ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်သို့ ပြောကြားခဲ့သော မိန့်ခွန်းများအား ဖတ်မှတ် ကြကာ – မိမိတို့ နိုင်ငံ၏ ပစ္စုပန် နှင့် အနာဂတ်ဆီသို့… အပိုင်း (၃)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်သို့
ပြောကြားခဲ့သော မိန့်ခွန်းများအား ဖတ်မှတ် ကြကာ –
မိမိတို့ နိုင်ငံ၏ ပစ္စုပန် နှင့် အနာဂတ်ဆီသို့…
အပိုင်း (၃)…..

(၁၉၄၇)ဇွန်လ(၁၀)ရက်၊တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမိန့်ခွန်းမှ ကောက်နူတ်ချက်…..

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊
တိုင်းရင်းသားလူထု င်္ညညွတ်ရေး၊
စားဖားသမားတွေ ညီညွတ်ရေး ကျွန်တော်မလိုချင်ဘူး၊
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊
တိုင်းသူ ပြည်သား လူထု ညီညွတ်ရေး…
အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း၊ ဘယ်ပါတီတက်တက်၊
ဘယ် အစိုးရလုပ်လုပ် ၊ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်တယ်၊
အဲဒီတော့ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့၊ အဲဒါ အင်မတန် အရေးကြီးတယ်၊

(၁၉၄၇)မေ(၃၀)ရက်၊ သတင်းစာဆရာများ အစည်းအဝေးပြောကြားချက်မှကောက်နူတ်ချက်…..

ပြန်လည်ထူထောင်ရေးလုပ်ငန်းကို စနစ်တကျ လုပ်နိုင်မှ တိုင်းပြည် နလန်ထူမှာ ၊
အဲဒီလိုလုပ်တဲ့အခါမှာ သခွပ်ပင်က
မီးတကျည်ကျည် လုပ်တာတော့လည်းမကောင်းဘူး၊ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလည်းပါတယ်လို့ကျွန်တော်ပြောချင်တယ်၊
အဲလို ခင်ဗျားတို့လုပ်နေရင် ကျုပ်တို့ကလည်း ဝတ္တရားအတိုင်း အရေးယူလုပ်ရမှာပဲ၊
အဲဒီလိုလုပ်ကြရင် မီးခိုးမဆုံး မိုးမဆုံးဖြစ်နေမှာပဲ၊ အဲဒါတွေဖယ်ထားပြီး အလုပ်လေးလည်း ကောင်းကောင်းလုပ်ပါရစေဦး၊
ကျွန်တော်တို့ကိုမကြိုက်ဘူးဆိုရင် ထုံးစံအတိုင်း မကြိုက်တဲ့အကြောင်းကိုသေသေချာချာ
ပြောကြပါ၊ ကျုပ်တို့ထွက်သွားရုံပဲ၊
ဟိုဖက်က အစွန်းထောင်၊ ဒီဘက်က အစွန်း
ထောင်အောင်တော့ မလုပ်ကြပါနဲ့။

(၁၉၄၇)ဧပြီလ(၅)ရက်၊အသံလွှင့်ရုံမှပြောသောမိန့်ခွန်း ကောက်နူတ်ချက်…..

ခပ်ရှင်းရှင်းပြောရရင် ယနေ့အထိ ကျွန်တော်တို့တတွေရဲ့ လုပ်ပုံ ကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး၊
အတိအကျဆုံးဖြတ်ဖို့ အရေးကြီးနေတဲ့အခါ
ကျွန်တော်တို့တွေ – တွေဝေနေကြတယ်၊
ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ ချီတုံ ချတုံ ဖြစ်နေတယ်၊ ဒါတွေထက် ဆိုးရွားတာက
မှန်တယ်ထင်ရာကို မလုပ်ရဲတာပဲ၊
ကိုယ့်စိတ်ထဲက အလုပ်တစ်ခုဟာ ဘယ်လောက်ပင် မှန်တယ်လို့ထင်နေပါစေ၊ ဘယ်သူက ဘယ်လိုထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေ
တွေးပြီး ယုံတကာကတစ်မျိုး၊ လုပ်တာက တစ်မျိုး ဖြစ်နေကြတယ်၊ အဲဒါတွေဟာ
ခေါင်းဆောင်လုပ်ရမယ့် လူတွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ၊
ယခုခေတ်ခေါင်းဆောင်မူဟာ အရင်တုန်းက ခေါင်းဆောင်မူနဲ့ နည်းနည်းမှမတူတော့ဘူး၊
ဆိုတာ ကောင်းကောင်း သတိထားကြပါ၊
ရှေးတုန်းက ခေါင်းဆောင်မူဟာ အစည်းအဝေးတက်တာမှာစပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ၊
ယခုခေတ် ခေါင်းဆောင်မူဟာ ပြာပုံနဲ့လောင်စာသာကျန်တော့ တဲ့ဘဝဆိုးကြီးမှ…
ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်
နိုင်တဲ့ ခေါင်းဆောင်မူ ဖြစ်ရမယ်၊
ဒီလောက် ကြီးလေးတဲ့ ခေါင်းဆောင်မူကြီးကို
ကျွန်တော်တို့တတွေ နိုင်နိုင် နင်းနင်းနဲ့
တာဝန်ယူချင်တယ် ဆိုရင်
ခုလို တွေဝေနေလို့မဖြစ်တော့ဘူး၊
ချီတုံ ချတုံ ဖြစ်နေလို့မဖြစ်တော့ဘူး၊
ကိုယ် ယုံကြည်တာကို မလုပ်ရဲလို့မဖြစ်တော့ဘူး။

(၁၉၄၇)မတ်လ(၂၁)ရက် မြန်မာ့အသံလွှင့်မိန့်ခွန်း ကောက်နူတ်ချက်…..

ကမ္ဘာပေါ်တွင် မည်သည့် အစိုးရမျှ ငွေမရှိဘဲ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး တာဝန်ကို
ဆောင်ရွက်မသွားနိုင်ချေ၊ ထို့ကြောင့်
ကိုယ့်အစိုးရအား ကျသင့်သော အခွန်ဘဏ္ဍာများကို ကြည်သာ ပျူငှာစွာပေးဆောင်
ခြင်းသည် လွတ်လပ်သော လူမျိုးအဖြစ်ကို
ထင်ရှားစေသော မှတ်ကျောက်ပင်ဖြစ်ပေ
သည်၊
လက်ရှိ အစိုးရသည် အဆွေတို့၏အစိုးရပင်ဖြစ်သည်၊
ဗမာအစိုးရစစ်စစ်ဖြစ်သည့်အတိုင်း ဗမာလူမျိုးများကောင်းစားရေးနှင့် ဗမာလူမျိုးများ၏ ရည်ရွယ်တောင့်တသော အာသီသ ဆန္ဒပြည့်ဝရေးတို့မှတပါး အခြားမျှော်လင့်ချက် တစုံတရာမရှိပါကြောင်းကောင်းစွာသိကြစေလိုသည်။

အချို့သော ပုဂ္ဂိုလ်တို့က ငွေမရှိလျှင် အခြားနိုင်ငံက ချေးတာပေါ့ အရေးမကြီးပါ စသဖြင့်
ပေါ့ပေါ့ဆဆ ပြောကောင်း ပြောကြပေလိမ့် မည်၊
ဤကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ အတိအလင်းပြောလိုသည်မှာ မိမိတိုင်းပြည်၏ အခွန်ဘဏ္ဍာငွေများကို အားမကိုးဘဲ နိုင်ငံခြားသားတို့၏ အထောက်အပံ့ချေးငှားမူများကို
အားကိုးအားထား ပြုနေသမျှ ကာလပတ်လုံး
မည်သည့် နိုင်ငံမျှ တကယ့်လွတ်လပ်ရေး
မရရှိနိုင်ပါ၊ ကျပ်ပြည့်တင်းပြည့်လွတ်လပ်ရေး
ကိလိုချင်လျှင် ကျွန်ုပ်တို့ငွေနှင့် ကျွန်ုပ်တို့
ကိုယ်တိုင်ကသာ အားထုတ်ကြရပေမည်။

(၁၉၄၇)ဖေဖော်ဝါရီ(၂၈)ရန်ကုန်မြို့ မြူနီစပယ်လူကြီးများအားပြောသော မိန့်ခွန်း
ကောက်နူတ်ချက်…..

ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့နေရာမှာ အထူးသဖြင့် ခေါင်းဆောင်လုပ်တဲ့လူဟာ နောက်လိုက်လူတွေထက် ပိုပြီးအမြင်ကျယ်ရမယ်၊
စစ်တိုက်တဲ့နေရာမှာ စစ်သားတွေနေရာတကာ
ပြုလုပ်ပေမဲ့ စစ်ဗိုလ်က စစ်သားလုပ်တိုင်း
မဖြစ်ဘူး၊
ခေါင်းဆောင်ဟာ ဟိုလူပြောနိုးနိုး
ဒီလူပြောနိုးနိုး ယောင်ချာချာလုပ်ရင်ခေါင်းဆောင်မဟုတ်ဘူး၊
ခေါင်းဆောင်လုပ်တဲ့ လူတွေဟာ
ကိုယ်ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သား ကိုပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်၊အသက်စွန့်တဲ့နေရာမယ်စွန့်ရဲရမယ်၊
ပရိယာယ်သုံးသင့်တဲ့နေရာမယ် သုံးရမယ်၊
အချိန်အခါလိုက်ပြီးလုပ်ရမယ်၊
အများယောင်လို့ယောင်ရတယ်၊အမောင် တောင်မှန်း မြောက်မှန်းမသိ ဆိုရင်ခေါင်းဆောင်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး၊ကိုယ့်တိုင်းသူ ပြည်သားကိုလည်း မယုံဘူး၊
ကျွန်တော့်အဖို့ ကျွန်တော့်ကိုယ်ကို
ကျွန်တော်ယုံတယ်၊ ခင်ဗျားတို့ကိုလည်းယုံတယ်၊ ဗမာ့လွတ်လပ်ရေးလည်းယုံကြည်တယ်၊
ဘယ်ကိစ္စမဆို လုပ်ရင် မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်ပါလိမ့်မယ်။

(၁၉၄၇)ဖေဖော်ဝါရီ (၁၁) ရက်၊ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲ မြွက်ကြားမူ
ကောက်နူတ်ချက်…..

လူမျိုးရေးအကြောင်း ပြောလိုပါတယ်၊
လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က
ဟစ်အော်လာကြတဲ့(အမျိုး၊ဘာသာ၊သာသနာ၊ပညာ) ဆိုတဲ့စကားမျိုးကိုလည်း အသုံးပြုလို့မလုံလောက်တော့ဘူး၊
အမျိုးဆိုရာမှာ ဗမာ၊ကရင်၊ကချင်၊ချင်းနဲ့ အခြား လူမျိုးများ လည်းရှိသေးတယ်၊
တခြားနိုင်ငံတွေကို ကြည့်လိုက်ရင် ဗမာမှာလို
တိုင်းရင်းသားလူမျိုး အများရှိတာကို
တွေ့နိုင်ပါတယ်၊
တရုတ်ပြည်၊ဂျပန်ပြည်၊ ရုရှားပြည်၊ တို့မှာလည်းသည်အတိုင်းပဲ၊
အမေရိကန်ပြည်မှာလည်း အင်္ဂလိပ်စကား
ပြောကြသော်လည်း၊ အင်္ဂလိပ်၊အီတလီ စတဲ့
လူအမျိုးမျိုး စုပေါင်းပြီး လူမျိုး တစ်မျိုးဖြစ်
အောင် ထူထောင်ပြီး သူတို့ကိုယ် သူတို့
အမေရိကန်လို့ခေါ်ကြတာပဲ၊
ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည်ံလျှင်
လူမျိုးတစ်မျိုးတည်းကို လိပ်ခဲ တင်းလင်းစွဲ
ပြီး ယူဆလို့မရနိုင်ဘူး၊
ဘာသာစကားပင်တူသော်လည်းလူမျိုးခြားနားမူလည်းရှိပါတယ်၊
ဘာသာပင်မတူသော်လည်း လူမျိုးသီးခြားဖြစ်နေတာလည်းရှိပါတယ်၊
ဥပမာ — အမေရိကန်ကိုကြည့်လျှင် လူအမျိုးမျိုးဖြစ်သော်လည်း ဘာသာစကားတူပါတယ်၊
ရုရှားပြည်မှာဆိုလျှင် ဘာသာစကား
အမျိုးပေါင်းများစွာ ကွဲလွဲသော်လည်း လူမျိုးက တစ်မျိုးတည်းပါပဲ၊
သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ဘာသာ၊သာသနာကို ကိုးကွယ်နိုင်ပါတယ်၊
ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမဲ့၊
ခရစ်ယာန်ဘာသာကိုးကွယ်သူ၊
မဟာမေဒင်ဘာသာကိုးကွယ်သူ၊
နတ်ကိုးကွယ်သူ၊ အမျိုးမျိုးရှိတာပဲ၊
ဒီတော့ဒါတွေကို ကိုင်စွဲပြီး လူမျိုးရေးတရားလုပ်လို့မရဘူး။

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ငွေအား၊ပစ္စည်းအား နဲ့ စုပေါင်းပြီးအင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ၊
ဗမာကတမျိုး၊ ကရင်က တဖုံ ၊ ရှမ်း၊ကချင်၊ချင်း တို့က တခြား၊ အကွဲကွဲ အပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး၊
စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊
လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မယ်။

(၁၉၄၇)ဇန်နဝါရီ(၁)ရက်အသံလွှင့်မိန့်ခွန်း
ကောက်နူတ်ချက်…..

ကျုပ်တို့ဟာ တော်လှန်ရေးသမားပဲ၊ ဒါကိုလည်းခင်ဗျားတို့အားလုံးသိတာပဲ၊
ဒါပေမဲ့ ကျုပ်တို့ဟာ ရည်ရွယ်မှန်းထားချက်မရှိဘဲ မျက်ကန်းလို လုပ်တဲ့ တော်လှန်ရေးသမားမျိုးကိုတော့ မကြိုက်ဘူး၊
အမှန် စင်စစ် တော်လှန်ရေးသမားဆိုတာဘာလဲ၊ တော်လှန်ရေးဆိုတာ အကြမ်း ပတမ်း
တိုက်ခိုက်တဲ့ကိစ္စကိုမှ တော်လှန်ရေးလို့ဆိုလိုတာမဟုတ်ဘူး၊
လက်ရှိ စနစ်ဟောင်းကို တော်လှန်ပြီး စနစ်သစ်
ဘွားကနဲ ပေါ်ပေါက်လာတာကိုဆိုလိုတာပဲ၊
အဲဒီတော့ တော်လှန်ရေးဆိုတာ တစပ်ထဲဖြစ်
နေတာ၊ တချက်တချက်မှ ဘွားကနဲ ဘွားကနဲ့
အရေအတွက်ကနေပြီး အရည်အချင်းပြောင်းလဲမူကြီးတွေ ဖြစ်တာကို တော်လှန်ရေးလို့ဆိုတာပဲ၊
ဆူတာ ပူတာ သောင်းကျန်းတာ၊ တိုက်တာ
ခိုက်တာ တွေဆိုတာ မလုပ်မဖြစ်မှ လုပ်ရတာမျိုးပဲ၊ ဘာပဲဖြစ်ဖြစ် စတိုက်ခိုက်ချင်တယ်ဆိုတာအဓိပ္ပါယ်မရှိဘူး၊
ပြီးတော့ ကိုယ်လိုချင်ရာကို အေးအေးဆေးဆေးနဲ့ ရအောင်လဲ ဘယ်သူမဆိုဉာဏ်ရှိတဲ့
သူမှန်ရင် ကြိုးစားချင်တာပဲ၊
မရနိုင်မှ တခြားနည်းလုပ်ရမှာပေါ့။

(၁၉၄၆)ဒီဇင်ဘာ(၁၈)ရက် သံဖြူဇရပ်မိန့်ခွန်း
ကောက်နူတ်ချက်…..

ဝါဒတွေများနေရင် ဗမာပြည်ကြီး ဇာတ်မျောဖို့သာရှိတော့တယ်၊
လွတ်လပ်ရေးမြန်မြန်ရမယ်လို့ လူတိုင်း
ထင်ကြတယ်၊ ဒါပေမဲ့ ဆင်ပြောင်ကြီး အမြီး ကြမှ မတစ်စေချင်ဘူး၊
လက်ဝဲ သွေဖီရေးဟာ အသေးကို အကြီးလို့ယူဆတယ်၊
လက်ယာ သွေဖီရေးက အကြီးကို အသေးလို့ယူဆတယ်၊
လူထုရှေ့ရောက်နေတာဟာ လက်ဝဲသွေဖီရေးပဲ၊
လူထုနောက်လိုက်တာက လက်ယာ သွေဖီရေးပဲ၊
ဝေါဟာရကွဲပြားပေမဲ့ စင်စစ် အတူတူပဲ၊
ဒါတွေကိုရှောင်ရမယ်။

(၁၉၄၆)ဇန်နဝါရီ(၂၃) ရက် ဖဆပလ ပြည်လုံးကျွတ် ညီလာခံသဘင်မိန့်ခွန်း
ကောက်နူတ်ချက်…..

ညီညွတ်ရေးဟာ အင်္ဂလိပ်လိုပြောမယ်ဆိုရင်
(Historical necessity ) အချိန်အခါလိုက်
ဒီတိုင်းပြည် ဒီလူမျိုးတို့ရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီးဖြစ်တယ်၊
အဲဒီတော့ ညီညွတ်ရေး ရအောင်လုပ်ရမယ်၊
ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်၊
တူညီသောအကျိုး တူညီသောအလုပ်၊တူညီသောရည်ရွယ်ချက်ရှိရမယ်၊
ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက်ညီညွတ်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်မှာလဲ၊
ရည်ရွယ်ချက်ဆိုတာရှိရမယ်၊ဘာအတွက်ညီညွတ်ရမှာလဲ၊
ရာထူးယူဖို့ ညီညွတ်ရမှာလား၊ ဒါမှမဟုတ်
ဒီတိုင်းပြည်ရဲ့ တိုင်းသူ ပြည်သားတွေကို
နှိပ်စက်ဖို့ ညီညွတ်ရမှာလား၊
ဘာအတွက်ညီညွတ်ရမှာလဲ၊
အဲဒီတော့ကာ ကျွန်တော်တို့ လိုချင်တဲ့
ညီညွတ်ရေးက…
တတိုင်းပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး၊
အဲဒီလို တူညီတဲ့ရည်ရွယ်ချက်၊
တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် အဲဒါတွေ ရအောင် ၊
အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သား
တွေရအောင်၊
တူညီတဲ့ အလုပ် လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်၊ ပါးစပ်က ပြောရုံနဲ့မပြီးဘူး၊
ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး၊
အလုပ်မှာလည်း တူရမယ်၊
အကျိုးမှာလည်းတူရမယ်၊
ရည်ရွယ်ချက်မှာလည်း တူရမယ်၊
အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။

အထက်ပါရေးသားဖော်ပြချက်များသည်ကား
မိမိတို့နိုင်င၏ တပ်မတော်ဖခင်၊
လွတ်လပ်ရေးဗိသုကာ၊
အမျိုးသားခေါင်းဆောင်ကြီး …
ဗိုလ်ချုပ်အောင်ဆန်း ၏ တိုင်းပြည်နှင့် တိုင်းသူပြည်သားများအား မိန့် ကြား၊ မှာတမ်းထားခဲ့တာဖြစ်ပါတယ်၊
ဗိုလ်ချုပ်၏ မှာတမ်း မိန့်ကြားခဲ့မူများ၏
အများစု စကားရပ်များသည် ယခုအချိန် ခေတ်ကာလအတွက်လည်း အင်မတန်လိုအပ် ပြီးမိမိတို့တိုင်းပြည်နှင့် တိုင်းသူ ပြည်သားများအတွက် လည်း အကျိုးရှိစေသည့် တန်ဘိုးရှိသော စကားရပ်များဖြစ်ပါတယ်၊
သို့ဖြစ်ပါ၍ ဗိုလ်ချုပ် အောင်ဆန်း ၏
မိန့်ကြားမူများကို လေ့လာ ဖတ်မှတ်ကာ
မိမိတို့ နိုင်ငံ၏ လက်ရှိ ပစ္စုပန်ကောင်းများဖြစ်တည်လာစေ၍ အနာဂတ် ကောင်းများဆီသို့လည်းသွားနိုင်ပါစေကြောင်း — –
………. နှင့်……….

(၂၀၂၀) နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ မိမိတို့နိုင်ငံအတွက် ဘယ်ပါတီက ပိုပြီး အကျိုးကောင်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသလဲ ?

ဗိုလ်ချုပ်၏ မိန့်ကြားမှာတမ်းခဲ့မူများအား ယခုခေတ်ကာလအခြေအနေ အခင်းအကျင်း နှင့် ချိတ်ဆက်ပြီး ပိုမိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်လာစေရန် ၊
မိမိတို့နိုင်ငံ နှင့် မိမိတို့ ပြည်သူ ပြည်သားများ၏ ကောင်းကျိုး ချမ်းသာ မူများ၊
လွတ်လပ် မျှတမူများအား ၊
ဘယ်ပါတီ၊ ဘယ်အစိုးရကပိုပြီး ၊
ထမ်းဆောင်နိုင်ပါသလဲ ?

ဆိုသည်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ကြကာ…..
ဆန္ဒမဲများကို ပေးနိုင်ကြစေရန်…..
ဆန္ဒမဲပေးခွင့်ရှိသူ တိုင်းရင်းသား နိုင်ငံသား ပြည်သူ ပြည်သား အားလုံး မိမိတစ်ဦးခြင်း၏အခွင့် အာဏာကိုလွတ်လပ် ပိုင်နိုင်စွာဆုံးဖြတ်နိုင်စေဘို့…
လာမည့် နိုင်ဝင်ဘာ(၈) ရက်၊တနင်္ဂနွေနေ့ မနက် (၆) နာရီမှစတင်ပြီး
သက်ဆိုင်ရာ မဲရုံများဆီ သို့…
သွားကြပါစို့။
ဟု လေးစားစွာ တိုက်တွန်း နိူးဆော်
ရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (16.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •