“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသည့် အပြီးသတ်ဆုံးဖြတ်ချက်များ” (မောင်စာဂ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသည့် အပြီးသတ်ဆုံးဖြတ်ချက်များ”

မောင်စာဂ

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဖွဲ့အစည်းအချို့က ချမှတ်သော ဆုံးဖြတ်ချက်များသည် အပြီးအပြတ်အတည် ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားရှိသည်။ မည်ကဲ့သို့သော ဆုံးဖြတ်ချက်များ ဖြစ်ပါသနည်း။ မည်သို့ပြဋ္ဌာန်းထားပါသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။

အပြီးအပြတ်အတည်ဖြစ်သောဆုံးဖြတ်ချက်များ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၅ ပုဒ်မခွဲ(ခ)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် အားလျော်စွာ နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည် ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဂ)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရ ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည် ဖြစ်သည် ဟူ၍ ပြဋ္ဌာန်းထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၄၀၂ ၌ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည် ဟူ၍ ပြဋ္ဌာန်းထားသည်။

(က ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
( ခ ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
( ဂ ) နိုင်ငံရေးပါတီဆိုင်ရာဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၃ ၌ စစ်ဘက်တရားစီရင်ရာတွင်-

(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီး အပြတ် ဖြစ်သည်။ ဟူ၍ ပြဋ္ဌာန်းထားသည်။

နှိုင်းယှဉ်လေ့လာချက်

အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များကို တစ်ခုနှင့်တစ်ခုသတိပြု၍ နှိုင်းယှဉ်လေ့လာကြည့်မိသည်။ အပြီးအပြတ်ဖြစ်သည်ဟူသော သဘောအဓိပ္ပာယ်ဖြင့် ရေးသားထားသော်လည်း ရေးသားဖော်ပြပုံအရ အနှစ်သာရချင်း မတူညီသည့် သဘောဆောင်နေသည်ကို တွေ့ရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့် မရှိစေရဟူ၍ ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့်စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည် ဟူ၍ ပြဋ္ဌာန်းထားသည်။

စစ်ဘက်တရားစီရင်ခြင်းနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟူ၍ ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည် ဟူ၍ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက် တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များသာမက ဆောင်ရွက်ချက်များလည်း ပါဝင်သည်ကိုသတိမူမိသည်။ အပြီးအပြတ် အတည်ဖြစ်စေရမည် ဟူသော အရေးအသားမှာလည်း ကျန်သောအရေး အသားများနှင့်မတူသည်ကို တွေ့ရသည်။ ယင်းအရေးအသားသည် ပို၍ လေးနက်သည့် အသွင်သဘောဆောင်သည်ဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲနှင့် တရားရုံးစီရင်ပိုင်ခွင့်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၈၆ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့ တို့၏ ဤဥပဒေပါပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့်မရှိစေရ ဟူ၍ ပြဋ္ဌာန်းထားသည်။
ဤပြဋ္ဌာန်းချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့တို့၏ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့် မရှိကြောင်း အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်အပေါ် တရားရုံး၏စီရင်ပိုင်ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၈၇ တွင် တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ယင်းတို့၏အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ရွေးကောက်ပွဲခုံအဖွဲ့ဝင်များ၊ မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှု ကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းမခံထိုက်စေရ ဟူ၍ ပြဋ္ဌာန်းထားသည်။

ဤပြဋ္ဌာန်းချက်အရ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ရွေးကောက်ပွဲတာဝန်ရှိသူ လူပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားစွဲဆို မခံထိုက်စေရကြောင်း လူပုဂ္ဂိုလ်အပေါ် တရားစွဲဆိုခြင်းကို တားမြစ်ထားခြင်း ဖြစ်သည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ အခန်း (၁၃) ပုဒ်မ ၅၇ မှ ပုဒ်မ ၆၄ အထိ ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။ ယင်းရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦးဦးကဖြစ်စေ၊ မဲဆန္ဒနယ်အတွက် တာဝန်ယူဆောင်ရွက်ရသော ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့တစ်ခုခုတွင် ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦးက ဖြစ်စေ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ရွေးကောက်ပွဲ မကျင်းပမီသော်လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပသောနေ့မှ ၁၅ ရက်အတွင်း သော်လည်းကောင်း ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဤပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ တရားရုံးက စစ်ဆေးပိုင်ခွင့်ရှိကြောင်း ပြစ်မှုများအပေါ် တရားရုံးသို့ စီရင်ပိုင်ခွင့် အပ်နှင်းထားသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် စီရင်ပိုင်ခွင့်
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း (၁၄) ပုဒ်မ ၆၆ တွင် တရားမဲ့ပြုကျင့်မှုများကို ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲကျင်းပပြီးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အား ယှဉ်ပြိုင်အရွေးခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းက တင်သွင်းသော ရွေးကောက်ပွဲကန့်ကွက်လွှာများကိုလည်းကောင်း၊ ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များက တင်သွင်းသော ရွေးကောက်ပွဲကန့်ကွက်လွှာများကို လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးစီရင်ခြင်း ပြုရပါသည်။ [ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈ နှင့် ၆၉ ]

ရွေးကောက်ပွဲခုံအဖွဲ့သည် အမှုစစ်ဆေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ တရားမ ကျင့်ထုံးဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသောအာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထို့ပြင် အရေးပါသော သက်သေခံချက်များကို ထွက်ဆိုနိုင်မည်ဟု ယူဆရသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို မိမိသဘောအတိုင်း ဆင့်ဆို၍ စစ်ဆေးနိုင်သည်။ [ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၇ ]

ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲကန့်ကွက်လွှာများကို စစ်ဆေးရာတွင် သက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ [ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၈ ]

ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို မကျေနပ်သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူအဖြစ် ပါဝင်ခဲ့သူသည် သတ်မှတ်ထားသည့် ကာလအတွင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ ပြင်ဆင်မှုလျှောက်ထားရာတွင် ဥပဒေရေးရာ ပြဿနာ ပေါ်ပေါက်မှသာ လျှောက်ထားခွင့်ရှိသည်။ [ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၄ (က)]

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားချက်ကို လက်ခံရရှိပါက လျှောက်ထားသူနှင့် လျှောက်ထား ခံရသူအားဖြစ်စေ၊ ယင်းတို့၏ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်အားဖြစ်စေ လိုအပ်သလိုကြားနာပြီး အောက်ပါဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(၁) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း
(၂) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။ [ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅ (က) နှင့် (ခ)]

ယခင်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိခဲ့သည်။ ယင်းအခြေခံဥပဒေများတွင် ရွေးကောက်တင်မြှောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ရသည့် ရွေးကောက်ပွဲကော်မရှင်နှင့် ယင်းအဖွဲ့၏ ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟူ၍ ပြဋ္ဌာန်းချက် မပါရှိခဲ့ပါ။

ထို့ပြင် ယခင်ကပြဋ္ဌာန်းခဲ့သည့် ရွေးကောက်တင်မြှောက်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများတွင်လည်း ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများတွင် ရွေးကောက်ပွဲကော်မရှင်နှင့် ယင်း၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်ဟူသည့် ပြဋ္ဌာန်းချက်များ မပါရှိခဲ့ပါ။

ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်ပါစေ

ယခုအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံးများက စစ်ဆေးစီရင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များက လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့ အသီးသီးက စစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများသည် ယခင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများထက် ပိုမိုများပြားသည်။

ယင်းကန့်ကွက်လွှာအမှုများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာလျက် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ စစ်ဆေးဆုံးဖြတ်သွားနိုင်မည်ဟု ယုံကြည်သည်။ ထို့အတူ သက်ဆိုင်သူ များအားလုံးကလည်း ဥပဒေ၏အဆုံးအဖြတ်ကို လေးစားခံယူနိုင်ကြမည်ဟု ယုံကြည်သည်။ အဓိကမှာ ရွေးကောက်ပွဲတိုင်းတွင် ကြုံတွေ့ရလေ့ရှိသည့် ကန့်ကွက်လွှာအမှုများအပေါ် တရားသဖြင့် မှန်ကန်စွာစစ်ဆေးဆုံးဖြတ်ခြင်းဖြင့် ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့၏ဘဝကို အလေးထားဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ပေါ်ထွက်လာစေကြောင်းပါဗျာ။ ။

– ဥပဒေနှင့်အညီ တရားသဖြင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေ

– ဥပဒေ၏ အဆုံးအဖြတ်ကို သက်ဆိုင်သူများအားလုံးက လေးစားခံယူနိုင်ကြပါစေ

– ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့၏ဘဝကို အလေးထားမြှင့်တင် ဆောင်ရွက်နိုင်ကြပါစေ

🔹🔹🔹🔹🔹🔹🔹
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •