ဘေဂျင်းမြို့ အနီးတဝိုက်တွင် လူ ၅ သိန်းကျော်အား အသွားအလာ ကန့်သတ်
ဘေဂျင်း၊ ဇွန် ၂၉
ကူးစစ်မှု အသစ်များ ပြန်လည် တွေ့ရှိရပြီးနောက် မြို့တော် ဘေဂျင်း အနီးတဝိုက်တွင် နေထိုင်သော လူ ၅ သိန်းကျော်အား တရုတ်အစိုးရမှ အသွားအလာ တင်းကြပ်လိုက်ကြောင်း သိရှိရသည်။

ဘေဂျင်း အနီးရှိ ဟီပေဒေသတွင် ဇွန် ၂၈ ရက်က ကူးစက်မှု အသစ်များကို ထပ်မံ တွေ့ရှိရသဖြင့် ယခုကဲ့သို့ တင်းကြပ်မှုများ ပြန်လည် လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောဆိုသည်။
တရုတ်နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားရာ ဒေသ ဖြစ်ပြီး အသွားအလာ ကန့်သတ်မှု အစီအမံများကို ကြပ်မတ် ဆောင်ရွက်နိုင်ခဲ့ ခြင်းကြောင့် ပြည်တွင်း ကူးစက်မှု ထပ်မတွေ့ရသည် အထိ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဘေဂျင်းမြို့ရှိ လက်ကားစျေး တစ်ခုအား အခြေပြုကာ ကူးစက်မှု အသစ်များကို တွေ့ရှိလာခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂၈ ရက်နေ့တွင် ဘေဂျင်းနှင့် ကီလိုမီတာ ၁၅၀ အကွာခန့်ရှိ လူဦးရေ ၅ သိန်းခန့် နေထိုင်သည့် အန်ရှင်း ခရိုင်အား အသွားအလာ ကန့်သတ်ခြင်း အစီအစဥ်ကို တင်းတင်းကြပ်ကြပ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြေညာထားသည်။
အဆိုပါ ကန့်သတ်မှုတွင် မိသားစု တစ်စုမှ တစ်ဦးသာ အပြင်သို့ထွက်ပြီး လိုအပ်သည့် အစားအသောက် ပစ္စည်းများ ဝယ်ယူရန် သတ်မှတ်ထားခဲ့သည်။
ဇွန်လလယ်မှ စတင်ပြီး ကူးစက်လူနာသစ် ၃၀၀ ကျော် တွေ့ရှိထားကာ မြို့တော် ဘေဂျင်းတွင် နေထိုင်သူ များကိုလည်း ဓာတ်ခွဲ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။
Photo : Getty Images
#Peacock