“”မန္တလေးမှာ လူထုဥယျာဉ်နှင့် ပြတိုက် ရှိရမယ့်နေရာ””

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆူးငှက်

မန္တလေးက ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့တယ်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက၊ မြို့တည်နန်းတည် ခုနစ် ဌာနမှာ ကျုံးတော်၊ ရွှေ မြို့တော်..ဆိုတာ၊ နိုင်ငံနှင့်အဝှန်း အာဏာ၃ရပ် တည်ရှိရာ အဓိကအမြင့်မားဆုံးနေရာပဲဖြစ်တယ်။ သက်ဦးဆံပိုင် ပဒေ သရာဇ်နှင့်အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားတဲ့ မူးကြီးမတ်ရာ၊ စစ်သူကြီးသေနာပတိတို့ ရဲ့ စိုးစံ၊ ရုံးစိုက်ရာဖြစ်တယ်။ အာဏာရဲ့အထွတ်အထိပ် ဖြစ်တဲ့ ရာဇပလ္လင်၉ရပ်ရှိတဲ့ နန်းတော်ကြီးတွေနှင့်အတူ လွှတ်တော်ရုံးလည်းရှိတယ်။ ကိုယ့်အရှင်ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါ ကဖြင့် မန္တလေး နန်းမြို့ဟာ တစ်တိုင်းတစ်ပြည်လုံးရဲ့ အထွတ်အထိပ်၊ အမြင့်အမြတ်နေရာပါပဲ။

“အုတ်၊ ကျစ်၊ ကျော်၊ အေး – မန္တလေး“ဆိုတဲ့ ရာဇ၀င် သင်္ကေတအရ ၁၂၂၁-ခုနှစ်၊ ကဆုန်လပြည့် ကျော် ၇ရက်နေ့မှာ ခုနှစ်ဌာနနှင့် တစ်ပြိုင်နက်တည်ခဲ့တဲ့ မန္တလေးမြို့တော်ဟာ “အင်း၊ ဂ၊ လိပ်၊ တက်၊ မန်း မြို့ပျက်”ဆိုတဲ့ ဥဒါန်းစကားနှင့် ၁၂၄၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်၈ရက်(၁၈၈၅-ခုနှစ်၊ နို၀င်ဘာ ၂၉ရက်)နေ့မှာ ပျက်သုဉ်းခဲ့ရပါတယ်။ ဒီအချိန်ကစပြီး မြန်မာတစ်ပြည်လုံး သူ့ကျွန်လက်အောက် ရောက်ရ တာပဲ မဟုတ်လား။

နယ်ချဲ့စစ်တပ်က မန္တလေးနေပြည်တော်ကို သိမ်းပိုက်၊ ရှင်ဘုရင်နှင့်တကွ မိဖုရားအချွေအရံတွေဖမ်းဆီးပြီး၊ အိန္ဒိယပို့၊ လွှတ်တော်ကို ဖျက်သိမ်း၊ အချုပ်အချာ အာဏာပိုင်မှုအမှတ်အသား ရတနာပုံက ဒေါင်းအလံကို ဖြုတ်ချပြီး၊ ယူနီယံဂျက်အလံလွှင့်ထူလိုက်တာနှင့် တစ်ပြိုင်နက် “ရွှေမှန်ကင်း အစစ်က၊ ထင်း ဖြစ်ခဲ့”ရတာပါပဲ။ တစ်ချိန်က လုံခြုံရေးရဲမက်အဆင့်ဆင့်ကို ဖြတ်သန်းခွင့်ပြုမှ ရှေ့တော်မှောက် ခစားရောက်ရတာ၊ မော်ဖူးစေဆိုမှ မျက်နှာမော့ခွင့်ရတဲ့ သီဟာသနပလ္လင်ရှေ့မှာ နယ်ချဲ့စစ်ဗိုလ်ချုပ်တွေ ဖန်ခွက်ချင်းတေ့၊ အောင်ပွဲခံပြီး တံခါးမရှိ ဓားမရှိ ဖြစ်သွား တာပါပဲ။ မြနန်းစံကျော် ရွှေ နန်းတော်ကြီးဟာ နယ်ချဲ့တို့ရဲ့ ပါတီပွဲကျင်းပရာ နေရာကြီး ဖြစ်သွားတယ်။ စောင်းညှင်းပတ်သာနဲ့ ဘုန်းတော်ဘွဲ့ သီချင်းသံအစား၊ အင်္ဂလိပ်ဘင်ခရာအဖွဲ့က “နေမ၀င်အင်ပါယာအရှင်၊ ဝိတိုရိယဘုရင်မကြီး”ကို ချီးမွမ်း ထောပနာပြုတဲ့ သီချင်းသံတွေ ခြိမ့်ခြိမ့်ညံ သွားတော့တယ်။


မန္တလေးနန်းမြို့တွင်း အဆောင်ဆောင် အနန်းနန်း၊ ကြငှာန်းပြာသာဒ်များဟာ အုပ်ချုပ်ရေးရုံး၊ စစ်ရုံးစိုက်ရာ အဆောက်အဦးတွေ၊ ပါတီပွဲ ကျင်းပရာအဆောက်အဦးတွေ ဖြစ်သွားတယ်။ ဒါ့အပြင် ၄၈ရပ် ပြာသာဒ်ရှိတဲ့အနက် မြို့ရိုးမြောက်ဖက်ခြမ်း၊ ဘုံ၅ဆင့်နဲ့ စည်သာတံခါး ပြာသာဒ် တော်ကြီးကို အတွင်းကနေ ပြန်လည်မွမ်းမံပြင်ဆင်ပြီး၊ ဘုရင်ခံ အိမ်တော်အဖြစ်ပင် အခြေစိုက်လိုက်ကြတယ်။ တကယ်တော့ ရှင်ဘုရင်ကို ကြက် ကလေး၊ ငှက်ကလေးများသဖွယ်၊ လွယ်လင့်တကူ ဖမ်းဆီးကာ တစ်ပြည်လုံး သိမ်းပိုက်လိုက်ပေမယ့်၊ တကယ့်တိုင်းသူပြည်သားအများစုကြီးက တော့ ဒီသိမ်းပိုက်မှုကို လွယ်လွယ်ကူကူ လက်မခံပါဘူး။ မန္တလေး နေပြည်တော်အပါအ၀င် တစ်ပြည်လုံးအတိုင်းအတာနဲ့ ရရာလက်နက်ဆွဲကိုင် ပြီး ပြန်လည်တော်လှန် ပုန်ကန်ကြတယ်။ တပ်ဖွဲ့တပ်စု အလုံးအရင်းအနေနှင့်ရော၊ ပျောက်ကြားပုံစံနှင့်ရော ပုန်ကန်ကြလို့ အင်္ဂလိပ်စစ်တပ် အနေနှင့် နှစ်ပေါင်းဆယ်ချီပြီး နှိမ်နင်းခဲ့ရသတဲ့။ ဒီတော့ သူတစ်ပါးတိုင်းပြည်ကိုလာပြီး မတရားသိမ်း ပိုက်ထားသူများအဖို့ သူတို့လုံခြုံရေးဟာ ရတက်မအေး ဖွယ်ရာပါပဲ။

 

ဒီလို ခေါင်းငုံ့မခံ၊ အခွင့်ရေးရရင်ရသလို ပြန် လည်ပုန်ကန်တဲ့ အခြေအနေမှာ မန္တလေးနန်းမြို့ကြီးဟာ အင်္ဂလိပ်အုပ်စိုးသူ၊ အင်္ဂလိပ် စစ်တပ်အတွက်တော့ “ရေကန်အသင့်၊ ကြာအသင့်”ဆိုရလောက်တဲ့ ခံတပ်ကြီးပါပဲ။ တစ်ဖက်ကို ၁မိုင်၂ဖာလုံ၊ ၅၅ကိုက် အရှည်ရှိတဲ့ လေးထောင့် စပ်စပ် နန်းမြို့ကြီးဟာ အမြင့်ပေ၃၀နီးပါး ထု၁၀ကျော်ရှိတဲ့ အုတ်မြို့ရိုးကြီးလည်း ပတ်ရံထားတယ်။ ဒီအုတ်မြို့ရိုးကြီးကိုပဲ အကျယ်ပေ၂၀၀နီးပါး၊ အနက်ပေ၂၀၀န်းကျင်ရှိတဲ့ ရေကျုံးကြီးနဲ့လည်း လေးဘက်လေးတန်ဆီးရံထားသေးရဲ့။ အုတ်မြို့ရိုးကြီးလေးထောင့်စပ်စပ်မှာ အ၀င်အထွက် အတွက် တံခါးမကြီး ၄ပေါက်၊ မလွယ်ပေါက်၈ပေါက်ပဲရှိတယ်။ ကျုံးကြီးကို ဖြတ်ဖို့အတွက်လည်း အရေးပေါ်ရင် အလယ်က အခင်းနင်းကြမ်းတွေ လွယ်လင့်တကူ ဖြုတ်လို့ရတဲ့ တံတား၅စင်းပဲရှိတယ်။ ဒီတော့ မန္တလေးနန်းမြို့ဟာ လုံခြုံရေးအတွက် စိတ်ချရပြီပေါ့။ ဒါကြောင့် နယ်ချဲ့ အင်္ဂလိပ် က အုပ်ချုပ်ရေးရုံးတွေ အပါအ၀င် သူ့ရဲ့စစ်တပ်တွေကို မန္တလေးနန်းမြို့တွင်းမှာပဲ နေရာချပေးလိုက်တော့တယ်။ အဲဒီကာလ၊ နယ်ချဲ့စစ်တပ်ဆို တာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မဟုတ်ဘူး။ သူတို့အစိုးရအဖွဲ့၊ သူတို့အာဏာပိုင်အဖွဲ့အစည်း၊ သူတို့အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ဖို့ဖြစ်တယ်။ နယ်ချဲ့စစ်တပ်ဆိုတာ ပြည်သူ့အကျိုးစီးပွား ထိခိုက်မယ့်၊ ပြည်သူကို ထိပါးမယ့် အန္တရာယ်ရန်စွယ်ကို တိုက်ခိုက်တွန်းလှန်ဖို့ မဟုတ်ဘူး။ သူတို့အစိုးရ၊ သူတို့ အာဏာ၊ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့်၊ အန္တရာယ် ရှိနိုင်မယ့်၊ သူတို့မတရားဖိနှိပ်အုပ်ချုပ်မှုအပေါ် ပြန်လည် ခုခံတွန်းလှန်ပုန်ကန်မယ့် မြန်မာပြည်သူကိုပဲ နှိမ်နင်းဖို့၊ ဖြိုခွင်းဖို့ဖြစ်တယ်။ ဒါကြောင့် သူတို့အတွက် လုံခြုံရေးကိုပဲ အဓိကထားတယ်။ သူတို့လုံခြုံ မယ့် မန္တလေးနန်းမြို့တွင်းမှာပဲ၊ ရေကျုံးတစ်တန်၊ မြို့ရိုးတစ်တန်၊ အ၀င်အထွက် အစစ်အဆေးအကွပ်အညှပ် အတန်တန်နဲ့ မတရားသိမ်းပိုက်နေ ထိုင်ခဲ့ကြတယ်။ ဒါဟာ သူ့ကျွန်ဘ၀တုန်းက ကျွန်တော်တို့ ပြည်သူလူထု ရရှိခဲ့တဲ့ အမွေတစ်ခုပါပဲ။

ဒီအမွေဟာ ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ၄ရက်၊ လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာ ပြီး ကိုယ့်အမျိုးသားအလံ လွှင့် ထူပြီချိန်အထိ ကျွန်တော်တို့ပြည်သူလူထု ဆက်ခံရဆဲပါပဲ။ အုပ်စိုးသူကိုယ့်အမျိုး သားအစိုးရရဲ့သဘောထားနှင့်အတူ အချင်းချင်း မညီညွတ်မှု များကြောင့် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းထ၍ တောက်လောင်တော့၊ အစိုးရအာဏာနှင့် အစိုးရအုပ်ချုပ်မှု ယန္တယားကို ကာကွယ်ဖို့ အမျိုးသားတပ်မတော်ကလည်း အင်္ဂလိပ်ရဲ့ အမွေကိုဆက်ခံကာ မန္တလေးနန်းတွင်းမှာပဲ အခိုင်အမာ တပ်စွဲထားဆဲပါပဲ။ ပြည်သူလူထုကို ကာကွယ်ရမယ့်အစား လက်နက်ကိုင်ထားတဲ့ စစ်တပ်က ကျုံးလေးတန်ကာဆီးပြီး၊ အုတ်မြို့ရိုးကြီး အခိုင်အမာနဲ့ နန်းတွင်းမှာပဲ လုံခြုံစွာနေထိုင်တော့တယ်။ လေးဘက်လေးတန် မြို့ရိုးမှာ ရှိတဲ့အ၀င်အထွက် တံခါးမကြီး၄ပေါက်ကိုသာ အစစ်အဆေး၊ အမေးအမြန်းထူထပ် ကျပ်တည်းစွာနှင့်နေ့ပိုင်းအချိန်တွေမှာသာဖွင့်လှစ်ပေးထားတယ်။ကျန်တဲ့မလွယ်ပေါက်တံခါး၈ပေါက်ကိုတော့ အသေပိတ်လိုက်တယ်။ကျုံးကူးတံတားကြီး၅စင်းအနက်၄စင်းကိုပဲပြန်လည်ပြင်ဆင်အသုံးပြုခဲ့တယ်။အသုံးမပြုတဲ့ရှေးဟောင်းတံတားကြီး၁စင်းဖြစ်တဲ့ စည်ရှည်တံတားကို လွန်ခဲ့တဲ့ နှစ်ခန့်က အုတ်မြစ်ပါမကျန် ဖျက်သိမ်းလိုက်ပါသေးတယ်။

ဒီတော့ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသား လက္ခဏာအသွင် အထင်အပွားကျန်ရစ်ကာ တန်ဖိုးထားအပ်တဲ့ မန္တလေး နန်းမြို့ကြီး အတွင်း အင်္ဂလိပ်က စစ်တပ်များနေရာပေး ချထားတပ်စွဲခဲ့ခြင်းကို အကြောင်းပြချက်များနှင့် နိုင်ငံ လွတ်လပ်ရေး ရခဲ့သော်လည်း မြန်မာ့တပ်မတော်က ကျေနပ်စွာလက်လွှဲခံယူခဲ့တယ်။ နောက်ပိုင်း ဖဆပလခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေး အစိုးရခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရခေတ်ထိ ခေတ်တစ်မျိုးမျိုးစံနစ် အမျိုးမျိုး ပြောင်းခဲ့ငြား၊ ဒီအမွေဆိုးကို ကျေနပ်စွာ ထွေးပိုက်ထားဆဲပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံအပြီး၊ တပ်မတော်အာဏာသိမ်း နန်းတွင်းမှာရှိတဲ့ စစ်တပ်များရဲ့ လုံခြုံရေးကို ပိုပြီးဆောင်ရွက်လာပါတယ်။ ၁၉၅၈ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တောင်ဘက်ကျုံးနှင့် မြို့ရိုးကြားက “မန်းသီတာ”အမည်ရှိ လူထုအပန်းဖြေ ဥယျာဉ်ကြီးကို ဖျက်သိမ်းလိုက်တယ်။ နန်းတွင်းက ဖြတ်တဲ့ မတ္တရာရထားလမ်းကို ဖျက်သိမ်းလိုက်တယ်။ အပန်းဖြေပေါင်းကူးတံတားတွေ လည်း ဖျက်သိမ်းလိုက်တယ်။ ကျုံးကိုပြန်လည်တူးဖော်ပြီး သံပန်းအကာအရံတွေကာလိုက်တယ်။ နန်းမြို့တွင်း အ၀င်အထွက်တွေကို ကျပ်တည်း စွာ ကန့်သတ်လိုက်တယ်။

တကယ်တော့ မန္တလေးနန်းမြို့တော်ဆိုတာကလည်း နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ကုန်းဘောင်ခေတ်ရဲ့ မင်းခမ်းမင်နား ပြကွက်တွေ ၊ လွှတ်တက်ရုံးတက်ပြကွက်တွေ ၊ ညီလာခံသဘင်ပြကွက်တွေ ၊ သံခင်းတမန်ခင်းအခမ်းအနားတွေ ၊ ရေခင်းတော် မြင်းခင်းတော် နှင့် ထွက်တော်မူကြီးတပ်အင်္ဂါအခင်းအကျင်းတွေ၊ မင်္ဂလာ၁၂ခန်းပြကွက်တွေ ၊ ဘုရားပွဲကျောင်းပွဲ ရှင်ပြုအလှူအတန်းပြကွက်တွေ၊ ၁၂ရာသီ ပွဲခင်းတွေ၊ ရိုးရာလက်မှုနှင့် အစားအသောက်ပွဲစျေးတန်းတွေ၊ ပလာဆိုင်း မြေ၀ိုင်းဇာတ် ရုပ်စုံအမြင့်သဘင် အငြိမ့်တော် ဇာတ်ပွဲ သီဆိုတီးမှုတ် ကပြဖျော်ဖြေမှုတွေ၊ မင်း မိဖုရား မှူးကြီးမတ်ရာ သေနာပတိ သူဌေးသူကြွယ် လက်လုပ်လက်စား ဆင်းရဲသား အလွှာအသီးသီးတို့နေထိုင်မှု လူမှုစရိုက်တွေ၊ရိုးရာကစားနည်းတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုတွေ… စတဲ့ ပြကွင်းပြကွက်တွေနှင့် ၅မိုင်၁ဖာလုံမျှ လေးဘက်လေးတန် ပတ်လည် လေးထောင့်စပ်စပ်ထဲမှာ အမျိုးသားပြတိုက်ကြီး မဖြစ်သင့်ပေဘူးလား။ သဘာ၀အတိုင်းတည်ရှိနေတဲ့ သစ်ကြီးဝါးကြီးတွေ၊ ရေရှင်စမ်းချောင်းတွေ၊ ရှေးဟောင်းအမွေအနှစ်တွေနှင့် အပန်းဖြေဥယျာဉ်ကြီး မဖြစ်သင့်ပေဘူးလား။ ဒီ အမျိုးသားပြတိုက်ကြီး နှင့် အပန်းဖြေဥယျာဉ်ကြီးအတွင်းကို ပြည်တွင်းသာမက ပြည်ပဧည့်သည်တွေပါ လွတ်လွတ်လပ်လပ် ၀င်ထွက်လေ့လာစေပေါ့ဗျာ..။

အခုတော့……….။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •