မန္တလေးမြို့ ရေနီမြောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရက်ပိုင်းအတွင်း ပြီးစီးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့ ရေနီမြောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း မကြာမီရက်ပိုင်းအတွင်း ပြီးစီးမည်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်သည် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် ရေနီမြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ကိုဗစ်လူနာများလာတဲ့ ကာလအတွင်း စည်ပင်လုပ်ငန်းတွေကို လုပ်ငန်းခွင်အရောက် ပုံမှန် မစစ်ဆေးတာ ကြာပါပြီ။ ပုံမှန်လုပ်ငန်းတွေ လုပ်နေတာ လွဲချော်မှု နည်းသွားတာလည်း ပါပါတယ်။ ရေနီမြောင်းကတော့ Challenge တစ်ခုဖြစ်လို့ မပြီးခင် စစ်ဆေးရတာဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ရေနီမြောင်းကို Precast အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို တာဝန်ခံအင်ဂျင်နီယာ ဦးနေလင်းထွန်းက ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လုပ်ငန်းခွင်အတွင်း ကွင်းဆင်းစစ်ဆေးသည်။

”နောက်ဆက်တွဲ ဆက်လုပ်ရမယ့် လုပ်ငန်းတွေထဲမှာ လမ်းအသစ်ဖောက်ဖို့၊ ပန်းပင်တွေစိုက်ဖို့၊ အမှိုက်ဆယ်ဖို့၊ ရေတံခါးတွေ လုံခြုံရေး၊ ဓာတ်တိုင်အချို့နေရာရွှေ့ဖို့စတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ မီးရထားနဲ့လည်း ညှိနှိုင်းဖို့ ကိစ္စတွေရှိပါတယ်။ ရေနီမြောင်းအဆင့်မြှင့်ရတဲ့ အဓိကရည်ရွယ်ချက်က ရေအရင်းအမြစ်တစ်ခုဖြစ်တဲ့ ကျုံးရေကို ပိုသန့်စင်စေလို့ ဖြစ်ပါတယ်။ အမှိုက်တွေကို ၁၉လမ်းထိပ်နဲ့ ၆၆လမ်းထိပ်တွေမှာ သံဆန်ခါနဲ့တားပြီး ဆယ်ယူနေပါတယ်။ တစ်နေ့တစ်ကြိမ်ကနေ နှစ်ကြိမ်ဆယ်ခိုင်းထားပြီး သံဆန်ခါကိုလည်း အကွက်ပိုစိပ်ခိုင်း ထားပါတယ်။ မြောင်းဖုံးပါတော့ လမ်းတစ်လျှောက်မှာ အမှိုက်ကျနိုင်ခြေ နည်းသွားပါပြီ။ အဖုံးပေါ် ကားတက် မမောင်းနိုင်ဖို့ မြောင်းဘေးတစ်လျှောက်မှာ အလှပန်းပင်တွေ စိုက်သွားပါမယ်။ သံချိတ်တွေကိုလည်း မဖြုတ် သေးပါဘူး။ ရေစစ်ကန်အရှေ့ဘက်က မြောင်းဖုံးပေါ် အရက်ထိုင်သောက်သူတွေရှိလို့ chain link ကာပြီး ပန်းကစားဌာနရဲ့ ပျိုးခြံကို များများပျိုးနိုင်အောင် နေရာပေးလိုက်ပါတယ်”ဟု မြို့တော်ဝန်က ပြောသည်။

ဆက်လက်၍ မြို့တော်ဝန်က၁၉ လမ်းထိပ်ကနေ ၂၂ လမ်းအထိ မီးရထားလမ်းအရှေ့ဘက်ခြမ်းကို လမ်းအသစ် ခင်းပေးဖို့ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အပျော်အပျက်လိုလိုနဲ့ အဖျက်လုပ်ငန်းလုပ်တဲ့သူတွေကြောင့် ရေထိန်းတံခါးတွေရဲ့ လုံခြုံရေးအတွက်ပါ ထည့်စဉ်းစားဖို့ ဆွေးနွေးမှာကြားခဲ့ပြီး ယခင်က ရေစစ်ကန်ရှိပေမယ့် အသုံးမပြုဘဲ ကျုံးထဲကို တိုက်ရိုက်ထည့်လို့
ကျုံးရေနောက်တဲ့အထိ အနည်များလာလို့ ရေစစ်ကန်မှာ အနည်ထိုင်စေ၍ ကျုံးရေသွင်းမြောင်းထဲကို ဝင်ခိုင်းတော့မှာ ဖြစ်သဖြင့် ကျုံးရေလည်း ပြန်ကြည်လာတော့မှာဖြစ်ကာ မန္တလေးအတွက် မှတ်ကျောက်တစ်ခု ချန်ထားခဲ့နိုင်မှာဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

အဆိုပါ precast drian သည် အကျယ် ၆ ပေ၊ အနက် ၆ ပေဖြစ်ပြီးရေစီးဆင်းနိုင်အားမှာ 30 cusec (30 cubic feet per second) ရှိပြီး စုစုပေါင်း မြောင်းအရှည် ၇၆၆၂ ပေရှိသည်။ နှစ်စဉ် ဖြစ်ပေါ်လာနိုင်သည့် နှုန်းအနည်များ ရှင်းလင်းရေး ကြိုတင်ဆောင်ရွက်ထားခြင်း precast မြောင်း ၆ ပေအကျယ်ဖြစ်သဖြင့် ပိုလာသည့်မြေနေရာတွင် ကျုးကျော်ဝင်ရောက်မှုများ မရှိစေရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရအပင်၊ ပန်းအလှအပင်များ စိုက်ပျိုးသွားမှာဖြစ်သည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •