ဘာတန် လစ်တနာ ပြောသော Gen-Z တို့၏ အောင်ပွဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘာတန် လစ်တနာ ပြောသော Gen-Z တို့၏ အောင်ပွဲ
••••••••••••••••••••••••••••

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် လူငယ်များ၏ ဒေါသမာန်ကို ကြိုတင် တွက်ဆထားခဲ့ခြင်းမရှိသည်မှာ လုံးဝ သိသာ ထင်ရှားလာနေရသည်။ ယခုအခါ Gen-Z လူငယ်များ ဦးဆောင်သည့် နိုင်ငံအနှံ့ လမ်းပေါ်ဆန္ဒပြပွဲများ အရှိန်အဟုန် နှင့် ဖြစ်ပွားနေသည်ကပင် နောက်တကြိမ် အာဏာပြန်ရလာသော စစ်ဗိုလ်ချုပ်ကြီးများအဖို့ ခေတ်မှီ တိုးတက်လာမှုများအား မည်မျှ အထိ လိုက်မမီ ဖြစ်လာနေသည်ကို ထုတ်ဖေါ်ပြလိုက်သလို ဖြစ်သွားခဲ့ရ‌ ပေသည်။

မင်းအောင်လှိုင်သည် ရုပ်မြင်သံကြားရှေ့ပထမဦးဆုံး အကြိမ် ထွက်လာခဲ့သည့်ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် စိုးရိမ်စိတ် ရှိနေပုံရသော်လည်း ယုံကြည်မှု အပြည့်ရှိနေ
သည့် အသွင် တွေ့ရသည်။ ထိုအချိန်တွင်တွင် တနိုင်ငံလုံးသို့ ဆန္ဒပြမှုများ ပျံ့နှံ့လာနေပြီလည်း ဖြစ်သည်။

ထိုဆန္ဒပြပွဲများက ၁၉၈၈ တုန်းကလို လက်နက်မဲ့ လူအုပ်ကြီးထဲသို့ စစ်သားများက ‌အော်တိုမက်တစ် ရိုင်ဖယ်များ ဆွဲမွှေ့ကာ ပြစ်ခတ်၍ နှိမ်နှင်းလို့ ရမည့် ခေတ်မဟုတ်တော့၊ ၂၀၀၇ တုန်းကကဲ့သို့လည်းစစ်သားများကို သုံး၍ ရိုက်နှက် နှိမ်နှင်း၍လည်း မဖြစ်နိုင်တော့ပြန်ပေ။

Gen-Z လူငယ်များ ဆိုသည်ကား ဆိုရှယ်မီဒီယာ နှင့် အင်တာနက် ခေတ်ကြီးတွင်လူဖြစ် မွေးဖွားလာကာ မည်သို့ အသုံးချရမည်ကို ကျွမ်းကျင်စွာ သိနားလည်ထားကြ
သော “ဒီဂျစ်တယ် ဌာနေ” တိုင်းရင်းသားများပင် ဖြစ်သည်။

Gen – Z တို့သည် သတင်းများအား ပိတ်ဆို့ထားမှုကို ကျော်လွှားနိုင်ခဲ့ယုံမျှမက လူထု လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာအောင် ဟောင်ကောင် နှင့် ထိုင်းနိုင်ငံတို့မှ လှုပ်ရှားတက်ကြွသူများနှင့် နေ့စဉ်လို ထိတွေ့ဆက်သွယ်ကာ ၎င်းတို့၏ အကူအညီဖြင့် စည်းရုံးဦးဆောင်လာနိုင်ခဲ့သည်။

ယခုလာမည့် တနင်္လာနေ့သည် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအား စစ်တပ်မှ ဖြုတ်ချခဲ့သည်မှာ နှစ်ပတ်တင်းတင်း ပြည့်မည့်နေ့
လည်း ဖြစ်ပေသည်။ သို့သော် အမျိုးသမီးငယ်လေးများစွာ ပါဝင်သည့် နည်းပညာကျွမ်းကျင်သော လူငယ်တက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် လူထုဆန္ဒပြပွဲများ
ကတော့ စစ်တပ်၏ ခြိမ်းခြောက်မှုများကြားမှ အရှိန်လျော့ကျသွားမည်ကား မဟုတ်ပေ။

လျော့ကျမသွားသည့်အပြင် မြန်မာပြည်ရှိမြို့နယ် ၃၃၀ အနက် မြို့နယ်ပေါင်း ၂၀၀ကျော်တွင် အင်အား ကောင်းသည်ထက်ကောင်းလာနေပြီ ဖြစ်သည်။ ထိုမြို့နယ်
များရှိ ပြည်သူလူထုက ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်ကို စစ်တပ်မှ မသမာသော နည်း
ဖြင့် အနိုင်ရရှိမှုဟုဆိုကာ လုပ်ကြံဇာတ်ခင်းလာသည်များကို တညီတညွတ်တည်း လက်မခံ ဆန့်ကျင်လာနေကြပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နောက်ထပ် ငါးနှစ် သက်တမ်းအတွက်ဒုတိယအကြိမ် အစိုးရ ဖွဲ့ခွင့် ရရှိထားပြီးဖြစ်သည်။

သို့သော် လူငယ်များအဖို့က NLD နှင့် အဖမ်းဆီးခံထားရသော ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် အတွက်ကြောင့်သာ မဟုတ် ပြင်ပကမ္ဘာသို့ စတင် တံခါးဖွင့်ပေးခဲ့သည့် ၂၀၁၂ မှစ၍ ရရှိလာခဲ့သော ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆို နိုင်ခွင့်ဆုံးရှုံးရတော့မည့် အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေခြင်းလည်း ဖြစ်သည်။

ယခုအခါ စစ်တပ်သည် ဆိုက်ဘာ လုံခြုံရေး ဟုဆိုကာ ပြင်းထန်လှသောဥပဒေကို ပြဠာန်းကာ ဆင်ဆာ လုပ်မည့်
စနစ်ကို ပြန်လည်သွတ်သွင်းချင်လာကြသည်။ ထိုဥပဒေဖြင့် ဆိုရှယ်မီဒီယာ ကွန်ယက်များသည် ၎င်းတို့ တောင်းဆိုသည့်လူများ၏ ကိုယ်ရေး အချက်အလက်များ
ကို ထုတ်ပေးရတော့မည် ဖြစ်သည်။

သို့သော် Gen-Z များနှင့် တက်ကြွလှုပ်ရှားသူများသည် ဆင်းကပ်အမျိုးမျိုး နှင့် VPN ကွန်ယက်များသုံးကာ စစ်တပ်၏ထိရောက်မှု မရှိသော လူမှုကွန်ယက်များကို
ပိတ်ပြစ်ခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်လာမှုများကို ဖေါက်ထွက်နိုင်ခဲ့ကြသည်။

ထိုသို့ ဖေါက်ထွက်နိုင်ခဲ့သည့် လမ်းကြောင်းများမှတဆင့် ရဲအဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်နေမှုများကို ဖြန့်ဖြူးပေးနိုင်ခဲ့ကြသည်။ အခကြေးငွေပေး၍ ငှားရမ်းထားသောလူမိုက်များ တုတ်ဓါးများ ကိုင်ကာ ထရပ်
ကားများပေါ်မှ ဆင်းလာကြသည့် မြင်ကွင်းကို ကားရှေ့မှန်မှတဆင့် အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြသည်။

အင်းလေး ကန်ရေပြင်တွင် အသံချဲ့စက်များ၊ သစ်သား ဆိုင်းဘုတ်များ ကိုင်ကာလှည့်လည် ဆန္ဒပြနေသည့် မြင်ကွင်းများကလည်း ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့
သွားခဲ့ရပြန်သည်။ အလားတူ တရုတ်နယ်စပ်မြို့ ဖြစ်သည့် နမ်းခမ်းတွင်မော်တော်ဆိုင်ကယ် ယာဉ်တန်းရှည်ကြီးများဖြင့် အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှူအားလည်း မြင်တွေ့ခွင့်ရခဲ့ပြန်သည်။ မကွေးနှင့် လွိုင်ကော်တွင် ရဲအဖွဲ့ဝင်များ ဆန္ဒပြသူများနှင့် ပူးပေါင်းလာသည်ကို လည်း သိရှိနိုင် ခဲ့ကြသည်။

Gen-Z လူငယ်များသည် ဖန်တီးနိုင်သည့်အတွေးအခေါ်ရှိသူများဖြစ်သည်ဟု အနည်းဆုံးတော့ ပြောလို့ရ​ပေသည်။ စစ်တပ်မှ လူငါးဦးထက် ပို၍ မစုဝေးရ အမိန့်ထုတ်ထားသည်ကိုပင် လူငါးဦး တစု စည်းဝိုင်းများ ပြုလုပ်ပြီး မလှမ်းမကမ်းတွင် ခြား၍ ထိုင်ကာ တုန့်ပြန်ခဲ့ကြသည်။ ထိုစည်းဝိုင်းများက တမြို့လုံး အနှံ့ ဖြစ်လာခဲ့သည်။

လူငယ်များက တစ္ဆေသူရဲ အသွင် ဝတ်ကာ”စစ်တပ်သည် ကျွန်တော်တို့ထက် ပိုကြောက်ဖို့ကောင်းသည်” ဟုစာတမ်းများကိုင်ဆောင်လာကြပြန်သည်။ အလှမယ်ပြိုင်ပွဲ ဝင်သူများကဲ့သို့ အဝတ်အစား ရောင်စုံများ အပြိုင်ဝတ်ကာ အာဏာရဗိုလ်ချုပ်ကြီးများကို လှောင်ပြောင်သရော်ခဲ့ကြသည်။

တောင်ပြုန်းပွဲတွင် ဝတ်ဆင်ထားသည့်နတ်ဝတ်နတ်စားများဖြင့်လည်း စီတန်းလှည့်လည်ခဲ့ကြပြန်သည်။ နတ်ဝင်သည်များကလည်း မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်
ကြီးများကို ဖယ်ရှားပေးရန်နှင့် မကောင်းသော နမိတ်ဆိုးများ ကျရောက်စေရန် နတ်ပွဲများ ပြုလုပ်လာကြသည်။

လောကီ ပိုင်းတွင်လည်း ဆေးရုံဝန်ထမ်းများက သပိတ်တွင် ပါဝင်လာကြပြီး လူထု၏ ကျန်းမာရေး ပိုင်း မနစ်နာရအောင် တဖက်က အထူးဂရုတစိုက် စီမံခဲ့ကြသည်။ ဘုန်းကြီးကျောင်းများထဲတွင်ပင် လူနာများကို ကုသပေးခဲ့ကြသည်။

စက်ရုံများနှင့် သတ္ထုတွင်း အလုပ်သမားများလည်း စီဒီအမ်ဟု အတိုကောက်ခေါ်သည့် မြို့ပြအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လာကြသည်။

ထိုသို့ ဆို၍ ၎င်းတို့၏ လှုပ်ရှားမှုများသည်ပျော်စရာအတိပြီးနေသည်ဟု ပြောလိုချင်းမဟုတ်ပေ၊ ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင်နေပြည်တော်၌ ရဲများ၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ် အရွယ် အမျိုးသမီးငယ်လေးတဦး ဦးခေါင်းတွင် ကျည်ဆံထိမှန်ခဲ့ရပြီး ယခုအချိန်အထိ ဆေးရုံတွင် အသက်လုနေရဆဲ ဖြစ်သည်။

ဆိုရှယ်မီဒီယာများပေါ်၌ တွေ့ရသောဗီဒီယို ကလစ်များတွင် ဒေါသထွက်လာသော ဆန္ဒပြသူများက ရဲကားများအား ကျောက်ခဲများဖြင့် ပြစ်ပေါက်နေသည်ကို တွေ့ခဲ့ရသည်။ ရဲများ တားထားသော စည်းများနှင့် ရေ အမြှောက်ကားများပင် နောက်သို့ ဆုတ်သွားခဲ့ရသည်။ ရေအမြောက်ကားများ ရှိနေခြင်းကပင် Gen-Z လူငယ်များအား ကိုယ်ထိလက်ရောက် ကျုးလွန်ရန် ပစ်မှတ်ထားလာခြင်းပင် ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့များ၏ ကားများတွင်တရုတ်မှ ထောက်ပံ့ထားသော ‌ထောက်လှမ်းရေး ကင်မရာများ၊ ပိုက်ခေါင်းများစွာပါရှိသော ရေပိုက်များ တပ်ဆင်ထားသည်ကို တွေ့ရသည်၊ ဟောင်ကောင် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင်အသုံးပြုခဲ့သည့် ပစ္စည်းများနှင့် တပုံစံ
တည်း ဖြစ်နေသည်။

ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင်လည်း ဆန္ဒပြသူများ စုရုံးရောက်ရှိလာကြသည်။

အတော်များများက ရော်ဘာကျည်ဆံများရေပိုက်များထက်ပို၍ အင်အားအသုံးပြုလာမည့် အရေးကို စိုးရွံ့လျက် ရှိနေကြသည်။ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင်
မင်းအောင်လှိုင်သည် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ ထောင်သား နှစ်သောင်းကျော်ကို လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

၎င်းတို့အား ဆန္ဒပြသူများကို နှိမ်နှင်းရာတွင် အသုံးပြုမည်လော၊ သို့တည်းမဟုတ်တနိုင်ငံလုံး တွင် ကသောင်းကနင်းများဖြစ်အောင် ဖန်တီးမည်လား ဆိုသည်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်မလာသေးပေ။
သို့သော် ထိုကဲ့သို့ ဖြစ်ရပ် များက ၁၉၈၈ တွင် အတိအကျ ဖြစ်လာခဲ့ပြီး ဖြစ်သည်၊ သေချာသည်က အာဏာပိုင်များက ဆန္ဒပြ ခေါင်းဆောင်ဟု ယူဆနေသူများကို ပြစ်မှတ်ထားနေခြင်းပင် ဖြစ်သည်။

အဖမ်းအဆီးများက NLD အမတ်များ၊ နိုင်ငံရေးသမားများကိုသာမကပဲ အင်တာနက်ကို အန္တရာယ်ကင်းစွာ မည်သို့ အသုံးပြုရမည်ကို လူငယ်များအား သင်ကြားပြသနေသူများကိုပါ ပြစ်မှတ်ထားလာကြသည်။

ထိုအထဲတွင် အထင်ရှားဆုံး က စစ်ကိုင်းတိုင်း ဒေသကြီး ကွန်ပြူတာ ပညာရှင်များ အသင်းဥက္ကဌ ဖြစ်သူ ကိုဇော်သူရိန်ထွန်းပင် ဖြစ်သည်။ ၎င်းသည်ထင်ရှားသော တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်သည်။ သို့သော်အိမ်နီး ချင်းများ နှင့် ဆွေမျိုးများ အကူအညီဖြင့် တိမ်းရှောင်သွားနိုင်ခဲ့သည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားများအကူအညီပေးရေး အဖွဲ့၏ စာရင်းအရဖမ်းဆီးခံထားရသူ အနည်းဆုံး ၂၀၀ ခန့်ရှိနေပြီ ဖြစ်သည်။

ယခုအချိန်အထိတော့ အာဏာသိမ်းအဖွဲ့သည် ဆန္ဒပြမှုများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များကိုသာ‌ စေလွှတ်ထားဆဲဖြစ်သည်။၎င်းတို့နှင့် မအောင်မြင်ပါက ထိခိုက်သေ
ကြေရန် အင်အား အသုံးမပြုဟု အတတ်မပြောနိုင်ပေ၊ ထိုသို့ ဖြစ်လာခဲ့လျင်လည်း၁၉၈၈ နှင့် ၂၀၀၇ များကလို ဖြစ်လာမည်တော့ မဟုတ်ပေ။

၁၉၈၈ တွင် ၎င်းတို့ သတ်ဖြတ်နေသည့်မြင်ကွင်းများကို မှတ်တမ်းတင်နိုင်ခဲ့သည့်ဓါတ်ပုံသမား အနည်းငယ်မျှသာ ရှိခဲ့သည်။ရိုက်ကူးခဲ့သော ဖလင်လိပ်များကိုလည်း
ထိုင်းသို့ ခိုးကြောင်ခိုးဝှက် သယ်ယူကာကူးဆေးခဲ့ရသည်၊ ၂၀၀၇ တွင် မြန်မာ၌အင်တာနက် အသုံးပြုနေပြီ ဖြစ်သော်လည်း မီဒီယာကို အမှောင်ချထားခဲ့
မှုကြောင့် အကန့်အသတ်နှင့်သာ သုံး၍ရသေးသည်။ အချို့ကိုသာ ပြင်ပကမ္ဘာသို့ပို့ပေးနိုင်ခဲ့သည်။

ယခုအခါတွင်တော့ စစ်တပ်မှ သွေးထွက်သံယို ဖြစ်အောင် ပြစ်ခတ်လာပါက အသေးစိတ်ကို စနစ်တကျ မှတ်တမ်းတင်နိုင်ယုံတွင်မက ပြင်ပကမ္ဘာသို့ ချက်ခြင်း
လို ပျံ့နှံ့သွားအောင် စွမ်းဆောင်နိုင်တော့မည်လည်း ဖြစ်သည်။ မင်းအောင်လှိုင်နှင့်အပေါင်းအပါ ဗိုလ်ချုပ်ကြီးများအဖို့က၎င်းတို့၏ အထက်လူကြီးများကို ရင်ဆိုင်
စရာ မလိုသော်လည်း တစုတစည်းတည်းဖြစ်လာသော Gen-Z မျိုးဆက်သစ်များနှင့် အနိုင်ကျဲကြရပေတော့မည်။

(၂၀၂၁ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ Asia Times တွင်ပါရှိသော ဘာတန်လစ်တနာ၏ “Myanmar generals blindsided by Gen Z protest” ဆောင်းပါးကို ပြန်ဆိုသည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •