ဖွဲ့စည်းပုံ ပြန်ရေးဆွဲရန် စွန့်လွှတ် စွန့်စားရဲသော ထိုင်းကျောင်းသား တို့၏ တောင်းဆိုမှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖွဲ့စည်းပုံ ပြန်ရေးဆွဲရန် စွန့်လွှတ် စွန့်စားရဲသော ထိုင်း ကျောင်းသား တို့၏ တောင်းဆိုမှု
*********************************

ဩဂုတ် ၁၆ ရက် ပူပြင်းလှသော တနင်္ဂနွေ နေ့ နေ့လည်ခင်းတခုတွင် ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်ကြီး ဆီသို့ လူ နှစ်သောင်းခန့် စုရုံးရောက်ရှိလာကြသည်။ ခြောက်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် လူထုကြီး က ယခုလို အင်တိုက်အားတိုက် ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။ ထူးခြားနေသည်က စုရုံးလာကြသည့်လူများသည် ယခင်ကလို အစိုးရကို ဆန့်ကျင်နေသည့် အလုပ်သမား၊ တောင်သူလယ်သမားများ မဟုတ်ကြဘဲ တက္ကသိုလ် နှင့် အထက်တန်းကျောင်းများမှ ကျောင်းသားများ ဖြစ်နေကြခြင်းပင်။

သို့သော် သူတို့ အားလုံးသည် ထိုင်း တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကြီး လုပ်မှ ဖြစ်တော့မည်ဟူသော ယုံကြည်ချက် တခုတည်းဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ထိုယုံကြည်ချက်များ ဖြင့် စုဝေးလာသော ကျောင်းသားများ၏ တောင်းဆိုချက်များကြောင့် ထိုင်းပြည်သူများသည် ၂၀၁၄ စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက ရေငုံနှုတ်ပိတ်ထားရသော မျှော်လင့်ချက် များ ရှင်သန် နိုးထလာခဲ့ကြလာလေသည်။

ဆန္ဒပြပွဲကို ခေါင်းဆောင်သူများသည် ကျောင်းသားလူငယ်များသာ ဖြစ်သဖြင့် နိုင်ငံရေး စကားလုံးများ ကြီးကြီးကျယ်ကျယ် မတွေ့ရပဲ သူတို့နှင့် ရင်းနှီးသည့် အင်တာနက် ယဉ်ကျေးမှု မှ စီးဆင်းလာသည့် အသုံးအနှုံးများသာ တွေ့ကြရပေမည်။ သို့သော် သူတို့ လိုလားသည့် အချက် သုံးချက်ကို တော့ ရှင်းလင်းပြတ်သားစွာ တောင်းဆိုနိုင်ခဲ့ကြသူများ ဖြစ်သည်။ ဤသည်တို့က…
(၁) ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများကို ခြိမ်းခြောက်နေမှုများ အဆုံးသတ်ရေး
(၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲပေးရေး
(၃) အစိုးရ မှ ခန့်အပ်ပေးထားသည် ဆီးနိတ် အထက်လွှတ်တော် အပါအဝင် ပါလီမာန်ကို ဖျက်သိမ်းပေးရေး တို့ ပင် ဖြစ်သည်။

ထို့အပြင် စစ်တပ်အာဏာသိမ်း ခဲ့မှု နှင့် ပြည်သူတို့ လိုလားနေသော အပြောင်းအလဲများ ဖေါ်ဆောင် ခြင်း မပြုနိုင်ရန် လိမ္မာပါးနပ်စွာ ဖွဲ့စည်းပေးထားသည့် စစ်တပ် အခေါ် ညွှန်ပေါင်း အစိုးရ ဖွဲ့စည်းခြင်း ကို ဆန့်ကျင်သည်ဟူသော ၎င်းတို့ လှုပ်ရှားမှုကြီး၏ အခြေခံ မူ နှစ်ရပ်ကို ချမှတ်လာခဲ့သည်။ ထို့အပြင် စစ်မှန်သည့် စည်းမျဉ်းခံ ဘုရင်စနစ် ကို လိုလားကြောင်းလည်း မမေ့မလျော့ ပြောဆိုခဲ့ကြပြန်သည်။

ထိုင်းစစ်တပ်၏ ရုပ်သေး အစိုးရအား ပြည်သူများက ကြိုကြား ကြိုကြား ကန့်ကွက် ဆန္ဒထုတ်ဖေါ်ပွဲ များ ပြုလုပ်ခဲ့ကြသော်လည်း ဘန်ကောက်ရှိ သမ်မာဆက် တက္ကသိုလ် ကျောင်းတိုက် ပရဝုဏ် အတွင်း မှ စတင်လာခဲ့သော ဆန္ဒပြ ကန့်ကွက်ပွဲများသည် ကိုဗစ်-၁၉ ကာလအတွင်း အကြီးမားဆုံး နှင့် အပြင်းထန်ဆုံးလည်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၁၉၃၂ နောက်ပိုင်း ထိုင်း နိုင်ငံ တွင် မည်သူမျှ မထိရဲ မတို့ရဲသည့် အရေးကိစ္စကြီး ဖြစ်သော ဘုရင်စနစ် အား ပြုပြင်ပြောင်းလဲရန် အချက် ၁၀ ချက်ကို ရဲဝံ့စွာ ထုတ်ဖေါ် ကြေငြာလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုင်း နန်းတွင်းရေးရာ များကို လူထု၏ အစစ်ဆေးခံရန် ထိုသို့ ပြောဆိုလိုက်ခြင်းကပင် မကျေနပ်ချက်များအား ရေကာတာကြီး ကျိုးပေါက်သလို တဟုန်ထိုး ထွက်ပေါ်လာအောင် အစ ဆွဲထုတ်လိုက်ခြင်းမျိုးလည်း ဖြစ်သွားခဲ့ပြန်သည်။

ထိုင်းကျောင်းသားများသည် ယခင်က နိုင်ငံရေး နှင့် ပတ်သက်၍ စိတ်ပါလက်ပါ မရှိလှဘဲ ၎င်းတို့နှင့် မည်သို့မျှ မဆိုင်သည့်အလား တုံဏှိဘာဝေ နေခဲ့ကြသူများသာ ဖြစ်သည်။ ယခုအခါတွင်တော့ ထိုင်းကျောင်းသားများ စတင်ခဲ့သော ဆန္ဒထုတ်ဖေါ်မှုများက နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်း အသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

ထိုင်းပြည်သူများက အာဏာသိမ်းပွဲ ဖြင့် တိုင်းပြည်ကို ဦးဆောင်လာခဲ့သည့် ထိုင်းစစ်တပ်သည် မိမိတို့ အရေးကို ပေလျကံပြုကာ တတိုင်းပြည်လုံးအား စစ်ဝါဒ ရိုက်သွင်းနေသည့် အဖြစ်သည် တော်လောက်ပြီဟု သဘောပေါက်လာခဲ့ကြသည်။ ထိုင်းစစ်တပ်သည် ဖွဲ့စည်းပုံအရ အထက်လွှတ်တော်ကို ၎င်းတို့၏ လက်ဝေခံ စိတ်တော်သိ ဗောင်းတော်ညိမ့် များ ဖြင့် ခန့် အပ်နိုင်စွမ်း ရှိနေသည့်အပြင် အောက်လွှတ်တော်ကိုလည်း ထိန်းချုပ်နိုင်ပြန်သည်။ ထို့အပြင် ၎င်းတို့ အလိုကျ ဖန်တီးထားပြန်သော တရားစီရင်ရေး စနစ်သည်လည်း ‘အနာဂတ် ရှေ့ဆောင် ပါတီ” ကဲ့သို့သော အတိုက်အခံ နိုင်ငံရေး ပါတီများကို ချေမှုန်းပြစ်နိုင်စွမ်း ရှိနေပြန်သည်။

ထိုကဲ့သို့ ပြည်သူတရပ်လုံးသည် မိမိတို့၏ ဆန္ဒကို ထုတ်ဖေါ်နိုင်စွမ်း မရှိအောင် အဖက်ဖက်မှ စနစ်တကျ ဟန့်တား ချုပ်ချယ်ထားသည့် စနစ်ကြီးအတွင်း မကျေနပ်မှုများကို ထုတ်ဖေါ်ပြောဆိုနိုင်ရန် အရေးသည် လမ်းပေါ်ကို ထွက်သည့်နည်းလမ်းသာ ရှိတော့သည်ဟု သဘောပေါက်လာခဲ့ကြသည်။ ကိုဗစ်-၁၉ ကာလ အတွင်း ထိုင်းအစိုးအရသည် အလွန်အကျွံ တင်းကျပ်လာမှု၊ ပိတ်ဆို့လာမှု များ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ အရည်အချင်း မပြည့်ဝသည့် ကိုင်တွယ်မှုများကို လှစ်ဟပြသလို ဖြစ်ခဲ့ရပြီး ထိုင်း ကျောမွဲ လူတန်းစား များအတွင်း ဆင်းရဲသူများ ပို၍ ဆင်းရဲလာသည့် အဖြစ်သာ အဖတ်တင်ခဲ့ပေသည်။ မိမိကိုယ် မိမိ အဆုံးစီရင်မှုများ နှင့် စိတ်ဝေဒနာရှင် အရည်အတွက် တိုးပွားလာခဲ့ပြန်ပြီး လက်ရှိတွင် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသူ ၄ သန်း ခန့် ရှိနေသည်။ ယခုအတိုင်း ဆက်သွားမည်ဆိုလျှင် နှစ်ကုန်ပိုင်းတွင် ၉ သန်း အထိ ရောက်လာမည်ဟု ကျွမ်းကျင်သူများ က ခန့်မှန်းထားကြပြီးလည်း ဖြစ်သည်။

အဆိုပါ ကပ်ရောဂါဆိုးကြီးအား အစိုးရ၏ ကိုင်တွယ်ပုံကို ကြည့်၍ ရှေ့လျှောက် ထိုင်းနိုင်ငံ ရင်ဆိုင်ရဖွယ်ရှိသည့် ကြီးမားသော အခက်အခဲများကို မည်သို့များ ရင်ဆိုင်ဖြေရှင်းသွားကြပေမည်နည်းဟု တွေးတော ပူပန်လာကြသည်။ နိုင်ငံသားများ ယခင်က ရရှိခံစားခဲ့ကြရသည့် လူနေမှု ပုံစံသည်လည်း တဖြေးဖြေး ယုတ်လျော့ကျဆင်းစ ပြုနေသည့် အဖြစ်ကိုလည်း ရိပ်စားမိလာကြသည်။

ထိုသို့သော အနေအထားများကို ကောင်းစွာ မီးမောင်းထိုးပြလာနိုင်ခဲ့သည်က ဆိုရှယ်မီဒီယာများပင် ဖြစ်သည်။ ထိုင်းမျိုးဆက်သစ်များ အဖို့က စစ်အစိုးရ ဖန်တီးပေးထားသည့် လက်ရှိလူမှု အဆောက်အအုံများ ကြားတွင် မတရားမှုများ ပြည့်နှက်နေသည့် အဖြစ်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ရသည်။

လက်ရှိ ပေါ်ပေါက်နေသော ဖိနှိပ်မှုများအား တွန်းထိုး ရုန်းကန် ဆန့်ကျင်နေမှုများတွင် နိုင်ငံရေးသမားများ၊ အနုပညာရှင်များ နှင့် မီဒီယာများအား မိမိတို့ ဖက်မှ ရပ်တည်ပေးပါရန် ကျောင်းသားများက အပူတပြင်း တောင်းဆိုလာကြပြန်သည်။

လူငယ်များက မိမိတို့ ကြုံတွေ့နေရသည့် လူမှုဒုက္ခဆင်းရဲ အပေါင်းအား နောင်မျိုးဆက်များထံ လက်ဆင့်မကမ်းတော့ပဲ မိမိတို့မှသာ ရေကုန်ရေခန်း တိုက်ပွဲဝင်သွားမည်ဟု သံဓိဠာန် ချထားကြပြီ ဖြစ်သည်ဟုလည်း ကြွေးကြော်လာခဲ့ကြသည်။

ထို့အတွက် လက်ရှိဆင်နွှဲနေသော အခြေခံ လူ့အခွင့်အရေး များ နှင့် ဒီမိုကရေစီ ရရှိရေး တိုက်ပွဲကြီးမှာ ခရီးတို မဟုတ်၊ ခရီးရှည် ချီတက်ရမည့် ပွဲကြီးလည်း ဖြစ်သည်ဟု ခံယူထားခဲ့ကြပြီးလည်း ဖြစ်သည်။

(၂၀၁၆ ဩဂုတ်လတွင် ပြုလုပ်ခဲ့သော ထိုင်း ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူပွဲကြီးအား မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၅၅% သာ လာရောက်မဲပေးခဲ့ကြပြီး ထိုအထဲမှ ၆၁.၄၅% က အတည်ပြုခဲ့သည်ဟု ကြေငြာခဲ့ရာ မှန်ကန်မှု ရှိကြောင်း လေ့လာသူများက အတည်ပြု ပေးခဲ့ကြသည်။
မြန်မာ၏ ဖွဲ့စည်းပုံကတော့ စစ်အုပ်ချုပ်ရေး သမားများအား သံဃာတော်များ မှ ဦးဆောင် ဆန့်ကျင်ခဲ့သည့် နိုင်ငံတဝှမ်း လူထု ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး ၇ လ အကြာ၊ လူပေါင်း ၁၃၅,၀၀၀ သေဆုံးခဲ့ရသည့် သမိုင်းတွင် အဆိုးဝါးဆုံးသော နာဂစ် မုန်တိုင်းကြီး တိုက်ခတ်ခဲ့ပြီး ရက်ပိုင်းမျှ အကြာတွင် ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲကြီးကိုကား လူထု တရပ်လုံး၏ ၉၂.၄% ဖြင့် လှိုက်လှိုက်လှဲလှဲ အတည်ပြုခဲ့သည်ဟု ဆိုရာ မည်သို့များ ဖြစ်နိုင်ပေမည်နည်း။ ထိုသို့သော ဖွဲ့စည်းပုံကြီးအား အသက်နှင့် လဲ၍ကာကွယ်သွားပါမည် ဆိုသည်ကပင် ပျက်လုံးသဖွယ် ဖြစ်နေရပေသည်။ လူထု၏ဆန္ဒကို လှည့်ဖျားကာ လက်နက်အားကိုး ဖြင့် မိမိတို့၏ အကျိုးစီးပွားအတွက် အတင်းအဓမ္မ ကာကွယ်နေကြသူများအား သမိုင်း အစဉ်အဆက် တခါဖူးမျှ မျက်နှာသာ ပေးခဲ့ခြင်း မရှိခဲ့ ဆိုသည်ကို သတိချပ်သင့်လှသည်။ …. မိမိ၏ စကားချပ်)

**ဩဂုတ် လ ၂၂ ရက် နေ့ထုတ် Nikkei Asia Review စာစောင်ပါ “Why Thai students are prepared to risk everything” အား ကိုးကား တင်ပြသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •