ဗန်းမော်လေကြောင်းရုံးကိစ္စ အနုကြမ်းစီးခံရတာမဟုတ်ပဲ လင်မယားရန်ဖြစ်ရင်းလူသတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဖော်ထုတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗန်းမော်လေကြောင်းရုံးလူသတ်မှု (၁၁)နာရီအတွင်း ဖော်ထုတ်ဖမ်းမိ

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် လေကြောင်းရုံး၌ လူသတ်မှုဖြစ်ပွားခဲ့မှုအား ခရိုင်ရဲတပ်ဖွဲ့မှူး အနီးကပ်ကြီးကြပ်မှုဖြင့် အမှုဖွင့်ချိန်မှ (၁၁)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် နေ့လည် ၁၁ နာရီခန့်က ဗန်းမော်မြို့၊မင်းကုန်းရပ်ကွက်၊မြန်မာ့လေကြောင်းရုံးနေ မနှင်းအိလင်းလက်(၂၀)နှစ်သည် နေအိမ်အောက်ထပ်သို့ ဆင်းလာခဲ့ရာ ဖခင်ဖြစ်သူ ဦးအောင်ဇော်မြင့်ဦး(၄၄)နှစ်(လေကြောင်းရုံးမန်နေဂျာ)သည် မီးခံသေတ္တာထားသည့်အခန်းအတွင်း၌ လက်နှင့်ပါးစပ်တို့အား တိပ်များဖြင့်ပတ်လျက် လဲနေသည်ကို တွေ့ရပြီး  မိခင်ဖြစ်သူကိုလည်း မီးဖိုခန်းအတွင်း၌ လက်အား တိပ်ဖြင့်ပတ်လျက် ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့် လဲနေသည်ကို တွေ့ရသည်ဆို၏။
ဦးအောင်ဇော်မြင့်ဦး ပြောကြားချက်အရ အမည်မသိလူသုံးဦးရောက်ရှိလာပြီး မီးခံသေတ္တာသော့ဖွင့်ခိုင်း၍ ငွေကျပ်(၂၀)သိန်းယူဆောင်ကာ ၎င်းနှင့် ၎င်း၏အမျိုးသမီးအား ရိုက်နှက်သွားခဲ့သည်ဆို၏။
ဖြစ်စဉ်ကြောင့် ဒေါ်စောမိမိကြီး(၄၅)နှစ်သည် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ(၂)ချက်၊ မေးစေ့ယာဘက်အောက်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားသဖြင့် ဗန်းမော်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမြင့်အောင် အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းထွန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မျိုးကျော်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးမှ ရဲအုပ်ရဲသူနှင့်တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးခြင်း၊ ဖြစ်စဉ်အား သုံးသပ်ခြင်း၊ စီစီတီဗွီမှတ်တမ်းများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ အောက်တိုဘာ ၃၁ ရက် နံနက် ၁ နာရီခွဲတွင်  လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မြင့်ဦး(၄၄)နှစ်နှင့် ၎င်း၏တပည့်ဖြစ်သူ အယ်ကျိုင်း(စီစစ်ဆဲ)တို့ဖြစ်ပြီး မီးခံသေတ္တာအတွင်း ငွေများမရှိဘဲ လိမ်လည်ပြောကြားခဲ့ခြင်းဖြစ်ကာ လင်မယားရန်ဖြစ်ရာမှ တုတ်နှင့်ရိုက်၍ လက်လွန်သွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူအား ၎င်းကိုယ်တိုင် တိပ်ဖြင့်ပတ်ပြီး ၎င်းအား အယ်ကျိုင်း အကူအညီဖြင့် တိပ်ဖြင့်ပတ်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အယ်ကျိုင်း လွှင့်ပစ်ခဲ့သည့် သက်သေခံပစ္စည်းအား အောက်တိုဘာ ၃၁ ရက် နံနက် ၄ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ယာဉ်ပေါ်၌ သိမ်းဆည်းရမိခဲ့ပြီး တုတ်နှင့်အခြားသက်သေခံပစ္စည်းများအား နံနက် ၇ နာရီတွင်  ဦးအောင်ဇော်မြင့်ဦး ကိုယ်တိုင်လိုက်လံပြသချက်အရ လေကြောင်းရုံးအနောက်ဘက် အိမ်သာအနီး အမှိုက်ပုံအတွင်းမှ တွေ့ရှိခဲ့ပြီး သက်သေများရှေ့မှောက်၌ ရှာဖွေပုံစံဖြင့် စနစ်တကျသိမ်းဆည်းခဲ့ပြီး တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#ဗန်းမော်ပွင့်သစ်


Spread the love
  •  
  •  
  •  
  •  
  •  
  •