ဘဏ်များ၏ လုံခြုံရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အရေးပေါ် အချက်ပေးစနစ် တပ်ဆင်ရန် ဗဟိုဘဏ် တိုက်တွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘဏ်များ၏ လုံခြုံရေးအတွက် နိုင်ငံတကာဘဏ်များတွင် ကျင့်သုံးနေသည့် အရေးပေါ် အချက်ပေးစနစ် တပ်ဆင်ရန် တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောသည်။

“ထပ်တိုး လုံခြုံရေး အစီအစဉ်များ အဖြစ် နိုင်ငံတကာဘဏ်များမှာ ကျင့်သုံးတဲ့ အရေးပေါ် အချက်ပေးစနစ် (Alarm Bell System) များ တပ်ဆင် ထားရှိရေး အစီအစဉ်များကိုလည်း သင့်လျော်သလို ချမှတ် ကျင့်သုံးသွားစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တိုက်တွန်း ထားရှိပါတယ်” ဟု ၎င်းက ပြောသည်။

မေလ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုး၀င်း၏ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ငွေသွင်း လာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်း လုံခြုံရေးအတွက် မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည် ဖြေကြားရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဘဏ်များ၏ ငွေကြေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်သက်ပြီး လုပ်ငန်း အစီအစဉ်များ ချမှတ်ခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်း များကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်တွင် ဘဏ်များ၏ လုံခြုံရေးကို ကဏ္ဍ သုံးခုခွဲပြီး ဆောင်ရွက်ရန် အသေးစိတ် အချက်အလက်များ ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်စွဲဖြင့်ထုတ်ပြန်သည့် ညွှန်ကြားစာအရ ဘဏ်ခွဲ ဖွင့်လှစ်ရန် လျှောက်ထားရာတွင် ပါ၀င်ရမည့် အချက် (၃) ချက်တွင် ဘဏ်ခွဲ ဖွင့်လှစ်ရေး အတွက် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှု ရှိကြောင်းနှင့် ဖွင့်လှစ်မည့် ဘဏ်အတွက် လုံခြုံမှု ရှိကြောင်း ထောက်ခံချက်ကို ထည့်သွင်း ဖော်ပြရန် ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့အတူ ဘဏ်များ အနေဖြင့် ဘဏ်ခွဲ ဖွင့်လှစ်ခွင့် ပြုရန် လျှောက်ထားရာတွင် အင်္ဂါ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရမည့် အချက် (၆) ချက်ကို ဖော်ပြခဲ့ရာတွင် ဖွင့်လှစ်မည့် ဘဏ်ခွဲအတွက် စနစ်တကျ ရေးဆွဲထားသည့် လုံခြုံရေး စီမံချက် ပါ၀င်ရမည်ဟု ဖော်ပြခဲ့ကြောင်း ဦးစိုးမင်းကဆက်လက် ပြောသည်။

“ဘဏ်ခွဲများကို ဖွင့်လှစ်ခွင့် တင်ပြစဉ်ကပင် ဘဏ်များ အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဘဏ်များ တောင့်တင်း ခိုင်မာမှုဆိုင်ရာ လိုအပ်ချက်များ၊ မတည်ငွေရင်း လုံလောက်မှု၊ ငွေဖြည့်လွယ်မှု၊ အနည်းဆုံး ထားရှိရမည့် သီးသန့်ငွေ လိုအပ်ချက်များ ပြည့်မီမှု ရှိရန် လိုအပ်ပြီးတော့ ဖွင့်လှစ်မည့် ဘဏ်ခွဲများဟာ သက်ဆိုင်ရာ ဒေသရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုကြောင်း သုံးသပ် တင်ပြချက် အပြင် ဒေသဆိုင်ရာ အာဏာပိုင်၏ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှု ရှိကြောင်းနှင့် ဖွင့်လှစ်မည့်ဘဏ်ခွဲအတွက် လုံခြုံမှု ရှိကြောင်း ထောက်ခံချက်၊ ဘဏ်လုံခြုံရေး အတွက် စီစဉ် ဆောင်ရွက် ထားရှိမှုများကို ပြည့်စုံစွာ တင်ပြရန် လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဘဏ်ခွဲများ၏ စီးပွားရေးအရ ဖြစ်နိုင်ခြေ သုံးသပ်ချက်၊ ဒေသဆိုင်ရာ စီးပွားရေး အထောက်အကူပြုမှု၊ ဘဏ် လုံခြုံရေး၊ ငွေထုတ်ငွေသွင်း လာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်း လုံခြုံရေးကို စီစဉ်ထားရှိခြင်း ရှိ၊မရှိ တင်ပြချက်ကို စိစစ် သုံးသပ်ပြီးမှ ဘဏ်ခွဲများ ဖွင့်လှစ်ခြင်းကို ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

ဘဏ်များ အနေဖြင့် ငွေထုတ်ငွေသွင်း လာကြသော ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း လုံခြုံစေရေး အတွက် ဘဏ်လုံခြုံရေး ၀န်ထမ်းများ ထားရှိ စောင့်ကြပ်စေခြင်း၊ ဘဏ် အဆောက်အဦ ပတ်၀န်းကျင်တွင် ၀န်ဆောင်မှုပေးသည့် နေရာဌာနများ၌ CCTV ကင်မရာများတပ်ဆင် စောင့်ကြည့်ခြင်း၊ အဓိက ၀င်ပေါက် တစ်ပေါက်သာ ထားရှိပြီး Banking Hour ကုန်ဆုံးချိန်တွင် သော့ခတ် ပိတ်ခြင်း၊ ဘဏ်၀န်ထမ်း များမှလည်း လုံခြုံရေးအတွက် စောင့်ကြပ်ခြင်း၊ နေ့ည လုံခြုံရေး ၀န်ထမ်းများ ထားရှိခြင်းနဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများတွင်အခါ အားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာစေခြင်း၊ လုံခြုံရေးစီမံချက်များ ရေးဆွဲ ထားရှိစေခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •