“ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့”

————————————-

လူ့ကိုယ်မှာ
သကြားများများ လိုတယ်
အက်စစ် လိုတယ်
မှားတာမှန်တာ လိုတယ်
အေး၊ ဟိုမုန်းလဲ လိုတာပေါ့။

လမ်းဖြတ်ကူးရင်း အငွေ့ပျံသွားတော့မယ့် ဟေ့လူ
စီးဝင်ခြင်း၊ မာခဲခြင်း၊ ပေါ့ပါးခြင်း
လောင်ကျွမ်းခြင်းဓါတ်များ
မထူးဆန်းတဲ့ စားသောက်ရေးဟာသ
သုတေသနပြုဆဲ ရောဂါမျိုး စွဲကပ်နိုင်တာ
အလိုလိုအဆောက်အဦးများ ပြိုကျတတ်တာ
မမျှော်မှန်းနိုင်တဲ့ သဘာဝကိစ္စများအလယ်
လူသတ္တဝါဆိုတာ သိမ်ငယ်လွန်းပါတယ်။

ဒေါသမကြီးပါနဲ့
လိမ္မော်သီးရောင်းတဲ့ဆိုင်
မိန်းမလှလှထိုင်တဲ့ ပုဆိုးဆိုင်နဲ့
မလိုင်များများ အထူးလဖက်ရည်တစ်ခွက်ပါ
တင်းထားဖို့ တစ်စုံတစ်ရာနဲ့ ခံတွင်းပျက်
အင်္ကျီမှာ ချုပ်ရာ ဖာရာများခဲ့ပေါ့။

နေ ဘယ်နှစ်ခါ
လ ဘယ်နှစ်ခါ
စစ်ပွဲဘယ်နှစ်ခါ၊ ငြိမ်းချမ်းရေးဘယ်နှစ်ခါ
ဘေဘီလုံ ဥယျာဉ်မျိုး ဘယ်နှစ်ခါ
ကျုပ် ဘယ်နှစ်ခါရှိပြီလဲ။

ခုဆို ညနေ ၆ နာရီရှိပေါ့
အမှန်တရားတစ်ခုတည်းကို ဟောပြောဖို့ကိစ္စဟာ
နည်းနည်းစောပြီး
အများကြီးနောက်ကျသွားပြီ။

<အောင်ချိမ့်>

 

လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ် ဝန်းကျင်က ကမာရွတ်မြို့နယ် ဇေယျာသီရိလမ်းထဲမှာရှိခဲ့တဲ့ ဆည်းဆာစာပေကနေ ငှားဖတ်ခဲ့တဲ့ မိုးဝေမဂ္ဂဇင်းထဲက အလွန်နှစ်သက်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့။

ကဗျာဆရာက လူဆိုတာနဲ့ အစပြုပြီး ဆက်ရေးလိုက်တာက လမ်းဖြတ်ကူးရင်း အငွေ့ပျံသွားတော့မယ့် ဟေ့လူတဲ့၊ လူ့ဘဝဆိုတာ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် ဘာမှ မသေခြာဘူးဆိုတာ‌ကို တင်စားဖွဲ့ဆိုလိုက်တယ်။

ဘယ်လောက်အထိ မရေရာတဲ့ လူ့ဘဝတွေလဲဆိုရင် သုတေသနပြုဆဲ ရောဂါမျိုးစွဲကပ်နိုင်တာတဲ့။ အခုဖြစ်နေတဲ့ ကိုဗစ်၁၉ ရောဂါကပ်ဘေးကြီးနဲ့က ကွက်တိပဲ။ ကဗျာဆရာဆက်ပြောတာက မမျှော်မှန်းနိုင်တဲ့ သဘာဝကိစ္စများအလယ် လူသတ္တဝါဆိုတာ သိမ်ငယ်လွန်းပါတယ်တဲ့။

စိတ်တွေကိုစုစည်းပါ၊ ဖြတ်သန်းသွားနေတဲ့ အချိန်တွေမှာ ကိုယ်လိုချင်တောင့်တနေတဲ့အရာတွေအတွက် အပင်ပန်းခံ အားတင်းထားပါတဲ့။

စစ်ပွဲတွေဖြတ်သန်း၊ ငြိမ်းချမ်းရေးတွေကမ်းလှမ်း၊ ပျော်ရွှင်ဖွယ်ရာတွေနဲ့ ကျုပ်တို့ ထပ်ခါထပ်ခါ ဘာဘာညာညာတွေလုပ်ခဲ့ပေမယ့်၊
အမှန်တရားကို ဟောပြောဖို့ကိစ္စဆိုတာ နည်းနည်းလေးသာစောနေပြီး(ပြောင်းလဲချင်ရင်တော့ အချိန်နည်းနည်းလေးကျန်နေသေးမယ်တဲ့) တကယ်တန်းပြောရင်တော့ အများကြီးကို နောက်ကျနေတဲ့အရာပါတဲ့။

လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းကိုများ ကဗျာစာလုံးတွေနဲ့ စုတ်ချက်တင်ပြီးပန်းချီဆွဲပြသလိုပါလား ကဗျာဆရာရဲ့…..။

Thet Naing Sein


Spread the love
  •  
  •  
  •  
  •  
  •  
  •