မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းနှစ်ခု ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ပျံသန်းမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းနှစ်ခု ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ပျံသန်းမည်
[ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထား]

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းနှစ်ခု ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန် ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည်။

”ပြည်တွင်းလေကြောင်းပြေးဆွဲမှုတွေဟာ စက်တင်ဘာ ၁၁ ရက်ကစပြီး ခေတ္တရပ်နားထားခဲ့တာ အခု ဒီဇင်ဘာ ၁၆ ရက်ကစပြီး ပြန်လည်ပြေးဆွဲခွင့်ပြုထားတယ်၊ ရန်ကုန်လေဆိပ်ကတော့ ဒီဇင်ဘာ ၁၆ ရက်ကတည်းက စတင်ပြေးဆွဲနေတယ်လို့သိရပါတယ်၊ မန္တလေးအပြည်ပြည်လေဆိပ်ကတော့ ဒီဇင်ဘာ ၁၉ ရက်မှ စတင်ပြေးဆွဲ မှာပါ၊ လေဆိပ်မှာလည်း အကောင်းဆုံးဖြစ်အောင် ခရီးသည်တွေ၊ ဝန်ထမ်းတွေ ရောဂါအန္တရာယ်ကင်းပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေမဖြစ်အောင် အစီအမံတွေ ချမှတ်ဆောင်ရွက်နေပါတယ်၊ Golden Myanmar လေကြောင်းလိုင်းနဲ့ KBZ လေကြောင်း စတင်ပျံသန်းဖို့ စီစဉ်နေပါတယ်၊ ရန်ကုန်-မန္တလေး- မြစ်ကြီးနား၊ မြစ်ကြီးနား-မန္တလေး-ရန်ကုန် ခရီးစဉ်ပါ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက Guide Line တွေ ပေးထားတာရှိပါတယ်၊ ခရီးသည်တွေအနေနဲ့ လေယာဉ် လက်မှတ်ဝယ်ပြီး သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ကျန်းမာရေးစစ်ဆေးတဲ့နေရာတွေမှာ သွားရောက်ပြီး RDT Test စစ်ဆေးရမယ်၊ မှတ်ပုံတင်၊ ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ Covid-19 Negative Certificate တွေပြပြီး လေယာဉ်စီးခွင့်ရမှာပါ”ဟု မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးတင်မောင်ကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများကြောင့် ရပ်နားထားရသည့် ပြည်တွင်းလေကြောင်း လိုင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဒီဇင်ဘာ ၁၆ ရက်က စတင်ပျံသန်းခွင့်ပြုထားကြောင်း သိရသည်။

”လေကြောင်းလိုင်းတွေအနေနဲ့ ဆောင်ရွက်ရမှာတွေလည်းရှိပါတယ်၊ လေယာဉ်ပေါ်မှာ လိုက်နာဆောင်ရွက် ရမယ့် SOP ကိုလည်း တိတိကျကျ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်၊ လေဆိပ်ဝင်ပြီဆိုကတည်းက ခရီးသည်တွေ ကို Temperature စစ်မယ်၊ ထိုင်မယ့်နေရာတွေ၊ စစ်ဆေးခံဖို့ တန်းစီမယ့်နေရာတွေ၊ Check in ဝင်မယ့်နေရာတွေ၊ လေယာဉ်ပေါ်တက်ခါနီးနေရာတွေမှာ Social Distancing အတိုင်း အမှတ်အသားတွေ လုပ်ပေးထားပါတယ်၊ လက်သန့်စင်ဆေးရည်တွေ လိုအပ်တဲ့နေရာတိုင်းမှာ ချပေးထားပါတယ်၊ ခရီးသည်တွေ အသုံးပြုတဲ့ သန့်စင်ခန်းတွေကိုလည်း သတ်မှတ်ထားတဲ့ SOP အတိုင်း ပိုးသတ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက် ပါတယ်၊ ခရီးသည်တွေအားလုံးကလည်း မိမိကစပြီး ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေး လမ်း ညွှန်ချက်တွေ၊ စည်းကမ်းတွေအတိုင်းနေပေးဖို့၊ လေယာဉ်ပေါ်ရောက်တဲ့အခါမှာလည်း လေယာဉ်မောင်၊ လေယာဉ်မယ် အဖွဲ့သားတွေရဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်ပေးသွားဖို့ အကြံပြုလိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လေယာဉ် ပြန်လည်ပြေးဆွဲသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် လေကြောင်းဖြင့် ခရီးသွားများ၊ ဝန်ဆောင်မှု ပေးသည့် လေဆိပ်မှဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုများမဖြစ်အောင် လေဆိပ်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလေကြောင်းလိုင်းကို အသုံးပြု၍ ခရီးသွားမည့်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိကို မန္တလေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးများ၌ စစ်ဆေးနိုင်ပြီး စစ်ဆေးမှုအတွက် ငွေကျပ် တစ်သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ လေယာဉ်စီး ခရီးသွားပြည်သူများအနေဖြင့် မှတ်ပုံတင်(သို့) သက်သေခံကတ်ပြား တစ်ခုခု၊ လေယာဉ်လက်မှတ်နှင့်အတူ ၃၆ နာရီအတွင်း စစ်ဆေးထားသည့် COVID-19 Negative Certificate ပါရှိမှသာ လေယာဉ်စီးခွင့် ရရှိမည်ဖြစ်သည်။

မျိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •