ဘုရင်မကြီး ရှင်စောပုနဲ့ တူသည့် ဒေါ်အောင်ဆန်းစုကြည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘုရင်မကြီး ရှင်စောပုနဲ့ တူသည့် ဒေါ်အောင်ဆန်းစုကြည်
_________________________
မွန်ဆရာတော် U Ravika ရေးသည်

ဒီစာ မရေးခင် မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမာခံပရိသတ်မဟုတ်ဘူးဆိုတာ အရင်ပြောလိုတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့အတွက် ဗုဒ္ဓသာသနာအတွက် ရတက်မအေးဖွယ်များ တွေ့ရတိုင်း စိုးရိမ်ပူပန်မှုတွေ ဖြစ်ရပါတယ်။ ဒါ အမှန်ပါ။

မြန်မာထေရဝါဒအကြောင်း မပြောခင် တောင်ကိုရီယားရဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်း ပြောလိုတယ်။ ဗုဒ္ဓဘာသာဟာ တောင်ကိုရီယားနိုင်ငံမှာ နှစ်ပေါင်းထောင်ချီ ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်သာသနာပြုတွေက တောင်ကိုရီးယားကို နှစ်ပေါင်း (၆၀)မျှ အခြေချလိုက်တာနဲ့ တောင်ကိုရီယားမှာ ဗုဒ္ဓဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင်ဦးရေ မတိမ်းမယိမ်း ဖြစ်သွားခဲ့ကြောင်းကို လူတိုင်းသိကြပါတယ်။

သီရိလကာင်္နိုင်ငံမှာ သီတင်းသုံးနေတုန်းက တောင်ကိုရီယားဘုန်းတော်ကြီးတစ်ပါးနဲ့ ခင်ဖူးရာ တောင်ကိုရီယားသာသနာကို သိရှိလေ့လာခွင့် ရရှိခဲ့ပါတယ်။ အလားတူပါပဲ။ တောင်ကိုရီယားမှာ မစ်ရှင်သွားတဲ့ အမေရိကန်ခရစ်ယာန်များနဲ့လည်း ခင်ဖူးပါတယ်။ ဒီတော့ အပြန်အလှန်သုံးသပ်ချက်အရ ခရစ်ယာန်တို့ကို အမေရိကန်အစိုးရ၊ တောင်ကိုရီယားအစိုးရအကူအညီပေးလို့ မဟုတ်ဘဲ ခရစ်ယာန်မစ်ရှင်တွေက တကယ်အလုပ်လုပ်ခဲ့ကြလို့ ဖြစ်တယ်။ ဗုဒ္ဓဘာသာဘက်ကို ကြည့်ရင် တောင်ကိုရီယားဘုန်းတော်ကြီးများဟာ ရှေးရိုးအင်မတန်ဆန်ကြပြီး ဗုဒ္ဓစာပေလေ့လာမှုအပိုင်း၊ ဖြန့်ဖြူးမှုအပိုင်းမှာ အားနည်းသလို ပြည်သူတို့ရဲ့ နေ့စဉ်ဘဝထဲကို ဝင်ရောက်ဖို့လည်း စိတ်မဝင်စားကြလို့ တပန်းရှုံးသွားခြင်းဖြစ်တယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇-ခု၊ ရွှေဝါရောင်တော်လှန်ရေးကြောင့် အဝါရောင်ဟာ မေတ္တာသင်္ကေတအဖြစ်နဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။ သွားလေရာအရပ်မှာ မေတ္တာရှင်များအဖြစ် ကမ္ဘာသူကမ္ဘာသားများက အသိအမှတ်ပြုကြည်ညိုလေးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များနဲ့ မူစလင်လူမျိုးတို့ ပဋိပက္ခဖြစ်ပွားတဲ့အခါ အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့ကြပေမဲ့ ဗုဒ္ဓဘာသာမြန်မာရဟန်းတော်အချို့ရဲ့ မဆင်မခြင်ပြုမူမှုကြောင့် နယူးယောက်လို မြို့ကြီးမှာ ကားကို ဓာတ်ဆီဖြည့်တာတောင် မလုံခြုံတဲ့ဘဝနဲ့ ကြုံခဲ့ရပါတယ်။ ရွှေဝါရောင်ကြောင့် တက်ခဲ့ရတဲ့ ဂုဏ်ရောင်ကလည်း ညိုနွမ်းခဲ့ရပါတယ်။ ဗုဒ္ဓဘာသာအတွက် ထိခိုက်မှုဟာ အင်မတန်မှ ကြီးမားခဲ့ပါတယ်။

မိမိအနေနဲ့ ရဟန်းအချို့နဲ့ စစ်အုပ်စုဝင်အချို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ချက်များကို ကြိုးစားနားလည်ပေးနိုင်ပေမဲ့ ဟာဂျီစု၊ မွတ်စု အစရှိသည် မဟုတ်တဲ့ဟာကို ဟုတ်သယောင် အတင်းဝါဒဖြန့်နေတာကို တွေ့ရတဲ့အခါ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်သလို ကမ္ဘာက လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ်ဘဝမှာ ဝိပဿနာတရားကို အားထုတ်ပြီး စိတ်ဓာတ်ခွန်အားကို မွေးမြူခဲ့ရပါတယ်။ နေအိမ်အကျယ်ချုပ်ကနေ လွတ်တိုင်း ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာကို သွားရောက်ပြီး တရားထိုင်လေ့ရှိပါတယ်။ သူ့ခင်ပွန်းဟာ ဗုဒ္ဓဘာသာဆိုင်ရာပါရဂူတစ်ဦးဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံပမာအနေနဲ့ ခိုင်းနှိုင်းရရင် ရှင်စောပုနဲ့ အများကြီး ဆင်တူခဲ့ပါတယ်။ ရှင်စောပုဟာ အင်းဝမှာ မင်း(၅)ဆက်ရဲ့ မိဖုရားဖြစ်ခဲ့ရပါတယ်။ သူဟာ နေအိမ်အကျယ်ချုပ်လို နေခဲ့ရပါတယ်။ သူဟာ တရားဓမ္မကိုသာ နှလုံးသွင်းပြီး ရှင်သန်ခဲ့ရပါတယ်။ ဟံသာဝတီနေပြည်တော်ကို ပြန်ရောက်လို့ မင်းအဖြစ်ကို ပြန်ရတဲ့အခါ ဗုဒ္ဓသာသနာကို အများကြီး ချီးမြှင့်ခဲ့ပါတယ်။ မွန်မြန်မာကြားမှာ ငြိမ်းချမ်ရေး တည်ဆောက်နိုင်ခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးကိုပဲ အားသွန်ခွန်စိုက် လုပ်ခဲ့ပါတယ်။ မွန်တို့နိုင်ငံမှာ မြန်မာတို့နဲ့ စစ်မက်ဖြစ်ပွားခြင်းမရှိတော့လို့ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး အထူးအောင်မြင်ခဲ့ပါတယ်။ သူ့ကို ဆက်ခံသူ ဓမ္မစေတီမင်းကြီးလက်ထက်မှာ ဘာသာခြားများလည်း ဗဂိုးဟံသာဝတီမှာ ပျားပန်းခတ်မျှ ကူးသန်းရောင်းဝယ်ကြရာ မွန်ရဟန်းတော်များအနေနဲ့ ကြည်ညိုဖွယ်အသွင်ဆောင်စေဖို့ သာသနာတော်သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရှင်စောပုလို ခေါင်းဆောင်တစ်ဦး ဖြစ်မယ်လို့ ယုံကြည်ယူဆမိပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် တိုင်းရင်းသားလူမျိုးများကို စုစည်းနိုင်သူဖြစ်လို့ ပြည်တွင်းစစ်ကို ငြိမ်းချမ်းသွားအောင် လုပ်နိုင်မှာ သေချာပါတယ်။ ပြည်တွင်းစစ်မရှိတော့တဲ့အခါ နိုင်ငံခြားကုန်သွယ်ရေး တိုးတက်လာမှာ မုချပါပဲ။ နိုင်ငံခြားကုန်သွယ်ရေး တိုးတက်လာတာနဲ့အမျှ မြန်မာဗုဒ္ဓဘာသာလူမျိုးတို့ကလည်း အဆင့်မြင့်မြင့် နေနိုင်ကြမှာ ဖြစ်တယ်။ အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ တိုင်းပြည်မှာ လာဘ်ပေးလာဘ်ယူကအစ လျှော့နည်းလာမှာဖြစ်ပြီး သူကိုယ်တိုင်က မေတ္တာရှင်သမ္မတတစ်ဦးဖြစ်လို့ မြန်မာနိုင်ငံရှိဘာသာဝင်တိုင်းတို့မှာလည်း သူ့မေတ္တာဓာတ် ကူးစက်သွားမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်းလာမားက နိုဘဲလ်ဆုရတဲ့အခါ ဗုဒ္ဓဘာသာအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အကြမ်းမဖက်ဝါဒကို ကိုင်စွဲပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ကို သတ္တိရှိရှိနဲ့ အံတုခဲ့လို့ နိုဘဲလ်ဆုကို ရရှိခဲ့ပါတယ်။ သူက သူ့ကို ဒုက္ခပေးခ့တဲ့ စစ်ဗိုလ်ချုပ်များကို အဃာတမထား မေတ္တာပွားခဲ့လို့ ကမ္ဘာက ပိုပြီးတော့ လေးစားခဲ့ရပါတယ်။ စစ်ဗိုလ်ချုပ်ကြီးအချို့က သူ့ကို ဒီကနေ့အထိ ငြင်းပယ်တုန်းရှိပေမဲ့ သူဟာ အဲဒီစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နိုင်ငံကောင်းစားရေးအတွက် အလုပ်လုပ်ချင်သေးတုန်းပါ။ ဒါဟာ သမာန်မေတ္တာဓာတ်နဲ့တော့ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓတရားတော် အင်မတန်ကိန်းဝပ်နေတဲ့ နှလုံးသားမှာပဲ ဒီလောက် နူးညံ့ပြီး ခိုင်မာတဲ့ စိတ်ဓာတ် တည်ရှိနိုင်မှာပါ။

ကမ္ဘာ့ပညာရှင်များက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒကို လေ့လာကြတဲ့အခါ ဗုဒ္ဓဘာသာတရားကို အလွန်အကျွံ အသုံးချခဲ့လို့ အလုပ်ဖြစ်မှ ဖြစ်ပါ့မလားလို့ ဝေဖန်သုံးသပ်ထားတာကို ဖတ်ရှုဖူးပါတယ်။ ဖို့ဝိန်းမြို့စာကြည့်တိုက်မှာ ကလေးများအတွက် ရေးသားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းမှာ “သူဟာ ဗုဒ္ဓတရားတော်မြတ်ကို အသုံးချပြီး မိမိဘဝကို တည်ဆောက်ခဲ့သူဖြစ်ကြောင်း၊ သူ့နိုင်ငံရေးခံယူချက်မှာလည်း ဗုဒ္ဓတရားကို အခြေခံထားကြောင်း” ရေးသားထားတာကို တွေ့ရမှာ ဖြစ်တယ်။

ဗုဒ္ဓတရားတော်ကို လက်ခံကျင့်သုံးသူမှပဲ ဗုဒ္ဓဘာသာကို အမှန်တကယ် ယုံကြည်ကိုးကွယ်မယ်။ ဗုဒ္ဓဘာသာကို အမှန်တကယ် သိမြင်နားလည်သူမှပဲ ဗုဒ္ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်တတ်မယ်။ ဗုဒ္ဓသာသနာကို ကိုယ်ကျင့်အဖြစ် အသုံးမချသူများဟာ မိမိသန္ထာန်မှာ ဗုဒ္ဓတရားတော်မြတ် ကိန်းအောင် မနေတဲ့အတွက် ရဟန်းဖြစ်ပေမဲ့လည်း ဗုဒ္ဓသာသနာကို မကာကွယ်နိုင်ပါ။ ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ ဗုဒ္ဓသာသနာကို အိုးမည်းသုတ်မိတဲ့အဖြစ်မျိုးတောင် အခြေဆိုက်နိုင်ပါတယ်။

မြန်မာပြည်ဟာ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ခံတပ်ကြီး ဖြစ်ခဲ့ပါတယ်။ ဖြစ်နေဆဲပါ။ နောင်လည်း ဖြစ်နေမှာပါ။ ဒီဗုဒ္ဓဘာသာကို ကာကွယ်ဖို့ စဏ္ဍာသောကမင်းလို ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရတစ်ရပ် မလိုအပ်ပါဘူး။ သီရိဓမ္မာသောကလို ဘာသာတိုင်းကို ချီးမြှောက်ပြီး ဗုဒ္ဓသာသနာကို အထွတ်အမြတ်ဖြစ်အောင် ချီးမြှောက်မဲ့ မေတ္တာရှင်၊ တရားရှင်အစိုးရတစ်ရပ်သာ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအစိုးရမျိုးကို ဦးဆောင်နိုင်မှာ သေချာတယ်။ သီရိဓမ္မာသောကမင်းကြီးလို သာသနာပြုနိုင်တဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦး ဖြစ်မှာ သေချာတယ်။ ကမ္ဘာ့သမိုင်းမှာ မြန်မာ့ဂုဏ်ရောင်နဲ့ ဗုဒ္ဓဘာသာဂုဏ်ရည်ကို ထွန်းလင်းစေမဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်။ ကမ္ဘာ့သမိုင်းမှာ ရာဇဝင်တွင်မဲ့အဖြစ်ကို အမြော်အမြင်ကြီးမားတဲ့ ရွှေမြန်မာတိုင်း ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုကြမှာပါ။

_________________________
မွန်ဆရာတော် U Ravika ရေးသည်

An antique painting of Queen Shin Saw Pu can be found at the Kyaik-ma-raw Temple.
.
ပြန်လည်မျှဝေပေးပါတယ်


Spread the love
  •  
  •  
  •  
  •  
  •  
  •