မန္တလေးကုန်စည်ဒိုင် ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးကုန်စည်ဒိုင် ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့မှစတင်၍ လေးလခန့် ယာယီပိတ်ခဲ့ရသော ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)ကို ယနေ့ (ဇန်နဝါရီလ ၂၁ရက်) နံနက် ၈နာရီက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်သည်။

ထိုသို့ဖွင့်လှစ်ရာတွင် အသင်းဥက္ကဋ္ဌ ဦးသက်တင်နှင့်အဖွဲ့ဝင်များက အသင်းသား၊ အသင်းသူများနှင့် အသင်းသားကိုယ်စားလှယ်များကို အသင်းတိုက်အတွင်း ဝင်ရောက်ချိန်နှင့် အသင်းတိုက်အတွင်း အရောင်းအဝယ်ပြုလုပ်စဉ် အသင်းမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာရေး ကြီးကြပ်ဆောင်ရွက်သည်။

“အသင်းတိုက်မဖွင့်ခင်ကတော့ အသင်းသားများအနေနဲ့ အသင်းရဲ့ Viber Group ၊ facebook Group တို့ကနေ အရောင်းအဝယ်လုပ်ကြတယ်၊ ဈေးနှုန်းအမှန်တော့ သိပ်မရှိဘူး၊ ရောင်းသူနဲ့ ဝယ်သူ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ၊ အချင်းချင်း ညှိနှိုင်းပြီး ရောင်းရတယ်၊ နောက် ရောင်းချင်တဲ့သူက ဝယ်လက်ဆီကို ကိုယ့်ရဲ့ ကုန်ပစ္စည်း သွားပြရတယ်၊ အခု ဒိုင်ပြန်ဖွင့်တော့ ဒိုင်ကိုလာပြပြီး အရောင်းအဝယ်ဖြစ်တယ်၊ ဈေးနှုန်းအနေနဲ့ကလည်း ပိုပေးတဲ့သူရှိရင် ပိုပေးတဲ့သူဆီ ရောင်းရုံပဲ။ ဈေးနှုန်းအမှန်ရတယ်ပေါ့။ ဒီနေ့က ဒိုင်စဖွင့်တဲ့ရက်ဆိုတော့ ပုံမှန်ပါပဲ။ နောက်နေ့တွေ အရောင်းအဝယ်က အခုထက်ပိုပြီး ကောင်းလာဖို့ရှိပါတယ်။ ဖွင့်ခွင့်ရအောင် ဆောင်ရွက်ပေးကုတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အသင်းတွဲဖက်အတွင်းရေးမှူး ဦးမောင်စိုးက ပြောကြားသည်။

ယနေ့ မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်အနေဖြင့် တရုတ်နိုင်ငံဘက်သို့ တင်သွင်းမည့် နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲဆံ (ဆီဆံ/လုံးဆံ)၊ ပဲတီစိမ်း (ရွှေဝါ)၊ ပဲလွန်းဖြူ (သစ်/ဟောင်း)၊ ရန်ကုန်မြို့မှတဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် မတ်ပဲ၊ ပဲစင်းငုံ (သစ်)တို့ အရောင်းအဝယ် သွက်ခဲ့ပြီး အခြားပဲမျိုးစုံများလည်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းများအနေဖြင့် နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ်လျှင် ရှယ်စ ၁၇၀၀၀၀-၁၇၅၀၀၀ ကျပ်၊ အလတ်စ ၁၅၀၀၀၀-၁၆၀၀၀၀ ကျပ်၊ အောက်စ ၁၁၀၀၀၀-၁၁၅၀၀၀ ကျပ်၊ နှင်းဖြူ ထိပ်စ ၁၂၄၀၀၀-၁၂၅၀၀၀ ကျပ်၊ အလတ်စ ၁၂၀၀၀၀-၁၂၂၀၀၀ ကျပ်၊ မြေပဲဆံ (S1လုံးဆံ)(ဖြူ) တစ်ပိဿာ ၃၁၀၀-၃၃၅၀၀ ကျပ်၊ (နီ) ၂၉၀၀-၃၂၀၀၊ မြေပဲဆံ (ဆီဆံ) တစ်ပိဿာ ၂၇၀၀-၃၀၀၀၊ ပဲတီစိမ်း (ရွှေဝါ) ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ၁၂၇၀၀၀-၁၃၀၀၀၀ ကျပ်အထိ လည်းကောင်း၊ ပဲလွန်းဖြူ (သစ်) ၆၀ ပိဿာဝင် တစ်အိတ်လျှင် ၁၆၅၀၀၀-၁၇၀၀၀၀ကျပ်၊ မတ်ပဲ ၆၀ ပိဿာဝင် တစ်အိတ်လျှင် ၈၉၀၀၀-၉၄၀၀၀ ကျပ်၊ ပဲစင်းငုံ (နီ-သစ်) ၆၀ ပိဿာဝင် တစ်အိတ်လျှင် ၇၁၀၀၀ ကျပ်မှ ၇၁၅၀၀ ကျပ်အထိ လည်းကောင်း၊ ပဲစင်းငုံ (နီ-၂၀၂၀) ၆၀ ပိဿာဝင် တစ်အိတ်လျှင် ၆၅၀၀၀-၆၅၅၀၀၊ ပဲစင်းငုံ (နီ-၂၀၁၉) ၆၁၀၀၀၊ ပဲစင်းငုံ (သစ်) ၇၁၅၀၀ ကျပ် တို့ဖြင့် အသီးသီး အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •