“ဖေဖေ့စားပွဲမှာ လာရှုပ်ပါလှဲ့” (မင်းကိုနိုင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဖေဖေ့စားပွဲမှာ လာရှုပ်ပါလှဲ့”
.
တနေ့ကျရင်ကလေးတွေကို
ဝလုံး​ရေးနည်းသင်ပေးစရာမလိုတော့ဘူး။
စာရေးတာမရှိ ၊စာရိုက်တာပဲရှိတော့မယ်တဲ့။

ဘုရားရေ
ဒါဆိုငါစာရေးဆရာ မဖြစ်တော့ဘူးပေါ့
ဖြစ်ခြင်းဖြစ် စာရိုက်ဆရာပဲဖြစ်တော့မပေါ့။

အဲဒီအခါ လက်ရေးလှမကျင့်ရတော့လို့
ပျော်ချင်လည်းပျော်ကြပေါ့
ပြိုင်စရာတစ်ခုပျောက်သွားလို့
နာချင်လည်းနာကြပေါ့။

တစ်နေ့မှာ
ကျောင်းထားမထား စဉ်းစားရတာတွေ
ခေတ်စားပေဦးမယ်။
“ကိုယ့်ဟာကိုယ်သင်မယ်၊ပိုထိရောက်တယ်
မလိုတာဖယ်ထုတ်လို့ရတယ်”
ဒီလိုဒေသနာများလဲနာကြားရပေဦးမယ်။

“ဟဲ့ဟဲ့ လူတစ်ယောက်ဖြစ်စဉ်မှာကျောင်းသားဘဝဆိုတာမရှိတော့လို့ဘယ်ရမလဲ”​
ခြေကာလက်ကာငြင်းကြပေဦးမယ်

ခုလိုအချိန်မတော်ကြီးပိတ်လိုက်ရလို့
ကျောင်းကြီးကအားနာနေတုန်း၊
မင်းတို့တန်အောင် မျောက်ရှုံးပြစမ်းပါလား
လာ ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့

အရင်ကဓာတ်ပုံရိုက်တိုင်းပါချင်ခဲ့
မဲဖောက်တိုင်းပေါက်ချင်တဲ့လူတွေ
ခုတော့ဘယ်စာရင်းထဲကိုယ့်နာမည်ပါမလဲ
ဘယ်နေ့ကိုယ့်အိမ်လူတွေဓာတ်ပုံဝိုင်းရိုက်မလဲ
သွေးလန့်နေရတုံးမှာ
လာစမ်းပါ
ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့။

ပန်းခြံထဲမြက်ခင်းပေါ်ရောက်တာတောင်မကစားရ။ဓာတ်ပုံရိုက်မယ်ဆိုတာကြီးနဲ့မတိုးခင်’ လာ’
ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့

သမီးက စနိုးဝိုက်၊စင်ဒရဲလား
သားက စပိုက်ဒါမင်းနဲ့ပါဝါရိန်းဂျား
ဖြစ်ချင်သမျှဖြစ်ခွင့်ရတုန်း မင်းတို့အစွမ်းကုန်
ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့

အလုပ်ဖြစ်မဖြစ်မသိ၊
စားပွဲထိုင်နေမှအလုပ်ပဲဆိုပြီး
ရုပ်တည်ကြီးနဲ့ယောင်နေတဲ့ဖေဖေ့အလုပ်စားပွဲမှာ
လာရှုပ်ပါလှဲ့

တာဝန်ယူမှုသစ်ကိုင်းမှာပဲ
အခွင့်အရေးအသီးတွေရှိတယ်ဆိုတာသင်ဖို့က
ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ရင်းလည်းရနိုင်ပါတယ်။

ကလေးတွေဆိုတာ
ငွေစက္ကူလိုတန်ဖိုးကျတတ်တယ်လို့
ဘယ်တော့မှမခံစားရဘူး
အလျော်အစားမနိုင်လို့ ပြေးရတဲ့ဒိုင်လည်း
ဘယ်တော့မှမဖြစ်ဘူး။

ဥကပေါက်စမှာ
“ဘယ်သူတော်၊ဘယ်သူရှော်” ငြင်းစရာမရှိဘူး
အားလုံးချော်လဲဖူးတယ်၊ အားလုံးပြန်ထဖူးတယ်
သူငယ်တန်းကလေးမှာ
အားလုံးနှပ်ချေးတွေနဲ့ချည်းပဲ။

“အမာရွတ်တိုင်းမှာဇာတ်လမ်းရှိ”
ဒါတွေကိုဆော့ရင်းအော်ဆိုဖို့
ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့

ဘယ်ဟာကိုမှတ်ထား၊
ဘယ်ဟာကိုမေ့လိုက်ဆိုတာလည်း
ဆော့ရင်းကျက်လို့ရတာပဲ။

ကိုယ်တိုင်မွေးမွေး မမွေးမွေး
ကလေးတွေမွေးလာကြဦးမှာပဲ

“ကလေးမွေးပြီးရင်ဘာတွေသင်မလဲ”
ဒါစဉ်းစားစရာအကောင်းဆုံးပဲ

ကမ္ဘာကြီးလှပနေတာ၊
အကျည်းတန်နေတာ
ကမ္ဘာကြီးပျော်ရွှင်နေတာ၊
နာကျင်နေတာ
ဒါတွေဟာ
‘ကလေးတွေကိုဘာတွေသင်ခဲ့လဲ’နဲ့မဆိုင်ဘူးလား

အတန်းကျောင်းနဲ့သင်သူသင်သလို
ရှဥ့်ကလေးတွေ ကြောင်ကလေးတွေ၊
ဖျံကလေးတွေ ၊ငှက်ကလေးတွေလည်းသင်နေရတာပဲမဟုတ်လား။

ကစားနည်းသစ်ထွင်လိုက်၊
စည်းမျဉ်းသစ်တွေချလိုက်နဲ့
ကမ္ဘာကြီးဟာဒီနေရာအထိရောက်လာတာလေ
အသစ်ထွင်ကစားဖို့နေရာမရှိဘူးလား
လာ ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့။

“အရေးကြီးဆုံးကဘာလဲ”စဥ်းစားရင်း
အရေးအကြီးဆုံးတွေမေ့ကျန်ကျန်သွားတဲ့
ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့

မျက်နှာဖုံးတွေအကြိမ်ကြိမ်စွပ်ဖူးကြသားနဲ့
အခုမှမျက်နှာဖုံးစွပ်ရတာကိုစာဖွဲ့နေသူတွေကြား၊
ဘာများသဲကွဲမှာမို့လဲ

အင်တာဗျုးမှာ
မျက်နှာဖုံးစွပ်ကမေး​တော့
“ဟုတ်ကဲ့ ကျူးလွန်သူမျက်နှာ သေချာတွေ့လိုက်ပါတယ်။ဒါပေမယ့်မျက်နှာဖုံးနဲ့ဆိုတော့မမှတ်မိဘူး”လို့မျက်နှာဖုံးစွပ်နဲ့ပြန်ဖြေရုံရှိမှာပေါ့
လာစမ်းပါဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ပါလှဲ့

“ဝင်ပါသူတိုင်းပျော်ရမယ့်ဂိမ်းမျိုး”
“ကြေကွဲမျက်ရည်မပါ
ရှုံးသူမရှိကစားနည်းမျိုး”
ကမ္ဘာကုန်ကျယ်သ၍ခြေကန်ဆော့ဖို့
မင်းတို့မထွင်နိုင်ဘူးထင်လို့လား
သိချင်ရင်လာ ဖေဖေ့အလုပ်စားပွဲမှာလာရှုပ်ကြည့်လှဲ့

ဟိုသုညနဲ့ဒီသုည
ဟိုကလပ်နဲ့ဒီကလပ်
ဟိုနိုင်ငံနဲ့ဒီနိုင်ငံ အသင်းတွေကျော်လိုက်
တနေ့သောအခါ
ဂြိုလ်သားတွေနဲ့ယှဉ်ကစားဖို့
ကမ္ဘာမြေကလပ်အသင်း
မင်းတို့ထူထောင်အောင်ပွဲခံနိုင်ဖို့
လာ .ဖေဖေ့ အလုပ်စားပွဲမှာ လာရှုပ်ကြပါလှဲ့ ။

#မင်းကိုနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •