မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းရှိ Multipurpose Stadium ကို ခုတင်၂၀၀ဆံ Quarantine Center အဖြစ် ပြင်ဆင်လျှက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းအတွင်းရှိ Multipurpose Stadium (Mandalay) ကို ခုတင်၂၀၀ဆံ Quarantine Center အဖြစ် ပြင်ဆင်ဆောင်ရွက်လျှက်ရှိ

 

[အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မိသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး Negative အဖြေ ထွက်ရှိသူများကို ထားရှိသွားမည်]

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ဆက်နွှယ်မူများ များပြားလာသည့်အတွက် ကြိုတင်တိုးချဲ့ပြင်ဆင် စီမံဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ် မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းအတွင်းရှိ Multipurpose Stadium (Mandalay) ကို ခုတင်၂၀၀ဆံ Quarantine Center အဖြစ် ထားရှိရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် အဆိုပါစင်တာတွင် အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မိသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး Negative အဖြေ ထွက်ရှိသူများကို ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံက သိရသည်။

“မန္တလေးက အကုန် အဆင်သင့် ပြင်ထားပါတယ်။ အရေးအကြီးဆုံးက ပြည်သူတွေ စည်းကမ်းတွေ လိုက်နာဖို့ အရေးကြီးတယ်၊ မလိုက်နာဘူး ဆိုရင်တော့ ကိုဗစ် ထိန်းချုပ်ရတာ နည်းနည်းကြာမယ်။ အစိုးရ၊ ပြည်သူတွေနဲ့ အလှူရှင်တွေ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် အောင်မြင်မူတွေ ရရှိနိုင်မှာပါ။” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေး ပြည်သူလူထုအား အောက်တိုဘာ ၁၃ ရက် ညပိုင်းက တိုက်တွန်းပြောကြားသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများသည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက Multipurpose Stadium (Mandalay) သို့ သွားရောက်၍ အဆိုပါအဆောက်အဦး၌ လူဦးရေ (၂၀၀)ဦးခန့် ထားရှိနိုင်မည့် နေရာအခြေအနေ ၊ အခန်း ဖွဲ့စည်းပုံ၊ ကျန်းမာရေးသုံး ပစ္စည်းကိရိယာများနှင့် နေရာထိုင်ခင်း အစားအသောက် စသည့် လိုအပ်ချက်များအတွက် စေတနာအလှူရှင်များ ပါဝင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိူင်းပေးခဲ့သည်။
#TheMandalayNewsJournal

 


Spread the love
  •  
  •  
  •  
  •  
  •  
  •