မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအသစ် တည်ဆောက်နေမှု ၉၅ ရာခိုင်နှုန်းပြီးစီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့တွင် အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုဆောင်ရွက်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအသစ် တည်ဆောက်နေမှု ၉၅ ရာခိုင်နှုန်းပြီးစီး

(Public Health Laboratory-Mandalay) အသစ် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွင်းဆင်းစစ်ဆေး

အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုဆောင်ရွက်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအသစ် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory-Mandalay)အသစ်တစ်ခုကို မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်း အကြားရှိ အဆိုပါဌာန (PHL)ဝန်းအတွင်း၌ တည်ဆောက်လျက်ရှိရာ အောက်တိုဘာလ ၁၆ ရက် နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တည်ဆောက်ရေး လုပ်ငန်းများပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရုံး(PHL) အဆင့်မြင့်ဓာတ်ခွဲခန်းအသစ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီမှလှူဒါန်းသည့် ခန့်မှန်းငွေကျပ် သိန်းတစ်သောင်းနှစ်ထောင်ခန့် အကုန်ကျခံ၍ အဆောက်အဦအသစ်ပုံစံနှင့် ဒီဇိုင်းကို ဗိသုကာပညာရှင် ဦးဇင်မင်းဆွေတို့ကေ ဆာင်ရွက်ခဲ့ပြီး မန္တလေးမြို့မှ လက်ရှိ COVID-19 အတည်ပြုစစ်ဆေးပေးနေသည့် ဓာတ်ခွဲခန်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန်အတွက် အဆောက်အဦပိုင်း တိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ကာ တည်ဆောက်ရေးကာလ ၃ လအတွင်း ယင်းဓာတ်ခွဲခန်းအသစ်ကို NHL ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် PHL-Mandalay အဆောက်အဦသစ် သင်တန်းခန်းမသို့ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ယခုလက်ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲ စစ်ဆေးနိုင်မှုနှင့် ကျန်းမာရေးဝန်ထမ်းအင်အားအခြေအနေကိုလည်းကောင်း၊ မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက တည်ဆောက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အခြေအနေ၊ အဆောက်အဦအတွင်း ဓာတ်ခွဲခန်း၊ သင်တန်း ခန်းမနှင့် စီမံခန့်ခွဲမှုရုံးခန်းများ ထည့်သွင်းတည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ရေရရှိရေးလုပ်ငန်းများ၊ စွန့်ထုတ်ရေဆိုးစနစ်နှင့် စွန့်ပစ်ပစ္စည်းများအတွက် စနစ်တကျ စီမံဆောင်ရွက်ထားသည့် အစီအမံများကိုလည်းကောင်း၊ အဆောက်အဦအသစ် ဒီဇိုင်းနှင့်ပတ်သက်၍ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဗိသုကာပုံစံများ အသေးစိတ်ရေးဆွဲပြီး မြေကြီးစမ်းသပ်ကာခိုင်ခံ့မှုတွက်ချက်ခြင်း၊ Bio Safty level (2+) အဆင့်ရှိ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းစနစ်၊ လျှပ်စစ်မီး၊ ရေ၊ လေအေးပေးစက် NetWork ၊ CCTV ဒီဇိုင်းရေးဆွဲပြီး တပ်ဆင်ဆောင်ရွက် နေမှု စနစ်လုပ်ငန်းများကိုလည်းကောင်း ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းရှိ Chiller Plant Room တွင် AHV, Chiller နှင့် Pump များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှု၊ Cooling Tower, High Pume Fun နှင့် HEDA Housing များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှုများနှင့်Bio Safty level (2+)အဆင့်ရှိ နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းစနစ် တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဝန်ကြီးချုပ်က ယခုဆောက်လုပ်မည့် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory-Mandalay)သည် အထက်မြန်မာပြည်အတွက် အလိုအပ်ဆုံးနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှာဖွေရေးအတွက်ပါ အထောက်အကူပြုမည့် ဓာတ်ခွဲခန်း အသစ်တစ်ခုဖြစ်ရာ NHL ၏ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားရေး၊ တည်ဆောက်ရေး အချောသတ်လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ ယခုလက်ရှိဆောင်ရွက်နေသော ဓာတ်ခွဲစစ်ဆေးစက်များ အဆောက်အဦသစ်သို့ အမြန်ဆုံးပြောင်းရွှေ့လုပ်ကိုင်နိုင်ရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားရေး၊ သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေးနှင့် အဆောက်အဦသစ် အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယခုအသစ်ဆောက်လုပ်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory-MDY) အဆောက်အဦမှာ နိုင်ငံတကာအဆင့်မီ Bio Safty Level(+2)အဆင့်ရှိ RC အမျိုးအစား နှစ်ထပ်ခွဲ၊ အလျား ၆၉ ပေ × အနံ ၅၉ ပေ၊ စတုရန်း ပေ ၁၀၆၃၁ ခန့် ဖြစ်ပြီး နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ၊ နည်းပညာဖလှယ်ရန်သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းများကဲ့သို့ Sensor Air Lock တံခါး များ၊ Negative Pressure စနစ်ဓာတ်ခွဲခန်းများ၊ လက်ရှိဆောင်ရွက်နေသော ဓာတ်ခွဲစက် ၃ စုံထားရှိဆောင်ရွက်ရန် နိုင်ငံတကာအဆင့်မီ တည်ဆောက်လျက်ရှိကြောင်း ယခုတည်ဆောက်လျက်ရှိသော ဓါတ်ခွဲခန်းအဆောက်အဦအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် အပ်နှံနိုင်ရန်ရည်မှန်းထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလလယ်တွင် အဆိုပါဓါတ်ခွဲခန်းအဆောက်အအုံ၌ PHL လုပ်ငန်းများစတင် လည်ပတ်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင်အဖွဲ့သည် လက်ရှိကို ဗစ်ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (Public Health Laboratory-Mandalay)အတွင်း ဓာတ်ခွဲစစ်ဆေးမှု အဆင့်ဆင့်ဆောင်ရွက်နေမှုလုပ်ငန်းများကို လိုက်လံ ကြည့်ရှုကြရာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာန(မန္တလေး)တာဝန်ခံ ဒေါက်တာမေဝင့်ဝါက လိုက်ပါရှင်းလင်းပြသခဲ့ရာ ဝန်ကြီးချုပ်က အဆောက်အဦသစ်အတွင်းသို့ ပြောင်းရွှေ့ရေး စီစဉ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ယခုလက်ရှိဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)အနေဖြင့် ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးဆောင်ရွက် ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှ ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ အထက်မြန်မာပြည်ရှိ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း/မြောက်၊ ကချင်၊ ချင်းစသည့်မြို့များမှ Swab နမူနာ စုစုပေါင်း ၄၈၅၅၆ ဦးကို ဓာတ်ခွဲစစ်ဆေးပြီးခဲ့ရာ ဓါတ်ခွဲအတည်ပြုတွေ့ရှိသူ ၁၁၁၀ ဦး တွေ့ရှိခဲ့သည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •