“ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ ” (မင်းကိုနိုင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗိုလ်အောင်ဒင် ကိုဖမ်းမိကြောင်းကြွားဖို့
မမြဝင်းအိမ်ခေါ်သွား
ထားခဲ့တဲ့ ကိုကိုချစ်အမှားလား

ဓားပြဗိုလ်ကိုမှ
စန္ဒယားပြင်ခိုင်းမိတဲ့ မမြဝင်းအမှားလား

လက်ထိပ်ဖြုတ်ပေးပြီး
ဓား​ပြဗိုလ်ရဲ့ စန္ဒယားလက်သံမှာ
မျောပါခဲ့တဲ့
ပုလိပ်သားလေးအမှားလား

ဗိုလ်အောင်ဒင်ကား ပြန်ပြတိုင်း
ဒီဇာတ်ဝင်ခန်းမှာ
ပုလိပ်သားလေးက ပါးချိတ်ယားနေပြီ။
………………

“ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ ”
———-–—————-–——-–——–
(တခါက​ ရေးတင်ဖူးတဲ့ ‘နှစ်ချို့ကဗျာ’)

ဒီမြေ တကြော
ပေါလိုက်ပါတဲ့ နတ်ရုပ်တွေ
နတ်ရုပ်မြင်သမျှ
ချီလိုက်ရတဲ့ လက်အုပ်တွေ

အဲသလို တုတ်မိုး ဓါးမိုး ရှိကြီးခိုးက
ကဗျာ ရေးပေးပါတဲ့ ၊
ကဗျာ ရွတ်ပြပါတဲ့
.
“ ဟင်း…. ဟင်း…… ”
ဗိုလ်အောင်ဒင် ရယ်သလိုသာ ရယ်လိုက်ချင်
ကျီးလန့်စာစား နာရီတကြည့်ကြည့်
မီးနီ အမြဲတမ်း မိနေသူဆီက
ဘယ်လို ကဗျာ ရမှာလဲ….
.
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဆိုတာ
ဂေါက်ရိုက်သွားမယ့် အန်ကယ်ကြီးအတွက်
မီးပွိုင့် အမြဲတမ်း စိမ်းပါစေ၊
ကောက်စိုက်သွားမယ့် လယ်သူမလေးအတွက်
ခတ္တာပန်းလေး ပန်ပါရစေ.. ဆိုတာမျိုးလား….

တူနီးရှားမှာ
သစ်သီးသည်လေး သူ့ကိုယ်သူ
မီးရှို့စတေးလိုက်ပြီးတဲ့နောက်
တူနီရှားမှာ
အီဂျစ်မှာ
လစ်ဗျားမှာ
အာရပ်နွေဦးမှာ
.
“ ဟင် ”
ဒီမှာကျတော့ ဒီဂလိုဘယ်ကြီးက
လိုက်ပြီးတော့ ဇေးမရှင်းဘူးပေါ့လေ…
ဟောဒီမြေမှာ
နတ်ရုပ်မြင်သမျှ
ကြာငုံအသွင် ချီခဲ့ရတဲ့ လက်အုပ်ကြီးက
ဘယ်လိုကဗျာမျိုး ရေးလို့ ရမှာလဲ…
မရိုးသားဘဲ ဘယ်တုန်းက ကဗျာ ရဖူးလို့လဲ…
.
အခု ကြည့်…
တို့စိတ်ထဲတော့
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြီ
.
ဗိုလ်အောင်ဒင်ကို စန္ဒယားပြင်ဖို့
လက်ထိပ်ဖြုတ်ပေးလိုက်တဲ့အခါ
ဂန္တမာတောင် သံဆန်းကို စမ်းရင်း စမ်းရင်း
မျောပါသွားတဲ့ ပုလိပ်သားလေးရဲ့ပါးချိပ်ကြားကို
အားကုန် ကြုံးထိုးလိုက်တာ
ပြီးတော့ မမြ၀င်းကို သုတ်ပြေးတာ
.
အဲဒီဓာတ်ရှင်ပြန်ပြတိုင်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးတော့မယ်ဆိုရင်
ပုလိပ်သားလေးက ပါးချိပ်ယားနေတယ်
.
အခုလည်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ
စန္ဒယားတီးနေပြီ ။….. ။
.
#မင်းကိုနိုင်
သူကြီးသားမက်သူငယ်ချင်း( ကဗျာပေါင်းချုပ်စာအုပ်)မှ


Spread the love
  •  
  •  
  •  
  •  
  •  
  •