မန္တလေးမြို့ အဆင့်မြင့်ကွန်တိန်နာဆိပ်ကမ်းတည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ မြေယာလျော်ကြေးပေးအပ်
မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းတွင် JICA အကူအညီဖြင့် တည်ဆောက်မည့် အဆင့်မြင့်ကွန်တိန်နာဆိပ်ကမ်းနေရာနှင့်ပတ်သက်၍ မြေယာလျော်ကြေးငွေပေးအပ်ခြင်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
“ကွန်တိန်နာဆိပ်ကမ်းကြီးက မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ ဆိပ်ကမ်းကြီးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ကြိုးစားခဲ့တဲ့ စီမံကိန်းပါ။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အတည်ပြုပေးတဲ့အတိုင်း မြေယာလျော်ကြေး ပေးခဲ့ပါတယ်။ မကြာမီလုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်တော့မှာပါ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က ပြောသည်။
အဆိုပါဆိပ်ကမ်း တည်ဆောက်မှုကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် မန္တလေးမြို့ ဧရာဝတီမြစ်ကမ်း ရွှေလှံဗိုလ်ကျောင်းအနီး မြေဧက ၂၀ ဒသမ ၀၂ တွင် တည်ဆောက်မည်ဖြစ်ရာ ပထမပိုင်း တွင် ဆိပ်ကမ်းတည်ဆောက်ရေးပိုင်းနှင့် ဒုတိယပိုင်းတွင် စက်ပစ္စည်းအစိတ်အပိုင်းများတည်ဆောက်ရေးပိုင်းတို့ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း
#TheMandalayNewsJournal