မတ်လ (၂) ရက်နေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မတ်လ (၂) ရက်နေ့
*****************

(၁)

 

ယနေ့သည်ကား ဗိုလ်နေဝင်းမှ လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာ ကို သိမ်းယူကာ တိုင်းပြည်အား ကျွန်စုတ်သည့် သရက်စိပမာ ဖြစ်သွားအောင် စစ်ဝါဒ ထူထောင်ပေးခဲ့သည်ဖြစ်သဖြင့် ခဏတဖြုတ် အသက် ရှူ ချောင်ခဲ့ရသည်မှ လွဲ၍ မြန်မာတို့ ဘဝမှာ နှစ်ပေါင်း ၅၉ နှစ်တိုင်အောင် အမှောင်ကျခဲ့ရသည့် နှစ်ပတ်လည် နေ့ကြီး လည်း ဖြစ်သည်။ တဖန် ဗိုလ်နေဝင်းမှာ အခြေမလှ ဖြစ်လာပြန်သဖြင့် ဗိုလ်စောမောင်က အာဏာ ပြန်သိမ်းခဲ့ သည်မှာ နှစ်ပေါင်း ၃၂ နှစ် ကျော်လာခဲ့ပြန်သည်။ ယခုလည်း နောက်တကြိမ် အာဏာ သိမ်းကြ ပြန်သည်မှာ တလ တင်းတင်း ပြည့်လာခဲ့ပြီ ဖြစ်ပြန်သည်။

၎င်းတို့ လက်ခုပ်ထဲက ရေပမာ မှောက်လိုမှောက် သွန်လိုသွန် လုပ်လာခဲ့သည့်အတွက် ငရဲတွင်းထဲ သက်ဆင်းခဲ့ ကြရသူများပမာ နှစ်ပေါင်းများစွာ လူးနေလိမ့်နေအောင် ခံလာခဲ့ကြရ၍ မြန်မာတို့၏ ကျောတွင် ဒဏ်ရာ ဒဏ်ချက် များနှင့် နေရာမလပ် ပြည့်နှက်လာနေသောကြောင့် မင်းအောင်လှိုင်၏ ဒဏ်ကို ဆက်လက်ခံဖို့ရန် နေရာပေးနိုင်စွမ်း မရှိကြတော့ပေ။

မြန်မာတို့သည် ဖေါ်ရွေတတ်သူများ၊ သည်းခံ ခွင့်လွှတ်စိတ် လည်း ရှိပြီး ပျော်ပျော်နေတတ်ကြကာ အလှူဒါန လက်နှင့် မပြတ်အောင် လှူဒါန်းသူများ ဖြစ်ပါလျှက် အဘယ်ကြောင့် ယမမင်း၏ စေတမန်များ လက်ချက်ဖြင့် နှစ်ရှည်လများ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခံနေရသည့် ဘဝ ရောက်နေရသော အဖြစ်ကိုလည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်လာနေကြရသည်။ မိမိတို့ကိုးကွယ် ယုံကြည် ဆည်းကပ်ခဲ့ကြသည့် ဘုရား၏ သားတော်များကလည်း ပြည်သူပြည်သားအပေါင်း၏လက်ရှိအဖြစ်များကို မည်သို့မျှ ကယ်တင်နိုင်စွမ်းမရှိ ကြတော့ချေ။

ယမမင်း၏ စေတမန်များသည် ယခုအခါ မိမိတို့ ဘိုးဘွားများ အသက်သွေးချွေးပေါင်း များစွာ ပေးဆပ်၍ အရယူ ပေးခဲ့သော အချုပ်အခြာ အာဏာကို အိမ်နီးချင်း တိုင်းပြည်ကြီးတွင် အပေါင်ထားကာ အမျိုးသားရေးကို သစ္စာ ဖေါက်၍ ၎င်းတို့နှင့် လက်ဝါးချင်း ရိုက် အုပ်ချုပ်ရန်အထိ ကြံစည်လာကြသည့် အဖြစ်ကို ကြည့်ကာ မှင်သက်ခဲ့ ကြရပြန်သည်။

ထိုသို့ မိမိတို့၏ အချုပ်အခြာ ပျောက်ကွယ်လုမတတ် အလွန်တရာ စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းသည့် အနေ အထား ကျရောက်နေသည်ကို နိုင်ငံတဝှမ်း ရှိ ပြည်သူများက မည်သို့မျှ လက်ပိုက်ကြည့်မနေနိုင်ကြတော့ဘဲ နည်းမျိုးစုံဖြင့် ခုခံ ကာကွယ်သွားရန် သံဓိဌာန်ကြီး ချမှတ်ရမည့် နေ့ကြီးလည်း ဖြစ်ပေတော့သည်။

သို့သော် အဓမ္မသမားစေတမန်များ၏ မျိုးဆက်နှစ်ဆက်နည်းပါး ကြီးစိုးလွှမ်းမိုးနေမှုကို မှောက်လှန်ကာ ခေတ် သစ်သို့ ချီတက်ကြရမည့် အရေးသည် သာမည အလုပ်၊ အလွယ်တကူ ချောင်ချောင်ချိချိ ဖြင့် ရကောင်းသည့် အလုပ်မျိုး မဟုတ်၊ ကြီးလေးခက်ခဲ၍ တန်ဖိုးကြီးကြီး ပေးဆပ်နိုင်မှ ဖြစ်မည်ကိုလည်း ပြည်သူများက သဘောပေါက်ထားကြပြီး ဖြစ်သည်။

(၂)

ယနေ့ ဗီဒီယို ကွန်ဖရင့် ဖြင့် ပြုလုပ်မည့် မြန်မာ အရေး အာဆီယံ အစည်းအဝေး ပွဲကို အားလုံးက အာရုံစိုက် လာသည်နှင့် အမျှ အင်အား ကြီးသူ နှင့် အင်အားမဲ့သူများ အကြား ဖြစ်ပွားသော ပဋိပက္ခတွင် လက်ရှောင်နေ ခြင်းသည် ကြားနေခြင်း မဟုတ်ဘဲ အင်အားကြီးသူ ဖက်က ရပ်တည်ခြင်းသာ ဖြစ်သည်ဟု ဘရာဇီး တွေးခေါ် ပညာရှင် ပေါလို ဖရေရီ၏ အဆိုအမိန့်ကို ကိုးကားပြီး ကမ္ဘာကြီးသည် မြန်မာ နှင့် ပတ်သက်၍ အစိုးရကောင်း နှင့် ဆက်ဆံမည်လော လက်နက်အားကိုး အာဏာသိမ်းခဲ့သည့် အစိုးရနှင့် ဆက်ဆံမည်လော ဆိုသည်ကို ရွေးချယ် ရတော့မည့် အချိန် ရောက်နေပြီ ဖြစ်သည်ဟု ဂျပန် နိုင်ငံရှိ The Diplomat အွန်လိုင်း ဂျာနယ်တွင် ဖေါ်ပြ ထားသည်ကို ဖတ်ရှုရပေသည်။

လက်ရှိတွင် ကုလသမဂ္ဂ အပါအဝင် အမေရိကန် နှင့် ဥရောပ မဟာမိတ်များ၊ နိုင်ငံအများအပြားက သံတမန် ရေးရာ အရ ဖိအားများ အလွန်အကျွံ ပေးထားပြီး ဖြစ်သော်လည်း အာဏာသိမ်း အဖွဲ့ကို ထိခိုက် သွားအောင် ပြုမူနိုင်ခဲ့ခြင်း မရှိသေးပေ။ သို့သော် ဆက်လက်၍ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားကြပြီး ဖြစ်သည်။ မတ်လတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဥက္ကဌ အဖြစ် အလှည့်ကျ တာဝန်ယူရမည့် အမေရိကန်သည် မြန်မာပြည်အရေး အပေါ် “အားကြိုးမာန်တက် ဆွေးနွေးသွားရန်” ရှိနေသည်ဟု သံအမတ်ကြီး မစ္စက် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ယနေ့ ထုတ်ဖေါ်ပြောကြားလိုက်ပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် အစိုးရ တရပ်အဖြစ် ကမ္ဘာအလယ်တွင် နေသွားရန် မည်သို့မျှ မျှော်လင့်၍ မရတော့ သဖြင့် ၎င်းတို့ အဖွဲ့ကို ထောက်ခံသူ လက်တဆုပ်စာ မျှ ကိုသာ ပြည်သူ အဖြစ် သတ်မှတ်ပြီး ဆက်လက် အုပ်ချုပ်သွားရန် ရည်ရွယ်နေပေတော့သည်။

တိုင်းပြည်၏ စီးပွားရေး အနေအထားသည် ယခင်က ကမ္ဘာတွင် နောက်ဆုံးလက်ကျန် ရင်းနှီးမြှုပ်နှံစရာ နေရာ တခု အဖြစ် ဆွဲဆောင်နိုင်ခဲ့သော်လည်း ယခုတွင် ဗီယက်နမ်၊ ကမ္ဘောဒီယား ဖက်သို့ အာရုံ စိုက်သွားကြလေပြီ။ မြန်မာ သည် ယခုကဲ့သို့သော အနေအထားကို ရှိနေပါလျှင် အိမ်နီးချင်းတို့ အတွက် အကျိုးအမြတ် ဆက်ရှိနေမည့် အခြေအနေပင်ဖြစ်သည်။ အနည်းဆုံး မြန်မာ လူငယ်များ၏ လုပ်အားကို ဈေးပေါပေါနှင့် အသုံးချ နိုင်သည့် စီးပွားရေးဖက်တွင်လည်း ဒေသအတွင်း ပြိုင်ဖက် အဖြစ် တဟုန်ထိုး ထွက်လာမည့် နိုင်ငံမျိုးကို မည်သူက လိုလားကြပေမည်နည်း။

သို့သော် မြန်မာ နှင့် ပတ်သက်၍ အမေရိကန် နှင့် တရုတ်တို့ အကြား အားပြိုင်လာမည့် စစ်အေး တိုက်ပွဲကြီး ပြင်းထန်လာပါက ၎င်းတို့အဖို့ အနေရ ကျပ်ပြီး စီးပွားရေး ထိခိုက်လာနိုင်စရာ ဖြစ်လာနိုင်သည်ကို စိုးရိမ် စရာဖြစ်လာရသည်။

ယနေ့ မြန်မာ အချိန် နေ့လည် ၁း၃၀ တွင် ပြုလုပ်ရန် ရှိသည်ဟု ယုံကြည်ရသော ဗီဒီယို ကွန်ဖရင့်တွင် အာဆီယံမှ မည်သို့ မည်ပုံ ကိုင်တွယ်သွားမည်ကို ၎င်းတို့၏ ကုန်သွယ်ဖက် နိုင်ငံကြီးများက စောင့်ကြည့်နေပြီ ဖြစ်၍ ယုံကြည်မှု ခံရရေး နှင့် ဂုဏ်သိက္ခာ ပိုင်းတွင် လွန်စွာ ထိခိုက်လာနိုင်သည့် အနေအထားကို ကြုံနေရပြီ ဖြစ်သည်။ ဗိုလ် သန်းရွှေ စစ်အစိုးရ လက်ထက်တွင် အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်သည် စစ်အစိုးရ ကိုယ်စားလှယ်နှင့် တစားပွဲတည်း ထိုင်ရန် ငြင်းပယ်ခဲ့သဖြင့် အမေရိကန်၊ အီးယူ နိုင်ငံများ နှင့် ပြုလုပ်ရန် ရှိသော အစည်းအဝေး အတော်များများကိုလည်း အာဆီယံ မှ ရွှေ့ဆိုင်းပေးခဲ့ရဖူးပေသည်။

အာဆီယံ မှ ဆွေးနွေးပွဲအပြီး ထုတ်ပြန်လာမည့် ကြေညာချက် ကို မိမိတို့ စိတ်ကူးဖြင့် ကြိုတင် ရေးသား လှောင်ပြောင်နေကြပြီလည်း ဖြစ်သည်။ အကယ်၍ အာဆီယံ နိုင်ငံအားလုံးက တသဘောတည်း ထုတ်ဖေါ် ပြောဆိုလာလျှင် အဖွဲ့၏ စည်းမျဉ်းအရ မြန်မာ အနေဖြင့် မဖြစ်မနေ လိုက်နာရဘို့တော့ ရှိနေပေသည်။

ယမန်နေ့က အီးယူ သမဂ္ဂ ၏ ဒုတိယ ဥက္ကဌ နှင့် နိုင်ငံခြားရေး ဆိုင်ရာ မဟာမင်းကြီးမှ အင်ဒို နိုင်ငံခြားရေး ဝန်ကြီး ကို ဖုန်းဆက်ပြီး မိမိတို့မှ ပြတ်ပြတ်သားသား ဆန့်ကျင် အရေးယူသွားမည့်အကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ ဝဏ္ဏမောင်လွင်အား အသိပေးရန် ပြောဆိုခဲ့သည်။

လက်ရှိတွင် အာဆီယံ သည် ဝင်ရောက် မစွက်ဖက်ရေး ဆိုသည်ကို ဘုရားဟော အလား စွဲကိုင်ပြီး စေ့စပ် ဆွေးနွေးရန် ပြောဆိုနေသော်လည်း အာဏာသိမ်း အဖွဲ့မှ မည်သို့မျှ အလျော့ပေးမည့် လက္ခဏာ မပြသေးဘဲ နိုင်ငံတော် အတိုင်ပင်ခံ ကို နောက်ထပ် စွဲချက်များ တင်လာပြန်ရာ ယခုအခါ စုစုပေါင်း ထောင်ဒဏ် ကိုးနှစ် ချမှတ်နိုင်သည့် ပြစ်မှု လေးခု ရှိသွားပြီ ဖြစ်သည်။ ဤသည်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ကြာရှည်စွာ ထိန်းသိမ်း ထားနိုင်ရေး အတွက် အကြောင်းပြ ထားသည့် စွပ်စွဲချက်များသာ ဖြစ်သည်ကို ထမင်းစားသူတိုင်းက သိထားပြီးလည်း ဖြစ်သည်။

ရှေ့နေ ဖြစ်သူ ဦးခင်မောင်ဇော်ကိုလည်း အထဲသို့ ဝင်ခွင့်မပေးသဖြင့် ဆယ်ပေ အကွာရှိ အခန်း အပြင်မှ ရပ်နားထောင်ခဲ့ရာ သူမ၏ အသံကိုသာ ကြားခဲ့ရသော်လည်း ကျန်းကျန်းမာမာ ရှိပုံရသည်ဟု ဆိုသည်။

ယမန်နေ့က CRPH အစိုးရမှ အာဏာသိမ်း စစ်ကောင်စီ သည် နိုင်ငံတော် အာဏာကို အဓမ္မ သိမ်းယူခဲ့သည့် အပြင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို အကာအကွယ် မပေးနိုင်တော့၍ နိုင်ငံတကာ ဥပဒေများ နှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရန် ၎င်းတို့အား အကြမ်းဖက် အုပ်စု အဖြစ် သတ်မှတ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယခုအခါ မိမိတို့ အင်အား ဖြင့် ပြည်သူများက တညီတညွတ်တည်း ဆန့်ကျင်လာကြပြီ ဖြစ်၍ အကြမ်းဖက် အာဏာသိမ်း အဖွဲ့သည် ကုလသမဂ္ဂ စင်မြင့်တွင်သာ မက ကမ္ဘာအလယ်တွင် ခေါင်းမဖေါ်ရဲအောင် ဖြစ်လာ နေပေပြီ။

ပြည်သူများဖက်မှ မိမိတို့ လိုလားချက်များ မရမခြင်း ၎င်းတို့အား အစိုးရတရပ်အဖြစ် ပုံမှန်လည်ပတ် သွားနိုင်ခြင်း မရှိအောင် ဆက်လက် ပြုလုပ်ထားမည် ဆိုက အောင်မြင်နေမည်သာ ဖြစ်သည်။ ပြည်သူများ၏ တက်ကြွသော အင်အား နှင့် CDM သည် နောက်တကြိမ် ပြန်စုစည်းဖို့ ဆိုသည်က မဖြစ်နိုင်၍ အဆုံးထိ တိုက်ပွဲဝင်သွားရမည်သာ ဖြစ်သည်။

ယနေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာကြီးတွင် မြန်မာ စစ်တပ်အတွက် ထောက်လှမ်းရေး နည်းပညာ ပစ္စည်းများ၊ ဆော့ဖ်ဝဲယား များ နှင့် စပိုင်ဝဲယားများကို ကြားခံ ကုမ္ပဏီအဖြစ် ဥရောပနှင့် အမေရိကန်တို့မှ ဝယ်ယူပေးနေသူသည် ရုရှား တက္ကသိုလ်ကျောင်းထွက် ဒေါက်တာ ကျော်ကျော်ထွန်း၏ MySpace International ဖြစ်ပြီး ဇနီးဖြစ်သူ ရုရှား သံအမတ်ကြီး၏ သမီး သည်လည်း ရုရှားမှ အသံဗုံးများ တင်သွင်းပေးသူ ဖြစ်ကြောင်းနှင့် စီအီးအို ဖြစ်သူ ဦးကြည်သာ ၏ Myanmar Future Science သည်လည်း အစ္စရေး၏ Elbit ဒရုန်းများ ဝယ်ယူတင်သွင်းပေးနေသည့် အကြောင်းများကို အကျယ်တဝင့် ဖေါ်ပြထားခဲ့သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •