မန္တလေးက အတည်ပြုလူနာ၏ မိခင် သွားရောက်ခဲ့သည့် နေရာ ၃ ခုအား အသွားအလာ ကန့်သတ် ၊ လူ ၃၀ ဦးခန့် Quarantine ပြုလုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမှ အတည်ပြုလူနာ၏ မိခင် သွားရောက်ခဲ့သည့် နေရာ ၃ ခုအား အသွားအလာ ကန့်သတ်

လူ ၃၀ ဦးခန့် Quarantine ပြုလုပ်

မန္တလေး၊ ဩဂုတ် ၂၉

မန္တလေးမြို့ ထွန်တုံးရပ်ကွက်မှ အတည်ပြုလူနာ အမျိုးသမီး၏မိခင် သွားရောက်ခဲ့သည့် နေရာ ၃ နေရာကို အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ထားပြီး ၄င်းနေရာများမှ လူ ၃၀ ဦး ခန့်ကို Quarantine ပြုလုပ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့မှ အတည်ပြုလူနာနှင့် အတူ ပြန်လာခဲ့သည့် မိခင် ဖြစ်သူမှာ ကူးစက်ခံရခြင်း မရှိသော်လည်း ၎င်းအမျိုးသမီး သွားရောက်သည့် နေရာများကို အသွားအလာကန့်သတ် ပိတ်ပင်ပြီး ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

“သူကိုယ်တိုင် သွားခဲ့တာ မဟုတ်ဘူးလို့ သိရတယ်။ သူ့အမေ သွားခဲ့တဲ့ နေရာတွေ၊ စတိုးဆိုင် တစ်ဆိုင်၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၊ ကုန်စုံဆိုင် တစ်ဆိုင်၊ အဲဒီနေရာတွေကို အသွားအလာ ကန့်သတ်မှုတွေ လုပ်ပြီးပြီ” ဟု ဦးမြင့်အောင်မိုးက ပြောသည်။

လက်ရှိတွင် ကုန်စုံဆိုင်မှ ၆ ဦး၊ လက်ဖက်ရည်ဆိုင်မှ ၁၃ ဦး၊ မနော်ဟရီ (၁၁၀လမ်း) မှ ဝန်ထမ်း ၈ ဦးနှင့် ၄င်းနေထိုင်သည့် နေ့အိမ်မှ ဝန်ထမ်း ၂ ဦးတို့ကို Quarantine ပြုလုပ်သွားမည် ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာန ဒုမြို့နယ် ပြည်သူ့ကျန်းမာ ဦးစီးမှူး ဒေါက်တာ နန်းစောထွေးက ပြောသည်။

“ခုသိရတာက သူကိုယ်တိုင် သွားခဲ့တာ မဟုတ်ဘူးလို့ သိရတယ်။ သူ့အမေ သွားခဲတာပေါ့နော်။ သူ့အမေက အခုချိန်ထိ Negative အဖြေပါ။ ဒါပေမယ့် ထိတွေ့မှုရှိတဲ့သူ အကုန်ကို Quarantine လုပ်ဖို့ ရှိတယ်။ Swab ယူဖို့လည်း အနည်းဆုံး ၁၅ ဦးလောက် လုပ်ဖို့ ရှိတယ်။ တိုင်းအဆင့်ကို တင်ပြပြီး မနက်ဖြန် ဒါမှမဟုတ် တနင်္လါနေ့လောက်မှာ Swab ယူမယ်” ဟု ဒေါက်တာ နန်းစောထွေးက ပြောသည်။

အဆိုပါ အတည်ပြုလူနာ အမျိုးသမီးနှင့်အတူ မိခင်ဖြစ်သူနှင့် ညီမဖြစ်သူတို့သည် ရခိုင်ပြည်နယ်မှ တစ်ဆင့် ရန်ကုန်သို့ လေကြောင်းခရီး၊ ရန်ကုန်မှ မန္တလေးသို့ လေကြောင်း ခရီစဥ်များဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွေးက ပြောသည်။

အဆိုပါ အမျိုးသမီး ၃ ဦးမှာ မန္တလေးသို့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၂၇ ရက်နေ့တွင်မှ Quarantine စင်တာသို့ ပို့ဆောင်ခြင်း ဖြစ်သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •