ဗိုလ်ချုပ်အောင်ဆန်းပုံသုံးပြီးမဲမဆွယ်ရတဲ့ အချက်မပါလို. ကြံ့ခိုင်ရေးနဲ.ပါတီ ၂၀ က ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွေကိုလက်မှတ်မထိုး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗိုလ်ချုပ်အောင်ဆန်းပုံသုံးပြီးမဲမဆွယ်ရတဲ့ အချက်မပါလို. ကြံ့ခိုင်ရေးနဲ.ပါတီ ၂၀ က ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွေကိုလက်မှတ်မထိုး

နေပြည်တော်၊ ဇွန် ၂၈

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များ၏ ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်ဝတ် လက်မှတ် ရေးထိုးပွဲကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပါတီ (၆၄) ပါတီက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ (၂၀) ခန့်က လက်မှတ် ရေးထိုးခြင်း မပြုခဲ့ကြောင်း သိရှိရသည်။

မဲဆွယ် စည်းရုံးရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံအား အသုံးပြု၍ မဲဆွယ် စည်းရုံးခြင်း မပြုလုပ်ရန် ဟူသည့် အချက်ကို ကျင့်ဝတ်တွင် ထည့်သွင်းရန် တောင်းဆိုသော်လည်း ပါဝင်ခြင်း မရှိသဖြင့် လက်မှတ် မထိုးခြင်း ဖြစ်ကြောင်း ပါတီ ပြောခွင့်ရသူ တစ်ဦးက ရန်ကုန်အခြေစိုက် မီဒီယာများသို့ ပြောကြားထားသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွင် အခန်း(၇) ခန်း ပါဝင်ပြီး ဒစ်ဂျစ်တယ် နည်းပညာ ကြော်ငြာများ၊ အခပေး မဲဆွယ် ကြော်ငြာများ အပါအဝင် အွန်လိုင်း မဲဆွယ် လှုပ်ရှားမှု အသုံးစရိတ် များကို ပွင့်လင်း မြင်သာစွာ ကြေညာရန် ထည့်သွင်း ရေးသားထားကြောင်း သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ရွေးကောက်ပွဲ ကျင့်ဝတ်အား ပိုမို ကောင်းမွန်စေရန် ၂၀၁၉ ခုနှစ်မှ စတင်ကာ ညှိနှိုင်း အစည်းအဝေးများ ကျင်းပ၍ ယခု ရွေးကော်ပွဲ ကျင့်ဝတ်အား ပြန်လည် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင့်ဝတ်များ အားဖြင့် တရားစွဲဆို၍ မရနိုင်သော်လည်း နိုင်ငံရေးပါတီများ အနေဖြင့် လိုက်နာရန် လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ယင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ဒီ ကျင့်ဝတ်က ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိပါဘူး၊ ဥပဒေအရ သက်သေခံ တစ်ခု အဖြစ်လည်း အသုံးပြုပြီးတော့ အရေးယူလို့ မရပါဘူး။ သို့မဟုတ် တရားစွဲဆိုမှုလည်း မပြုနိုင်ပါဘူး။ သို့သော် နိုင်ငံရေး ပါတီများ အနေနဲ့ ထားရှိတဲ့ ကတိကဝတ်အဖြစ် လိုက်နာဆောင်ရွက် ကြဖို့ အများ သဘောတူထားတာ၊ ပါတီအားလုံး သဘောတူထားတာ ဖြစ်ပါတယ်။ ဒီနေ့ ရလာဒ်ကို ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရေးပါတီ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆွေးနွေး တိုင်ပင်ပြီး ရတဲ့ ရလာဒ် အဖြစ် အသိအမှတ် ပြုပါတယ်” ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တည်ဆဲ နိုင်ငံရေးပါတီ အရေအတွက်မှာ ၉၇ ပါတီ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •