ဖားကန့်၊ တောင်ပြိုမှော် မီးလောင်မှု၊နေအိမ်(၄)လုံးဆုံးရှုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ တောင်ပြိုမှော်ရွာ၌ ယနေ့နံနက်(၉)နာရီခွဲခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဘေးထရံကိုမီးစွဲကာ နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

“မီးစတာက မီးဖိုမီးကြွင်းမီးကျန်ပေါ့၊ စလောင်တာက ၉ နာရီခွဲလောက်ကပါ၊ စလောင်တဲ့အိမ်က (၈)ပေပတ်လည် နှစ်ခန်းတွဲ နှစ်ထပ်၊ သွပ်မိုး ထရံကာပါ၊ ဘေးက အိမ်သုံးလုံးက တစ်ထပ်၊ (၆)ပေ ပတ်လည် နှစ်ခန်းတွဲ၊ သွပ်မိုး ထရံကာတွေပဲ” ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြေငြိမ်းက ပြောသည်။

မီးလောင်မှုဖြစ်စဉ်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ သန္ဓေနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးသတ်ကား (၅)စီး၊ ကျေးရွာအနီးရှိ ယူနတီကုမ္ပဏီနှင့် KNDPC ကုမ္ပဏီတို့မှ ဘက်ဟိုးတစ်စီးစီနှင့် ရေသယ်ယာဉ် နှစ်စီးစီတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ (၁၀)နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး(၁၆)သိန်းခန့်ရှိပြီး လူနဲ့တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူအား အရေးယူဆောင်ရွက်ထားကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်(၄)လုံးမှ မိသားစုဝင် စုစုပေါင်း(၁၆)ဦးတို့တွင် အချို့က နီးစပ်ရာ ဆွေမျိုးများအိမ်တွင် မှီခိုလျက်ရှိပြီး  အချို့ကို အဆိုပါကျေးရွာရှိ ဗုဒ္ဓယဉ်ကျေးမှု မူကြိုကျောင်း တို့တွင် ခေတ္တနေရာချထားပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တာလင်းမောင်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •