ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်
=========================================

နေပြည်တော်၊ ဇွန် – ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၃ ရက်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံဆွေးနွေးရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Army Game ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ်အားလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်အဆင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး FSMTC မှ ဒုတိယ ညွှန်ကြားရေးမှူး Vladimir Drozhzhov က ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်အားလည်းကောင်း ချီးမြှင့်တပ်ဆင်ဂုဏ်ပြုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူးတို့နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Credit – တပ်မတော် သတင်းမှန် ပြန်ကြားရေး


Spread the love
  •  
  •  
  •  
  •  
  •  
  •