မန္တလေးတွင် ပရဟိတအသင်းများမှ ယာဉ်အစီးရေ တစ်ထောင်ရှစ်ရာကျော် လိုင်စင်ထုတ်ပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မန္တလေးတိုင်းဒေသကြီးတွင် ပရဟိတအသင်းများမှ ယာဉ်အစီးရေ တစ်ထောင်ရှစ်ရာကျော် လိုင်စင်ထုတ်ပေးထား

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတအသင်းများတွင် အသုံးပြုနေသော မော်တော်ယာဉ်များအား (HSE) လိုင်စင်ထုတ်ပေးထားရာ ယာဉ်အစီးရေ တစ်ထောင်ရှစ်ရာကျော်ရှိကြောင်း အဆိုပါ မော်တော်ယာဉ်များအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ လွဲ၍ ကျန်တိုးဂိတ်များ၌ လမ်းအသုံးပြုခ ပေးဆောင်ရန် မလိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း က ပြောကြားသည်။

ဇွန်(၁၇)ရက်တွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (ဆဌမ)နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို ၏ ပရဟိတအသင်းများနှင့်ပတ်သက်၍ (၁) ပရဟိတအသင်းအားလုံး လိုင်စင်များ မဖြစ်မနေ ပြည့်စုံအောင် ဆောင်ရွက်စေခြင်းနှင့် လွယ်ကူစွာချထားပေးခြင်း၊ (၂)ပရဟိတအသင်း ကားများ နှင့် ပတ်သက်၍ လိုင်စင်များချထားပေးခြင်း၊(၃) မန္တလေးတိုင်းဒေသကြီးအတွင်း ပရဟိတအသင်းများ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လမ်းကြေးများ သက်သာစေခြင်းဖြင့် ပရဟိတအသင်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုသည့်ကိစ္စ နှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း က ပြောကြားသည်။

ပရဟိတအသင်းများအများစု ဟာ ဘာသာရေးကို အခြေခံပြီးဖွဲ့စည်းထားသော အသင်းများဖြစ်ကာ ပြည်သူများအား ကူညီနေခြင်းဖြစ်ပြီး ၊ လူမှုရေး၊ပညာရေး၊ကျန်းမာရေး အစရှိတဲ့လုပ်ငန်းများ ကူညီ ဆောင်ရွက်နေခြင်းကြောင့် အစိုးရကိုလည်း ကူညီဆောင်ရွက်နေသည့် အတွက် အစိုးရအနေဖြင့် ငွေကြေးကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာချစ်ကိုကို က ပြောကြားသည်။

လူမှုရေးပရဟိတအသင်းများကို နိဗ္ဗာန်ယာဉ်(HSE) လိုင်စင်များကို တရားဝင်လိုင်စင် ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် စီမံချက်ရေးဆွဲကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ကြိမ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံချက်ကာလမစတင်မီ အချိန်တွင် တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် လူမှုရေးအသင်းအဖွဲ့(၅) သင်း၊နိဗ္ဗာန်ယာဉ် (၁၆) စီးသာရှိသော်လည်း လက်ရှိတွင် အသင်းအဖွဲ့(၉၀၁)သင်းနှင့် နိဗ္ဗာန်ယာဉ်(HSE) လိုင်စင်ချထားပေးသည့် မော်တော်ယာဉ်(၁၈၅၉)စီး ရှိကြောင်း ဗိုလ်မှူးကြီးကျော်ကျော်မင်း က ပြောကြားသည်။

လမ်းဦးစီးဌာနပိုင်လမ်းများ၊ဘီအိုတီလမ်းများတွင် လမ်းအသုံးပြုခကောက်ခံရာ၌ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ အမှန်တကယ်လိုင်စင်ထုတ်ပေးသည့် နိဗ္ဗာန်ယာဉ်(HSE) နှင့်နာရေးယာဉ်များကို ရန်ကုန်-မန္တလေး အမြန်လမ်းမှလွဲ၍ ကျန်တိုးဂိတ်များတွင် လမ်းအသုံးပြုခ ကောက်ခံခြင်း မရှိကြောင်း၊ သာမာန်နံပါတ်ဖြင့် သွားလာနေသည့် နိဗ္ဗာန်ယာဉ်များအနေဖြင့် လမ်းအသုံးပြုခ ပေးဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်းလျှောက်ထားလာသည့် အသင်းအဖွဲ့များကို အသင်းအဖွဲ့မှတ်ပုံတင် ခြင်းဆိုင်ရာ ဉပဒေနှင့်အညီ အသင်းအဖွဲ့လျှောက်ထားသည့်နေ့မှ (၇)ရက်အတွင်း ယာယီလက်မှတ် ထုတ်ပေးခြင်း၊ ခရိုင်/မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် ရက်ပေါင်း(၃၀)အတွင်း၊တိုင်းဒေသကြီးမှတ်ပုံတင်ရေး အဖွဲ့ တွင် ရက်ပေါင်း(၆၀)အတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော အသင်းအဖွဲ့များအား အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီးအသင်းအဖွဲ့ မှတ်ပုံတင် လက်မှတ်(၁၂၇)စောင်၊ခရိုင်အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်(၁၂၈)စောင်နှင့်မြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင် လက်မှတ်(၇၄၆)စောင် အား ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •