မန္တလေးခရိုင်အတွင်း COVID-19 လူနာများထားရန် ဆေးရုံ (၁၇) ခုတွင် ကုတင် (၃၀၀၀) ပြင်ဆင်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးခရိုင်အတွင်း COVID-19 ပိုးတွေ့လူနာများထားရန် ဆေးရုံ (၁၇)နေရာ ကုတင်အရေအတွက် (၃၀၀၀) ပြင်ဆင်ထားပြီး လက်ရှိတွင် လူနာ (၂၀၀၀)လောက် ကုသပေးနေ

မန္တလေးခရိုင်အတွင်း COVID-19 ပိုးတွေ့လူနာများထားရန် ဆေးရုံ (၁၇)နေရာ ကုတင်အရေအတွက် (၃၀၀၀) ပြင်ဆင်ထားပြီး လက်ရှိတွင် လူနာ (၂၀၀၀)လောက် ကုသပေးနေကြောင်း၊ COVID-19 ပိုးတွေ့လူနာနှင့် ထိစပ်များထားရန် နေရာ (၁၅)နေရာတွင် လူဦးရေ (၄၀၀၀) ထားရှိနိုင်ရန် ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေ ထားတဲ့နေရာကိုလည်း လုံလောက်အောင်ပြင်ထားပါတယ်၊ လိုအပ်ရင်လည်း တိုးချဲ့မှာပါ၊ လောလောဆယ် မန္တလေးခရိုင်အတွက် နေရာ ၁၅ ခု ပြင်ထားပါတယ်၊ စုစုပေါင်း လူဦးရေ ၄၀၀၀ လောက် ထားရှိနိုင်ပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ သုံးနပ်ကျွေးပါတယ်၊ တစ်ဦးကို ၃၀၀၀ ကျပ်နှုန်းနဲ့ အစိုးရက စောင့်ရှောက်ပေးပါတယ်၊ အလှူရှင်များက လည်းလှူပါတယ်။ ဆေးရုံကလည်း ၁၇ခု ပြင်ဆင်ထားပြီး ကုတင်အရေအတွက် ၃၀၀၀ ပြင်ထားပေးနိုင်ပါတယ်၊ လောလောဆယ် လူနာ ၂၀၀၀ လောက် ဆေးရုံတင်ကုသပေးနေပါတယ်၊ ဆေးရုံမှာ ကျွေးမွေးတာကတော့ ပြည်ထောင်စုအစိုးရနဲ့ အလှူရှင်များက တာဝန်ယူ ကျွေးမွေးနေကြတာပါ။ လိုအပ်တဲ့ စောင်၊ ခေါင်း အုံး၊ ခြင်ထောင်၊ မွေ့ရာ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း အလှူရှင်နဲ့ အစိုးရက ထောက်ပံ့ကြတာပါ၊ တစ်ယောက်တစ်လက် ဝိုင်းဝန်းပံ့ပိုးနေကြတာဟာ အားရကျေးဇူးတင်လျက်ရှိရပါတယ်၊ ဒီလောက် ပြင်ဆင်ပေးနေကြတဲ့ အထဲမှာတောင် လိုအပ်လျက်ရှိနေမှာကို ပူပန်နေရတုန်းပါ။”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အစိုးရအနေဖြင့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေသော်လည်း ကာယကံရှင် ပြည်သူလူထုကလည်း ဝိုင်းဝန်းလက်တွဲကြဖို့ လိုပါကြောင်း၊ စည်းကမ်းများကို အကောင်းဆုံးလိုက်နာဖို့ပဲ လိုပါကြောင်း၊ နှစ်ပတ်လောက် အိမ်တွင်း၌သာ နေထိုင်ကြစေလိုကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်လည်လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထပ်မံပြောသည်။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွါးမှုနှင့် သေဆုံးမှု ပိုမိုများပြားလာသည့်အတွက် (၅-၁၂-၂၀၂၀)ရက်နေ့မှ (၁၈-၁၂-၂၀၂၀)ရက်နေ့အထိ မန္တလေးခရိုင်အတွင်းနေပြည်သူများအနေဖြင့် မိမိနေအိမ်၌သာ နေထိုင်ကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက စည်းကမ်းချက်များအား ပြည်သူများသိရှိစေရန် အသိပေးကြေညာထားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •