ဖားကန့်၌ တစ်ပတ်အတွင်း ဒုတိယအကြိမ် အရွယ်အစားကြီးမားသော ကျောက်စိမ်းရိုင်းထပ်တွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်၌ တစ်ပတ်အတွင်း ဒုတိယအကြိမ်နိုင်ငံတော်ပိုင် သိမ်းဆည်းရသည့် အရွယ်အစားကြီးမားသော ကျောက်စိမ်းရိုင်းအား တွေ့ရှိ

ဖားကန့် အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ‌ကျေးရွာအုပ်စု မမုံနှင့် ဖားပြင်ကျေးရွာကြား မက်လင်ချောင်မျောချောင်း၌ တွေ့ရသည့် အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းအား နိုင်ငံတော်ပိုင်သိမ်းဆည်းသွားရန်ပြင်ဆင်နေပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဝှေခါမှော်မှ နိုင်ငံတော်ပိုင်သိမ်းဆည်းရမိခဲ့သည့် ကျောက်စိမ်းရိုင်းနောက် ငါးရက်မြောက်နေ့တွင် ဒုတိယအကြိမ် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရမည့်ကျောက်စိမ်းရိုင်းဖြစ်လာကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းရိုင်းကို ကျောက်တူးဖော်နေသူ လူတစ်စုက နေ့ခင်းကတည်းက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာမှ လှည့်ကင်းလုံခြုံရေးရဲတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှ ကျောက်စိမ်းရုံး တာဝန်ရှိသူများက အကြမ်းဖျင်းတန်ဖိုးတွက်ချက်ကာ နစ်နာကြေးငွေ ပေးသွားဖို့ ကနဦးညှိနှိုင်းထားကြောင်း ဒေသအခေါ်-ဂျော်ကီ(ဝိုင်းကူထမ်းသယ်ပေးပြီး အစုရှယ်ရာ ရယူသူ) ရေမဆေးကျောက်ရှာသူများထံက သိရသည်။
ဝှေခါမှော်၌ တွေ့ရှိရသည့် ကျောက်စိမ်းရိုင်းသည် ကျောက်မျိုးမမှန်ကြောင်း ဝေဖန်မှုများရှိသော်လည်း ယခုနေရာတွင် တွေ့သည့်ကျောက်စိမ်းရိုင်းမျိုးမှာ သက်တမ်းရင့်ကြောင်း ဒေသခံ‌ရေမဆေးများက ပြောကြားသည်။
ကျောက်စိမ်းရိုင်းကို ကနဦးစတွေ့သူ ရေမဆေးကျောက်ရှာသူ ကိုကျော်စိုးနိုင်က”ကျွန်တော်တို့ လေးယောက်တူးရှာကြရာက စတွေ့တာပါ၊ စတွေ့တုန်းက ပိဿချိန် နှစ်ရာလောက်ပဲ၊ ဖော်ရင်း ဖော်ရင်းနဲ့ အလုံးကြီးလာတာ”ဟု ပြောပြသည်။
“ရေမဆေးတွေက ခက်ခက်ခဲခဲရှာကြရတာ ခုလိုခက်ခဲနေချိန်ကျ သူတို့ရသင့်တာလေးပေးရင်တော့ ကောင်းတာပေါ့”ဟု ဖားပြင်ကျေးရွာ ရပ်မိ/ရပ်ဖ ဦးနော်တောင်က ပြောသည်။

လက်ရှိ ‌ကျောက်စိမ်းရိုင်းအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)သို့ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပြီး သယ်ဆောင်သွားခဲ့ပြီဖြစ်ပြီး ကျောက်စိမ်းရုံးမှ တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုးတစ်စုံတစ်ရာဖြတ်ပေးကာ ကျောက်တွေ့သူနှင့် ရေမဆေး-ဂျော်ကီများအား ဆုကြေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •