မကွေးတိုင်းဝန်ကြီးချုပ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃၆)စုအား ထောက်ပံ့ငွေပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃၆)စုအား ထောက်ပံ့ငွေများ ပေးအပ်

 

မကွေး နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ဆောက်လုပ်ရေး ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့်အတူ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ နိုဝင်ဘာ ၁၅ ရက် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစု ကျေးရွာတို့မှ ကမ်းပါးပြိုဘေးသင့်အိမ်ထောင်စု(၃၆)စုတို့အား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ဇီးကျွန်း ကျေးရွာနှင့် ကျောင်းစုကျေးရွာတို့တွင် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သည့်အတွက် မြစ်ကမ်းပါးနှင့်နီးစပ်သည့် လူနေအိမ်များအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာမှ အိမ်ထောင်စု(၃၀)စု၊ကျောင်းစုကျေးရွာမှ အိမ်ထောင်စု(၅)စု၊ ဇီးကျွန်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊စုစုပေါင်း အိမ်ထောင်စု(၃၆)စုအတွက် အိမ်ထောင်စုတစ်စုလျှင် လူနေအိမ် ပြောင်း ရွှေ့စရိတ်အဖြစ် ထောက်ပံ့ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၃၆)သိန်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတွေက ထောက်ပံ့ပေးအပ် ခဲ့သည်။

ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုတွေဖြစ်ခဲ့လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ နေအိမ်တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်တွေ၊နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ၊လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံကျေးရွာသူ ကျေးရွာသား တွေ လာရောက်ပြီး ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့တာပါ၊ ခုလိုအခြေအနေမှာ လာရောက် ကြည့်ရှုပြီး ထောက်ပံ့ပေးတဲ့ ဝန်ကြီးချုပ်ကြီးနဲ့အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဟု နေအိမ်ပြောင်းရွှေ့ ခဲ့ရတဲ့ ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာတွင် မြေနေရာ အခက်အခဲရှိသည့် အိမ်ထောင်စုဝင်များ အဆင်ပြေစွာ ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူများက မြေနေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဘေးအန္တရာယ်ကျရောက်၍ ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးအတွက် ပြောင်းရွှေ့အိမ်ထောင်စုတစ်စုလှျှင်(၁)သိန်းနှုန်းဖြင့် နိုဝင်ဘာ လ ၁၆ ရက်နေ့တွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)


Spread the love
  •  
  •  
  •  
  •  
  •  
  •