ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာထားခဲ့သော မိန့်ခွန်း ကောက်နူတ်ချက်များအား လေ့လာ မှတ်သားရင်းမှ မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ဆီသို့….. အပိုင်း (၂)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာထားခဲ့သော မိန့်ခွန်း ကောက်နူတ်ချက်များအား လေ့လာ မှတ်သားရင်းမှ မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ဆီသို့…..
အပိုင်း (၂)…..

ယနေ့ခေတ်ကာလအထိ ချိတ်ဆက်နိုင်သေးသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ…..

(၁၉၄၇)မေလ(၁၉)ရက်၊ဂျူဗလီဟော
ဖဆပလ ပဏာမပြင်ဆင်မူညီလာခံ မိန့်ခွန်း
ကောက်နူတ်ချက်…..

သမ္မတစနစ်ဟာ တိုင်းသူ ပြည်သားတွေသာလျှင် အရင်းခံ မူလဘူတ ဖြစ်တယ်ဆိုတဲ့သဘာဝကိုဖော်ပြတယ်၊
လူလူချင်း အတူတူပဲဆိုတဲ့ သဘာဝကိုပြန်ဖော်တယ်၊ ဒါပေမဲ့ တစ်ခုသတိပြုရမယ်၊
အစိုးရဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန် အသုံးဝင်တယ်၊
အဲဒီ အာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့ လူတွေအချင်းချင်းလုကြတယ်၊
ရရင်လဲ လက်မလွတ်ချင်ဘူး၊
တိုင်းသူ ပြည်သားတွေဆိုတာကတော့ အဲဒီအထဲမှာ
တုတ်လုပ်ပြီး အရိုက်ခံရမဲ့အခါကျမှပါရတာပဲ၊
ဒီလို အာဏာလုကြတဲ့အခါ ဒီမိုကရေစီ
ဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာ လို့
ကြွေးကြော်အော်ဟစ်ပြီး ညာတဲ့စနစ်တွေလည်းရှိတယ်၊
လူတွေက တိုင်းသူပြည်သားတွေက
“အစိုးရ” အာဏာ အပ်လိုက်တုန်းက
ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါ ဆိုပြီး အာဏာ အပ်လိုက်တာပဲ၊ ဒါပေမဲ့
ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာ ဖြစ်တော့တာပါပဲ၊
လူတွေကတင်မြှောက်ပြီး လူတွေရဲ့ အကျိုးကိုလုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ
ဖြစ်နိုင်မယ် ၊
အခြားဟာတွေ ဒီမိုကရေစီ မဖြစ်နိုင်ဘူး
အတုတွေသာ ဖြစ်တယ်။

ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး၊
ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့
ရောယောင်ပြီး သံဖမ်း
ပြောကြတာတွေလည်း အများကြီးပဲ၊ ဒါဖြင့် ဒီမိုကရေစီ ဆိုတာဘာလဲ ? ၊
လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း၊ အစရှိသည်အားဖြင့်
အခွင့်အရေး တန်းတူကျပ်ပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး၊
တကယ့် ဒီမိုကရေစီ ဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက်
ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး၊
အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူ ရနိုင်တဲ့အခြေအထိ
မြှင့်တင်နိုင်အောင်ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီ အထိတက်လှမ်းနိုင်မယ်။

ကျုပ်လုပ်ချင်တာကတော့ (Greatest Happiness of the Greatest Number )
“လူများစု အကောင်းဆုံးချမ်းသာသုခရအောင်” ပဲ၊
အဲဒီလိုအများစုက ကြိုးကိုင်တဲ့ ဒီမိုကရေစီ
မျိုးကိုသာလိုချင်တာပဲ၊
အကုန်လုံးအကျိုးရှိတဲ့ ဒီမိုကရေစီဆိုတာကတော့ ခုလို အရင်းရှင်၊ အလုပ်သမား၊လယ်ရှင် အစရှိတဲ့ လူတန်းစားကွဲပြားမူတွေ ရှိနေသမျှကာလပတ်လုံး မဖြစ်နိုင်သေးဘူး၊
လယ်ရှင်အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနိုင်ဘူး၊
အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး၊
သူတို့အချင်းချင်း အကျိုးတွေဟာ တခါ တခါ စေ့စပ်လို့ မရနိုင်ပဲ တစ်ဦးအကျိုးရှိရင် တစ်ဦး ထိမယ် ဆိုတဲ့ အဖြေမျိုးဖြစ်လာတဲ့အခါ အစိုးရက တစ်ဖက်ဖက်က ပင်းမှဖြစ်နိုင်မယ်၊
အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ အစိုးရက
လူများစုဖြစ်တဲ့ လူဆင်းရဲတွေဖက်က ထုံးစံအတိုင်း ပင်းမယ်ဆိုတဲ့သဘောပဲ။

ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊
လူမျိုးကြီး တစ်မျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး(Unitary State ) တည်ထောင်မလား ဆိုတဲ့မေးခွန်းကိုဖြေဆိုလိုတယ်၊
ကျွန်တော့အမြင်အရဆိုရင်တော့ အထက်လူမျိုးရေးအရ ရသင့် ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့
(Unitary State ) လူမျိုးကြီး တစ်မျိုးတည်းဆိုတဲ့နိုင်ငံမျိုးတော့ထောင်လို့မဖြစ်ဘူး၊
ပြည်ထောင်စုသဘောမျိုးဖြစ်ရမှပဲ၊
ဒါပေမဲ့ “ပေါင်းခါမှ ဆေးအတွက်လေးတဲ့”
ပြည်ထောင်စုမျိုး၊ လီနင်ပြောသလို တစိတ် တဒေသက တခုလုံးကိုဆန့်ကျင်တဲ့
(Thd part contradicting the whole )၊
ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး၊
အထူးသဖြင့် ပြည်ထောင်စု ဟာ စီးပွားရေးတိုးတက်မူကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့်
ပြည်ထောင်စု ဖြစ်ရလိမ့်မယ်၊ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံးတိုးတက်မူကို လုပ်နိုင်မှာပဲ၊
ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်းကျိုးရှိအောင်
ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

“ဘာလဲ တော်လှန်ရေး၊ အကြမ်းပတမ်းလုပ်တိုင်း တော်လှန်ရေးလား၊ မဟုတ်ဘူး၊
အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား၊ မဟုတ်ဘူး၊
လုပ်ချင်တိုင်း လုပ်လို့ ရသလား၊ မဟုတ်ဘူး၊
တော်လှန်ရေး ဆိုတာ လူထုက လူထုရဲ့
ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲ ဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်၊
အခြောက်တိုက် စိတ်ကူး စီမံကိန်းမျိုးနဲ့ မဖြစ်နိုင်ဘူး၊
မျက်စိစုံ မှိတ်ပြီး အကန်းလို ရမ်းလို့မဖြစ်ဘူး၊
ထကြွ ဖျက်ဆီးရုံ အလုပ်ဆိုလည်းလက်မခံနိုင်ဘူး၊
တော်လှန်ရေး ဆိုတာ အကြီးကျယ်ဆုံး ပြုပြင် ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်၊
တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးက လုပ်စား ကိုင်စား လူထုကြီးရဲ့ လွတ်လပ်မူဖြစ်ပါတယ်၊
တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်လာအောင် ဆောင်ရွက်ရေးဖြစ်ပါတယ်၊
တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမူ၊ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ဖိုး အာဏာကို
သိရှိနားလည် နိုးကြားသလဲ ဆိုတဲ့အပေါ်မှာ တည်ပါတယ်။

ကျွန်တော်တို့ အခုလုပ်နေတာအားလုံးဟာ
တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေတာပဲမဟုတ်လား၊
အဲဒီလို တော်လှန်ပြောင်းလဲတဲ့အခါ ကြမ်းသင့်တဲ့အခါလည်း ကြမ်းခဲ့ ကြတယ်၊
ကြမ်းစရာလိုသေးရင်လည်း ကြမ်းရဦးမှာပဲ၊
သို့သော် အရမ်းကြမ်းရမယ်ဆိုတာတော့
ကျွန်တော်နားလည်သလောက် တကယ့်တော်လှန်ရေးသဘောတရားမဟုတ်ဘူး၊

အထက်ပါ ကောက်နူတ်ချက်များအားလုံးသည် မိမိတို့နှင့်တကွ ကမ္ဘာ့ နိုင်ငံများစွာက ယခုခေတ်ကာလအထိ အသိအမှတ်ပြုနေဆဲ လေးစားနေရဆဲ ဖြစ်သော မြန်မာ့တပ်မတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း မှ
(၁၉၄၇) မေလ(၁၉) ရက်တွင် ဂျူဗလီဟော
ဖဆပလ ပဏာမ ပြင်ဆင်မူညီလာခံ၌
ပြောကြားခဲ့သော မိန့်ခွန်း ကောက်နူတ်ချက်များ ဖြစ်ပါတယ်၊

မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲများမှတဆင့်
ချီတက်နေသော ဒီမိုကရေစီခေတ်စနစ်ပြောင်း မူနဲ့အတူ ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက်…..
တည်တန့် ခိုင်မာ အခြေတည် နိုင်စေရန်…

(၂၀၂၀) ခုနှစ်၊နိုဝင်ဘာ(၈) ရက်နေ့တွင်
ဆန္ဒမဲပေးခွင့်ရှိသူ တိုင်းရင်းသား နိုင်ငံသားအားလုံးမှ တက်တက် ကြွကြွ ဖြင့် မိမိတို့တစ်ဦးခြင်း၏ အခွင့်အာဏာများကို မိမိတို့ နိုင်ငံအတွက် ကောင်းကျိုး ချမ်းသာမူများ ကိုဖော်ဆောင်နိုင်စေဖို့ အကျိုးရှိစွာ အသုံးချ ဆုံးဖြတ်နိုင်ပါစေကြောင်း ရေးသား နိူးဆော် တိုက်တွန်းလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (15.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •