ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့မှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့မှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ
===========================================

နေပြည်တော်၊ ဒီဇင်ဘာ – ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (Kachin Baptist Convention) (KBC) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မလိခရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်တို့ တက်ရောက်ကြပြီး ကချင် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အဖွဲ့မှ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ တွဲဖက် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ဇယ်ခေါင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုကြောင်း၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်တာဝန်ကိုယ်စီရှိ ကြောင်း၊ မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း ရှူနေကြ သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် ပြည်သူ လူထုများဖြစ်ကြသည့် အတွက် ငြိမ်းချမ်းရေးစိန်ခေါ်မှုနှင့် လက်ရှိတစ်ကမ္ဘာလုံး ရင်ဆိုင် နေရသည့် COVID-19 ကပ်ရောဂါစိန်ခေါ်မှုများကို ညီညွတ်သည့် အင်အားဖြင့် တွန်း လှန်ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်၍အခွင့်အရေး တောင်းဆိုခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဥပဒေနှင့် ဆောင်ရွက်ခြင်းသည်သာ ကောင်းမွန်သင့်တော်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလို ပါကြောင်း။

ကချင်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် COVID-19 ရောဂါဖြစ်ပွား မှု၌ ကယားပြည်နယ်နှင့် ချင်းပြည်နယ်ပြီးလျင် တတိယအနည်းဆုံးဖြစ်ပွားသည့် ပြည်နယ် ဖြစ်သည်ဟု သိရှိရပြီး မြို့နယ် ၁၈ ခုရှိသည့်အနက် ၁၀ ခုတွင်သာဖြစ်ပွားသည်ကို တွေ့ ရှိရပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထု၏ စည်းကမ်းလိုက် နာမှုကို ချီးကျူးအသိအမှတ်ပြုပါကြောင်း၊ ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူ ပြုပစ္စည်းများလည်း ပေးအပ်နိုင်ရေးယူဆောင်လာခဲ့ကြောင်း။

မိမိတို့တိုင်းပြည်တွင် စာတတ်သူများသော်လည်း ပညာတတ်မြောက်သူနည်းပါး လျက်ရှိနေသေးကြောင်း၊ မိမိဒေသ၏ ရေခံမြေခံကောင်းများကို အောင်မြင်စွာ အသုံးချ လုပ်ကိုင်နိုင်ရန်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှသာလျင် အသိပညာတိုးတက်မည်ဖြစ်သဖြင့် မိမိဒေသတွင်နေထိုင်သည့် တိုင်းရင်းသားညီအစ်ကိုအားလုံး၏ ပညာရေး တိုးတက်မှုရှိစေရန် အလေးထားအားပေးတိုက်တွန်းကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကောလိပ်များ၊ သင်တန်းကျောင်းများ တိုးချဲ့ဖွင့် လှစ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းမြင့်မား အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရည်မြှင့်တင်ရေး လမ်းကြောင်းပေါ်သို့ ဆွဲတင်ခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်လူနေမှုဘ၀ကို မြှင့်တင် ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြနှင့် ကျေးလက်ကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုများကို လျော့ချနိုင်ရေးအတွက် ငြိမ်းချမ်းမှုရှိရမည်၊ ပညာသင်ကြားမှုရှိရမည်၊ ကျန်းမာရေးကောင်းမွန်မှုရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာလျင် အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ ဝင်ငွေရရှိမှသာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ပြီး ကွာဟမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ (IDP) စခန်းများတွင် နေထိုင်သူများအနေဖြင့် ထောက်ပံ့ရိက္ခာကိုသာ ရရှိမည်ဖြစ်ပြီး အလုပ် လုပ်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နေရပ်များတွင် ပြန်လည်အခြေချနေထိုင် နိုင်ရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအကျိုး၊ နိုင်ငံတော်အကျိုးကို ရေရှည်မျှော်တွေး၍ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၁၈ ဒီဇင်ဘာလမှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များထုတ်ပြန် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ရပ်စဲပေးထား ကြောင်း၊ ထိုကဲ့သို့ ၂ နှစ်ခန့်ကာလအထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားခြင်းမျိုး မည်သည့် နိုင်ငံတွင်မှ မရှိခဲ့ကြောင်း၊ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေချိန် တွင် ငြိမ်းချမ်းမှုမရှိလျင် မဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ (EAO) များ၏ တည်ရှိမှု၊ အသိအမှတ်ပြုထားသည့် နေရာမှန်သမျှကိုတပ်မတော် အနေဖြင့် လက်ဦးမှုရယူတိုက်ခိုက်သွားမည်မဟုတ်ကြောင်း၊ တိုင်းပြည်နှင့် ဒေသ တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ဝင်များက တပ်မတော်၏ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်ချက် များကို လေးစားပါကြောင်း၊ ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေး ရရှိ ရန်အတွက် တပ်မတော်မှ အပစ်အခတ်ရပ်စဲ၍ ဖော်ဆောင်ကြိုးပမ်းနေမှုအပေါ် အသိ အမှတ်ပြုပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာဒုက္ခသည်များကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး တပ်မတော်မှ ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းနှင့် တိုင်းရင်းသားပြည်သူအားလုံး အတူတကွစည်းလုံးညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် (IDP) စခန်းများတွင် နေထိုင်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် မတ်လတွင် အိမ်ထောင်စု ၆၄၃ စု၊ လူဦးရေ ၃၅၇၃ ဦးကို ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် နေထိုင်နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်မှ ဆက်လက်ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်မျိုးနွယ်စု ၆ စု ရှိသည့်အနက် ဇိုင်ဝါးမျိုးနွယ်စု၏ အထိမ်းအမှတ် လွယ်အိတ်ကို ဆင်မြန်းပေးပြီး မိမိတို့ ကချင်ရိုးရာ၌ အထိမ်းအမှတ်ပွဲများနှင့် မနောပွဲတော်တို့တွင် ကချင်ရိုးရာဖြစ်သည့် လွယ်အိတ်နှင့် ငွေမောင်းပါသည့်ဓါးကို လက်ဆောင်အဖြစ်ပေးလေ့ရှိပါကြောင်း၊ လွယ်အိတ်သည် သိမ်မွေ့ခြင်း၊ ဓါး သည် ကာကွယ်ခြင်း၊ တိုက်ရည်ခိုက်ရည်ကောင်းခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါကြောင်း၊ ယခင်ကလည်း တပ်မတော်အကြီးအကဲများအား လွယ်အိတ်နှင့်ဓါးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ဖူးပါကြောင်း၊ ယခုအကြိမ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နူးညံ့သိမ်မွေ့သောငြိမ်းချမ်းရေးကို အောင်မြင် စွာဖြင့် ဖော်ဆောင်နိုင်စေလိုသော အဓိပ္ပါယ်ဖြင့် လွယ်အိတ်တစ်မျိုးတည်းကိုသာ လက်ဆောင်အဖြစ်ပေးအပ်ရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ချုပ် (KBC) အဖွဲ့အတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်ရာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ရိုးရာလက်ဆောင်များ ကို ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/709


Spread the love
  •  
  •  
  •  
  •  
  •  
  •