ဖားကန့်ဒေသ အပါအဝင် လုံးခင်း၊ ခန္တီးနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေများ အတွင်း ကျောက်စိမ်း တူးဖော်မှု သုံးလ ရပ်ဆိုင်းရန် ညွှန်ကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်ဒေသ အပါအဝင် လုံးခင်း၊ ခန္တီးနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေများ အတွင်း ကျောက်စိမ်း တူးဖော်မှု သုံးလ ရပ်ဆိုင်းရန် ညွှန်ကြား

နေပြည်တော်၊ ဇူလိုင် ၃

မိုးရာသီ ကာလအတွင်း ဖားကန့်ဒေသ အပါအဝင် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ခန္တီး ရတနာ နယ်မြေနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေ အတွင်း ကျောက်စိမ်းရိုင်း တူးဖော် ထုတ်လုပ်ခြင်း လုပ် ငန်းများ ကို ဇူလိုင် လ(၁)ရက် မှ စက်တင်ဘာလကုန် အထိ သုံးလ ယာယီရပ်ဆိုင်းရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ညွန်ကြားလိုက်သည်။

ကချင်းပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိ အခြေအနေတွင် နွံ့ကန် ကျိုးပေါက်ခြင်း၊ မြေပြိုခြင်း တို့ကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး လူမှုဒုက္ခများစွာ ခံစားနေရသောကြောင့် မြန်မာ့ကျောက် မျက် ရတနာနည်းဥပဒေ မထွက်ရှိသေးမီ ဖားကန့် ဒေသတွင် မလိုလားအပ်သော ပြသနာများ မဖြစ် ပွားစေရန် အတွက် အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက အကြုံပြထားကြောင်း သိရသည်။

ထို့အတူ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် မိုးကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်မှု လုပ်ငန်းများကို သင့်လျော်သည့် အချိန်ကာလတစ်ခု သတ်မှတ် ရပ်နားသင့်ကြောင်း ပြည်သူ့လွှတ်တော်တို့ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီများက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

မိုးရာသီကာလ အတွင်း ကျောက်စိမ်းရိုင်းများ တူးဖော် ထုတ်လုပ်ရန် အတွက် မြေစာများ စွန့်ပစ်စု ပုံခြင်းကြောင်း မြေစာပုံများ ပြိုဆင်း လျှောနိုင်ခြင်း၊ မြေစာများက ချောင်းများအတွင်းသို့ စီးဝင်နိုင်ခြင်း၊ စက်ယန္တရားများ၊ မြေသယ်ယာဉ်များ ထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်းနှင့် အများပြည်သူအတွက် ယာဉ်တိုက်ခိုက်ခြင်း စသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ယာယီ ရပ်နားစဉ် ကာလအတွင်း မလိုအပ်သော ပြသနာများ၊ ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်မှု မရှိစေရေး အတွက် ကျောက်မျက်ရတနာ ကုမ္ပဏီများအနေဖြင့် လိုက်နာ ဆောင်ရွက်ရန် အချက်များကို ဖော်ပြထားပြီး တိကျစွာ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

အဆိုပါ အချက်များအား လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဇူလိုင် ၂ ရက်နေ့က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင် ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာ စုပေါင်းလုပ်ကွက်ဟောင်း နေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက် ဝင်ရောက် တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားရာ နွံလှိုင်း ရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေသူများ နွံနစ်မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၇၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၄ ဦးအား ရှာဖွေ တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ များအား ဖားကန့်ဆေးရုံနှင့် ဝှေခါ တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo : MFSD

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •