ပြန်လည် ဦးမော့လာမည့် မြန်မာ့ စီးပွားရေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြန်လည် ဦးမော့လာမည့် မြန်မာ့ စီးပွားရေး

၂၀၂၀ ဇူလိုင်လ ၁ ရက်နေ့တွင် အီးယူ နှင့် အဖွဲ့ဝင် ၆ နိုင်ငံ အစိုးရများသည် မြန်မာမှ ပေးဆပ်ရန် ရှိသော ကြွေးမြီများကို ဆိုင်းငံ့ပေးလိုက်ပြီ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။ ထို့အတွက် မြန်မာအဖို့ ၎င်းတို့အား လတ်တလော ပေးဆပ်ရန် ရှိသော ကြွေးမြီ များ၏ ၂၀% ခန့် ရှိသော ဒေါ်လာ သန်း တရာခန့် ကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပြန်လည်ကုစားနိုင်ရေး အစီအမံများတွင် အသုံးပြု နိုင်တော့မည် ဖြစ်သည်။
ရခိုင်ပြည်နယ် အရေးကြောင့် အီးယူမှ အထည်အလိပ် ကဏ္ဍတွင် အထူးအခွင့်အရေး ပေးမှုများ ပြန်လည် ရုပ်သိမ်းတော့မည်ဟူသော သတင်းများလည်း လေနှင့် အတူ ပျောက်ကွယ်သွားရပြီ ဖြစ်သည်။
ကိုဗစ်-၁၉ အား ကောင်းစွာ စီမံခန့်ခွဲနိုင်ခဲ့မှုကြောင့် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းများတွင် ခန့်မှန်း ထားကြသည်ထက်ပင် လျော့နည်းခဲ့ရသည်။ မြန်မာအား ဇူလိုင်လ လယ်ပိုင်းလောက်အရောက်တွင် လူ နှစ်သန်း ခန့် သေပြီး ထိုပမာဏ၏ ခြောက်ဆခန့် ကူးစက်နိုင်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း တကယ်တမ်းတွင် အတည်ပြု ကူးစက်ခံရသူ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး နှင့် ပြန်လည် ကျန်းမာလာသူ ၂၇၈ ဦး သာ ရှိခဲ့ပေသည်။
သို့သော် နိုင်ငံ၏ ကျန်းမာရေး စီမံခန့်ခွဲမှုပိုင်း ကို ကြည့်၍ ထိုသို့ နှစ်သန်းခန့် အထိ သေမည်ဟု ခန့်မှန်းခဲ့ကြသူများက တကယ်တမ်း ဖြစ်ပွားမှု သည် ထိုထက်မက ပိုများမည်ဟုပင် ပြောဆိုခဲ့ကြပြန်သည်။ သို့သော် ဆေးရုံများ၊ ကျန်းမာရေး အရာရှိများ၊ နာရေး ကူညီမှု အသင်းများထံသို့ ဆောင်းပါးရှင်မှ လိုက်လံ စုံစမ်းခဲ့ရာ မြန်မာသည် အဆိုးဝါးဆုံး ဖြစ်နိုင်ချေမှ တကယ်တမ်း လွတ်မြောက်လာခဲ့သည်မှာ အမှန်ပင် ဖြစ်ကြောင်း သိလာခဲ့ရသည်။
သို့သော် စီးပွားရေးပိုင်းတွင် ထိုကဲ့သို့ ကံမကောင်းနိုင်ခဲ့ပေ။ ပို့ကုန်များ၊ ကုန် ဈေးနှုန်း၊ ပြည်ပ အလုပ် သမားများထံမှ ပြန်လွှဲငွေများနှင့် ကမ္ဘာလှည့် ခရီးသွား များ ရောက်ရှိလာမှုများသည် ထိတ်ဆုံးမှ ထိခိုက် သွားခဲ့ရသည်။ နောက်ပိုင်းတွင် ရောဂါ မပျံ့ပွားရေး အတွက် အစိုးရမှ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများ ပြုလုပ်လာသည်နှင့်အမျှ ကျန်သော စီးပွားရေး ကဏ္ဍများလည်း ဆက်တိုက်ဆိုသလို ထိခိုက် သွားခဲ့ ရပေတော့သည်။
၂၀၂၀ တွင် အာရှ၌ ဂျီဒီပီ ၆.၇% ဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုတွင် ဒုတိယ လိုက်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ၀.၅% အထိ ကျဆင်းလာပေလိမ့်မည်။ (ယခုအခါ ၄.၃% သာ ရှိနိုင်တော့မည်ဟု အစိုးရမှ လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်သည်)။ ဂျီဒီပီတွင် အပေါင်း လက္ခဏာ ပြနေဆဲ ဖြစ်သော်လည်း မရေရာ မသေချာမှုများ က ကြီးမားစွာ ရှိနေဆဲပင် ဖြစ်သည်။
လယ်ယာ လုပ်ငန်း မဟုတ်သော ကဏ္ဍများတွင် အလုပ်အကိုင် များ အပြင်းအထန် ထိခိုက်သွားခဲ့ရသည်။ အနည်းဆုံး အလုပ်အကိုင် ငါးသန်းခန့်အထိ ဆုံးရှုံးမှုများ ရှိလာခဲ့သည်။ အများစုသည် အထည်အလိပ် လုပ်ငန်းများမှ ဖြစ်သည်။ အသေးစား နှင့် အလတ်စား လုပ်ငန်း တဝက်နည်းပါးသည်လည်း အသက်ဆက်နိုင်ရန် ရုန်းကန် နေရသည့် အနေအထားတွင် ရှိသည်ဟု ကွင်းဆင်း လေ့လာမှုများအရ သိရသည်။
ထိုသို့သော အနေအထားတွင် မြန်မာ အစိုးရ၏ ရှေ့နောက်ညီညွတ်မှု ရှိသည့် စီးပွားရေး ပေါ်လစီများဖြင့် အံအားသင့်ဖွယ်ကောင်းလောက်သော အရှိန်ဖြင့် လှုပ်ရှားနိုင်ခဲ့သည်။ NLD အစိုးရသည် အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံ သုံးစွဲမည့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် Covid-19 Economic Relief Plan (CERP) များ ပြဌာန်းလာခဲ့သည်။
ငွေကြေး နှင့် ဘဏ္ဍာရေး ပိုင်းဆိုင်ရာ အစီအမံများတွင် အတိုးနှုန်း လျော့ချခြင်း၊ ကြွေးမြီ ပြန်ဆပ်မှုများကို ရွှေ့ဆိုင်းပေးခြင်း၊ အသေးစား လုပ်ငန်းများနှင့် တောင်သူများကို ချေးငွေထုတ်ပေးရေး အစီအစဉ်သစ်များ ချမှတ်ခြင်း၊ အိမ်ချေးငွေများ အပါအဝင် အခြား ချေးငွေများ အပေါ် ဘဏ်များမှ သက်ညှာပေးရန် တို့ ပါဝင်သည်။
ထို့အပြင် ကျန်းမာရေး အသုံးစရိတ်များကိုလည်း သိသိသာသာ တိုးမြှင့်သွားမည့်အပြင် ထိခိုက်မှု အရှိဆုံး ပြည်သူများအား အစားအသောက်နှင့် ငွေကြေး တိုက်ရိုက် ပံ့ပိုးသွားမည့် အစီအစဉ်များလည်း ပါဝင်နေပေသည်။ ကျေးရွာများတွင် အလုပ်အကိုင် ဖန်တီးပေးရေး နှင့် အခြေခံ အဆောက်အအုံ စီမံချက်များ အမြန် အကောင်အထည် ဖေါ်ရေးများလည်း ပြုလုပ်သွားမည် ဖြစ်သည်။
နိုင်ငံတွင်း မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်တက်လာနေသဖြင့် အစိုးရ လုပ်ငန်း အများအပြားကို အွန်လိုင်းမှတဆင့် ဆက်သွယ်နိုင်ရန် ရွှေ့ပြောင်းပေးမည့် ဒီဂျစ်တယ် စီးပွားရေး ကို စမ်းသပ်သွားမည် လည်း ဖြစ်သည်။
CREP စီမံချက်များ အကောင်အထည်ဖေါ်ရေး တွင် ပြဿနာ အချို့ ရှိနေသော်ငြားလည်း အားလုံးကို ခြုံကြည့်လျှင် စီးပွားရေး လုံးဝ ပြိုလဲသွားမည့် အနေအထားကို ထိထိရောက်ရောက် တန်ပြန်နိုင်ခဲ့ပေသည်။
အဆိုပါ စီမံချက်များအတွက် ငွေကြေး ပံ့ပိုးပေးနိုင်ရေးတွင် အခက်အခဲများ ရှိနေသော်လည်း လက်ရှိ အစိုးရသည် အစိုးရ ဘဏ္ဍာငွေများကို ပြန်လည် စီစစ်တည့်မတ်ရာတွင် အောင်မြင်မှုများ ရရှိခဲ့ပြီ ဖြစ်သဖြင့် ယခု အရေးတွင် ဘတ်ဂျက် ခွဲဝေချထားမှုများ တိုးမြှင့်ပေးခြင်းမျိုး ဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ အစိုးရ၏ အံ့အား သင့်ဖွယ် ကောင်းအောင် ကြံ့ကြံခံနိုင်သော ငွေချေး စာချုပ်များ၊ နှင့် ငွေကြေးဈေးကွက်များကြောင့် ဗဟိုဘဏ်မှ ငွေချေးယူနိုင်ခဲ့မှုများကလည်း အဆင်ပြေအောင် ဖန်တီးပေးနိုင်ခဲ့သည်။အီးယူမှ ကြွေးမြီ ဆိုင်းငံ့ရေး အပြင် G20 နှင့် ပဲရစ်ကလပ် မှလည်း Debt Service Suspension Initiative (DSSI) ဖြင့် အလားတူ အခွင့်အရေး ပေးလာပြန်သောကြောင့် နောက်ထပ် ဒေါ်လာ ၁.၂ ဘီလီယံ သုံးရန် ငွေထွက်လာခဲ့သည်။ ထို့အပြင် ကမ္ဘာငွေကြေးရံပုံငွေ အဖွဲ့မှ Rapid Credit Facility အလျှင်အမြန် ငွေထုတ်ချေးရေး အစီအစဉ်ဖြင့် ခွဲတမ်းချပေးသော ပမာဏ၏ ၅၀% ဖြစ်သည့် ဒေါ်လာ ၃၅၇ သန်းကို ထုတ်ယူနိုင်ခဲ့သည်။
စိတ်ဝင်စားဖွယ်ကောင်းနေရသည်မှာ ယခုလို အချိန်မျိုးတွင် မြန်မာနှင့် ကာလကြာမြင့်စွာ ဆက်ဆံမှု ရှိခဲ့သည့် တရုတ်နိုင်ငံသည် မြန်မာအား အကူအညီ မဆိုသလောက်သာ ပေးခဲ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ခါးပတ်လမ်း စီမံကိန်းများ အတွက် အတည်ပြုပေးရန်တော့ ဘက်ပေါင်းစုံမှ ဖိအားပေးလာခဲ့သည်။
ယခုအချိန်အထိ မြန်မာ၏ အကြီးမားဆုံး မြီရှင်နိုင်ငံကြီး ဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်းတို့မကြာခဏ ရည်ညွှန်းခေါ်ဝေါ်လေ့ရှိသည့် “ညီငယ်လေး” ၏ လိုအပ်နေမှုများကို ထူးထူးခြားခြား မသိချင်ယောင် ဆောင်နေဆဲပင် ဖြစ်သည်။
(East Asia Forum တွင် ပါရှိသော ဩစတေးလျှ ရှိ Macquarie University ၏ စီးပွားရေး ဌာန တွဲဖက် ပါမောက္ခ Sean Turnell ၏ “Debt relief boosts Myanmar’s covid-19 recovery” ကို ပြန်ဆိုသည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •