခုတည်းချည်းပဲ တာဝန်ယူလုပ်လို့မရပါဘူး၊ Volunteer တွေလည်း မပါမဖြစ်လိုအပ်ပါတယ်၊ အားလုံးတက်ညီလက်ညီနဲ့ ကျရာ တာဝန်ကဏ္ဍကနေ တစ်ပြိုင်တည်း လုပ်ကြရမှာဖြစ်ပါတယ်၊ မန္တလေးမှာလုပ်နေတဲ့ stay at home ကို သတ်မှတ်ရက်ပြီးတဲ့အထိ စစ်ဆေးတာကို ပုံမှန်လုပ်ရပါမယ်၊ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အားသွန်ခွန်စိုက်လုပ်ရမှာပါ၊ နည်းမှန်လမ်းမှန်နဲ့ ဥပဒေလမ်းကြောင်းအတိုင်း လုပ်ဖို့လိုပါတယ်၊ ချမှတ်ထားတဲ့လုပ်ငန်းလမ်းကြောင်းတွေအတိုင်းလုပ်ဖို့လိုပါတယ်၊ တတ်နိုင်သမျှ ပြည်သူနဲ့ဆက်ဆံတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံရပါမယ်၊ မှန်မှန်ကန်ကန်နဲ့ ရပ်တည်ပြီးပြောလို့ရပါတယ်၊ လွန်လွန်ကျွံကျွံနဲ့ ငါတို့ကအာဏာပိုင်ပဲဆိုတာမျိုး မလုပ်စေချင်ပါဘူး၊ ဒဏ်ကြေးငွေတွေကိုလည်း အကျိုးရှိတဲ့ နေရာတွေမှာသုံးသွားမှာပါ၊ အင်အားရောလုံ့လရော မလျှော့စေချင်ပါဘူး၊ တဖြည်းဖြည်း စနစ်တကျ ဖြစ်သွားပြီဆိုရင် တချို့ကိစ္စတွေဖြေလျှော့ချင်တယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကျသွားအောင် ဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်ပါတယ်”ဟု မန္တလေးဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ထည့် သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု၌ တတိယနေရာသို့ရောက်ရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် မန္တလေးတိုင်း ဒေသကြီးက ရောဂါကူးစက်မှုပြန့်ပွားမှုနှုန်းမြှင့်တက်လာသည့် တိုင်းထဲတွင်ပါဝင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများသည်အမျိုးသားရေးတာဝန်ဖြစ်ပြီးပြည်သူလူထု၏ကျန်းမာ ရေးကို ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်ကြောင်း၊ သက်ဆိုင်သူများအနေဖြင့် မိမိကျရာကဏ္ဍများမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပြီး အခက်အခဲများကြုံတွေ့လာပါက တက်ညီလက်ညီဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်း မြင့်ကမန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ၊ ထိတွေ့စပ်ဆက်မှုရှိသူများ အား ကျန်းမာရေးပြုစုစောင့်ရှောက်ကုသခြင်းလုပ်ငန်းဆောင်ရွက်မှုများ၊ သက်ဆိုင်ရာ ကျန်းမာရေးဌာန အသီးသီးက ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ RDT Test Kit နှင့် ကျန်းမားရေး အထောက်အကူပြုပစ္စည်းများ လုံလောက်မှုရှိမရှိ အခြေအနေနှင့်နေ့စဉ်စစ်ဆေးဆောင်ရွက်မှုအခြေအနေ များ၊ ကုသရေးနှင့် စောင့်ကြည့်ရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ စသည်ဖြင့် တင်ပြဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးများနှင့် ဥပဒေချုပ်၊တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ် အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုဆိုင်ရာများ၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အား swab နမူနာရယူစစ်ဆေးရာတွင် ကြန့်ကြာမှုလျှော့ကျစေရန် ဆောင်ရွက်ရေးဆိုင်ရာများ၊ မော်တော် ယာဉ်များ စစ်ဆေးရေးဂိတ်များကိုရှောင်ခွင်း၍ ဖြတ်သန်းသွားလာခြင်းမရှိစေရန် ကြပ်မတ်စွာဆောင်ရွက် သွားရေးဆိုင်ရာများ၊ stay at home သတ်မှတ်ကာလတွင် စည်းကမ်းထိန်းသိမ်း ဆောင်ရွက်နေသည့် အဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့်ဆက်ဆံရေးပြေပြစ်စေရန်ဆောင်ရွက်သွားရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရှိရာ စာရွက်စာတမ်းအတုပြုလုပ်ခြင်း၊ ဥပဒေချိုး ဖောက်ခြင်း၊ စည်းကမ်းမလိုက်နာခြင်းများရှိလျှင် တိတိကျကျ အရေးယူဆောင်ရွက်သွားရေးဆိုင်ရာများ၊ ဌာနဆိုင်ရာအချင်းချင်း အပြန်အလှန်ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ယင်းအပေါ် ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိတို့က ဖြည့်ဆည်း ပေးရမည့်အစီအမံများနှင့် ဆောင်ရွက်သင့်သည် များကို ဆုံးဖြတ်ပေးခဲ့ကြောင်းသိရသည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •