ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် ARSA နှင့် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များအား ကုလသမဂ္ဂရှေ့ မြန်မာဖွင့်ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ ပါဝင်တက်ရောက်

(၂၁-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဗုဒ္ဓဟူးနေ့၊ ညနေ ၆း၃၀ နာရီတွင် videoconferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌတို့အကြား တွေ့ဆုံသည့် အာဆီယံ-ကုလသမဂ္ဂဝန်ကြီးအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၀ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. António Guterres ၊ (၇၅) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Mr. Volkan Bozkır ၊ အာဆီယံ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့် ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံနှင့်ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ခဲ့ကြပြီး အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း အစီအစဉ် (၂၀၁၆-၂၀၂၀) အောက်ရှိ လုပ်ငန်းစဉ်များ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းဆွေးနွေး ခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ-ကုလသမဂ္ဂ ဘက်စုံမိတ်ဖက် ဆက်ဆံရေး မြှင့်တင်ရန် အာဆီယံ-ကုလသမဂ္ဂပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုချမှတ်ခဲ့သည်။ ထို့ပြင် COVID-19 ရောဂါ၊ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အလားတူ အစည်းအဝေး တွင် ဒေသတွင်း ငြိမ်းချမ်းရေး နှင့်လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့ကို တိုးမြှင့် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် COVID-19 ရောဂါနှင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွား ထိခိုက်နစ်နာမှုများကိုဖြေရှင်းရာတွင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က အာဆီယံ-ကုလသမဂ္ဂ ဘက်စုံ မိတ်ဖက်ဆက်ဆံရေးနှင့် အာဆီယံ-ကုလလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော် ဆောင်ရွက်မှုတို့တွင် သိသာထင်ရှားသည့် အောင်မြင်မှုများရရှိသည့် အတွက် အားရကျေနပ်ကြောင်း၊ ယခု အစည်းအဝေး၌ အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်သစ် (၂၀၂၁-၂၀၂၅) အတည်ပြုချမှတ်ခြင်းကို ထောက်ခံကြိုဆို ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံတကာအစီအစဉ်များကို ချမှတ်ခဲ့သည့်အတွက် ကျေးဇူးတင် ရှိကြောင်း၊ လက်ရှိ တွင် ထိရောက်လုံခြုံ စိတ်ချမှုရှိပြီး လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးသာတူညီမျှ ခံစားရရှိ နိုင်သည့် ကာကွယ်ဆေး ရရှိရေးသည် နိုင်ငံအားလုံး၏ ဦးစားပေး ကိစ္စတစ်ရပ် ဖြစ်သည့် အတွက် အာဆီယံနှင့် ကုလသမဂ္ဂတို့အကြား ယင်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒသည် ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်းရေးကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိရာ အဆိုပါပြဿနာကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ဆွေးနွေးရာ၌ ရခိုင်ပြည်နယ် အရေးကိစ္စ မှာလည်း အကြမ်းဖက်မှု (terrorism) နှင့် ပါဝင်ဆက်စပ်နေသည်ကို မျက်ကွယ်မပြုရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တွေ့ကြုံ ရင်ဆိုင်နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာသည် ARSA ဟု အများသိထားသည့် Harakah al-Yaqin အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း အများအပြားကို တပြိုင်တည်း တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကြောင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်ကို အများကလစ်လျူရှုထားကြောင်း၊ ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့ဝင်များရှိနေပြီး ၎င်းတို့သည် နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေး ကြန့်ကြာအောင် နှောင့်ယှက်လျက်ရှိသည်ဟု ခိုင်လုံသည့်သတင်းများအရ သိရှိရကြောင်း၊ ၎င်းအကြမ်း ဖက်အဖွဲ့သည် ဒုက္ခသည်စခန်းအတွင်း လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုနှင့်လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် အပြင် စစ်သင်တန်းများကိုပင် ပေးနေ သည်ဟု သတင်းများတွင် ဖော်ပြ ထားကြောင်း၊ ARSA နှင့် AA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ဆောင်ရွက်နေခြင်း အပေါ် စိုးရိမ်ပူပန်ကြောင်း၊ ARSA ၏ လှုပ်ရှားမှုများ၊ AA ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည် ပို့ဆောင်ရေး အပါအဝင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အစိုးရ၏ ကြိုးပမ်းချက်များကို ပိုမိုရှုပ်ထွေးလာစေကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရေးမှာ မြန်မာနိုင်ငံ အပေါ်တွင်သာ တာဝန်ရှိနေခြင်းမဟုတ်ဘဲ နေရပ်ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လည်း လိုအပ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ စိစစ် အတည်ပြုပြီးဖြစ်သော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်း အဝိုင်းအားလုံး၏ တည်ငြိမ် အေးချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းရင်း မိမိတို့ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် အတွက်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ် ပြုထားကြောင်းကိုလည်း အသိပေးလိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် စိန်ခေါ်မှု များကို နားလည်ရန် ကြိုးပမ်းပြီး မြန်မာနိုင်ငံ၏ ပြဿနာဖြေရှင်းရေးကြိုးပမ်းမှုများ အောင်မြင် စေရန် အစိုးရ၏ စွမ်းဆောင် ရည်မြှင့်တင်ရေးတွင် ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်သည် ကုလသမဂ္ဂ၏ (၇၅) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ် သော အလှည့်ကျ အဖွဲ့ဝင်အဖြစ် တာဝန်ယူလျက်ရှိသည့်အတွက် ယခုနှစ်တွင်ကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးသည် ထူးခြားသည့် အစည်းအဝေးတစ်ရပ် ဖြစ်သည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •